Print

အရေပြားသွေးကြောငယ်များရောင်ခြင်း

  30-Oct-2016
Preview Image

အရေပြားရဲ့ သွေးကြောတွေတစ်ကိုယ်လုံးကို လွှမ်းခြုံထားတဲ့ အရေပြားကြီးမှာအရေပြားသွေးကြောတွေကို အကြမ်းအားဖြင့် သုံးမျိုးခွဲထားပါတယ်။ သွေးကြောကြီး၊သွေးကြောလတ်နှင့် သွေးကြောငယ်ဆိုပြီး သွေးကြောတွေရဲ့ အရွယ်အစားပေါ် မူတည်ပြီး ခွဲခွားထားတာပါ။ သွေးကြောကြီးနဲ့ သွေးကြောလတ်တွေ ရောင်ရမ်းတဲ့ ကိစ္စကရှားပါးပါတယ်။ အဖြစ်အများဆုံးကတော့ ဆံခြည်မျှင်သွေးကြောအပါအဝင် သွေးကြောငယ်လေးတွေ ရောင်ရမ်းလို့ဖြစ်ရတဲ့ ပြဿနာတွေ အတွေ့များပါတယ်။အဲဒိလို သွေးကြောငယ်လေးတွေ ရောင်တာမှာလည်း ထပ်ပြီး အမျိုးအစားတွေ အများကြီးခွဲထားပါသေးတယ်။ ဒါပေမဲ့ တစ်စုံတစ်ခုကို တုံ့ပြန်ပြီး သွေးကြောရောင်တဲ့ ပြဿနာကတော့ ပိုပြီးတွေ့ရကြံုရနိုင်ပါတယ်။ ပြောရရင် အလာဂျီဖြစ်ပြီး အရေပြားသွေးကြောငယ်လေးတွေရောင်သွားတဲ့ကိစ္စပါ။

သွေးကြောငယ်တွေရောင်ခဲ့ရင် အခြားကိုယ်အင်္ဂါတွေရဲ့ သွေးကြောရောင်တဲ့ကိစ္စတွေကိုတော့ အများသိကြပြီးသားပါ။ နားယဉ်ပြီးသားပါ။ နှလုံးသွေးကြောရောင်ရင် နှလုံးအားနည်းမယ်၊ ဦးနှောက်သွေးကြောရောင်ရင် ခေါင်းကိုက်မယ်၊ တက်မယ်၊ လေဖြတ်မယ်၊ ကျောက်ကပ်သွေးကြောရောင်ရင် ကျောက်ကပ်ပျက်စီးမယ် စသဖြင့်ဆိုးကျိုးတွေ ကြံုရတာပါ။ ဒါပေမဲ့ အရေပြားရဲ့ သွေးကြောငယ်လေးတွေရောင်တဲ့အခါမှာတော့ ပြောရရင် အသက်နှင့်တော့ဝေးပါတယ်။ အထူးသဖြင့်အလာဂျီဖြစ်ပြီး သွေးကြောရောင်တဲ့ ကိစ္စမျိုးပါ။ ခန္ဓာကိုယ်ရဲ့ အောက်ပိုင်းဖြစ်တဲ့ ခြေသလုံး၊ခြေထောက်မှာ ရောဂါလက္ခဏာတွေ ပြတာပါ။ အဲဒီသွေးခြေဥတာကို လက်နဲ့စမ်းကြည့်ရင် ခပ်ဖောင်းဖောင်းပါ။ စဖြစ်ဖြစ်ချင်းမှာ သွေးခြေဥတာမို့ပါ။ နီနီရဲရဲအစက်အပြောက်အနေနဲ့ တွေ့နိုင်သလို ညိုညိုမည်းမည်း သွေးခြေဥကွက်ကြီးတွေလည်း ဖြစ်နိုင်တာပါပဲ။ ဒါအပြင် အရေပြားမှာ သွေးလုံလောက်စွာ မရတော့ တချို့နေရာတွေမှာ အရေပြားပျက်စီးပြီး အနာဖြစ်ပါလေရော။ နာတာပေါ့။ ရှားရှားပါးပါး သွေးကြောရောင်တဲ့နေရာတွေ အဖုအသီးပေါ်တာမျိုးတွေလည်း ရှိတတ်ပါသေးတယ်။ ဒီတော့ ခြံုပြောရရင်ခြေသလုံး၊ ခြေဖမိုးစတဲ့ နေရာတွေမှာ (ဘယ်၊ ညာနှစ်ဖက်စလုံး)နီနီရဲရဲ သွေးခြည်ဥကွက်၊အညိုအမည်းကွက်၊ ချိုင့်ဝင်ရတဲ့အနာနှင့် အဖုအသီးစုံနေအောင်ကို တွေ့ရနိုင်ပါတယ်။ရောဂါရဲ့ အတိမ်အနက်နှင့် ဖြစ်တဲ့အချိန်ကာလပေါ်မူတည်ပြီး တစ်ယောက်နှင့်တစ်ယောက် ဖြစ်တဲ့လက္ခဏာချင်း ကွဲပြားမှုတော့ ရှိနိုင်ပါတယ်။ ဒီလိုလက္ခဏာတွေဖြစ်ပေမယ့် များသောအားဖြင့် ယားတာ၊ ကိုက်တာခဲတာ ဖြစ်ခဲပါတယ်။ တချို့ဆိုရင် ကိုယ့်ခြေထောက်ကို မြင်မှပဲ သတိထားမိကြတာပါပဲ။ အမှုမဲ့အမှတ်မဲ့ပါ။

ဘာနဲ့ ဓာတ်မတည့်တာလဲ

အခုပြောတဲ့ရေပြားသွေးကြောငယ် ရောင်တဲ့ရောဂါကို ဆေးပညာမှာ အမည်တွေ မျိုးစုံအောင် ပေးထားကြပါတယ်။ လူတစ်ယောက်တည်းကို အမည်တွေ မျိုးစုံမှည့်ခေါ်သလိုပေါ့။ နာမည်တွေက ရှည်လည်းရှည်၊ ရှုပ်လည်းရှုပ်တာမို့ အသုံးများတဲ့အမည်ပဲ ဖော်ပြပါရစေ။ Allergic of Hypersensitivity Vasculitis တဲ့။ အတော်ရှည်ပါတယ်။ ဆိုလိုတာက ဓာတ်မတည့်လို့ သွေးကြောရောင်တာပေါ့။ ဓာတ်မတည့်စေတဲ့ ကိစ္စတွေ

ကတော့ ပိုးတွေဖြစ်တဲ့ ဘတ်တီးရီးယားပိုးတို့၊ ဗိုင်းရပ်စ်ပိုးတို့လည်း ဖြစ်နိုင်တာပါပဲ။ဗိုင်းရပ်စ်ပိုးတို့လည်း ဖြစ်နိုင်တာပါပဲ။ ဗိုင်းရပ်စ်ပိုးတွေ အားလုံးလိုလိုဖြစ်နိုင်ပေမယ့် အသည်းရောင် အသားဝါစီပိုးနှင့် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေကတော့ ဒီပြဿနာကို ပိုပြီးပေးတတ်ပါတယ်။ ဆေးတွေနဲ့ ဓာတ်မတည့်ရင်လည်း သွေးကြောငယ်လေးတွေ ရောင်တတ်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေးတွေ၊ ဆီးဆေးတွေ၊ သွေးကျဲဆေးတွေနဲ့ အကိုက်အခဲပျောက်ဆေးတွေပါ။ အခန်ပမသင့်ရင်ဒီဆေးတွေကြောင့် သွေးကြောငယ်တွေ ရောင်တတ်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက သွေးကြောရောင်တဲ့ လက္ခဏာတွေ့ခဲ့ရင် အရင်ကဘာဆေးတွေ သောက်ဖူးလို့လဲလို့ လူနာကို မေးရပါတယ်။အစားအသောက်တွေကြောင့်လည်း ဓာတ်မတည့်မှုဖြစ်နိုင်တာပါပဲ။ အထူးသဖြင့် ဆိုးဆေးတွေပါတဲ့ အစားအစာတွေပါ။ အစားအသောက်တွေကို အထိန်းမဲ့အကွပ်မဲ့ဆေးဆိုးနေတဲ့ ကျွန်တော်တို့နိုင်ငံမှာ ဒီပြဿနာကို သတိထားစရာပါ။

ဆက်နွှယ်နေတဲ့ရောဂါတွေ

သွေးကြောရောင်နေတဲ့ ပြဿနာဟာအခြားကိုယ်တွင်း အင်္ဂါကြီးတွေနှင့်လည်း ဆက်နွှယ်ပတ်သက်မှုရှိနိုင်ပါတယ်။ SLE ဆိုတဲ့ အရေပြားလေးဖက်နာ Rheumatoid Arthritis ဆိုတဲ့ သွေးလေးဖက်နာတို့နဲ့လည်း တစ်ခါတလေ ဆက်နွှယ်တတ်တာမို့ မသင်္ကာရင် အဲဒီရောဂါတွေလည်းရှိ မရှိ သေချာအောင် ရေဆုံးရေဖျား စစ်ဆေးသင့်ပါတယ်။ နောက်တစ်ချက်က ကိုယ်တွင်းအင်္ဂါတွေရဲ့ ကင်ဆာနှင့်ပတ်သက်မှုပါ။ ဒါကြောင့် တခြားအင်္ဂါတွေ ကင်ဆာရှိမရှိလည်း စစ်ဆေးကြည့်ရင်တော့ အကောင်းဆုံးပါ။ ပြောရရင် သွေးစစ်ဆေးမှုတွေ အများအပြားကို လုပ်ရပါတယ်။ အရေပြားသွေးကြောနှင့်အတူ တခြားကိုယ်အင်္ဂါရဲ့ သွေးကြောတွေပါရောင်တာရှိမရှိ စစ်ဆေးရမှာပါ။ ဥပမာကျောက်ကပ် ကောင်းမကောင်း၊ အသည်းကောင်းမကောင်း စသဖြင့်ပေါ့။ မိုးလေဝသစကားနဲ့ဆိုရရင် နေရာကွက်ပြီး ရွာနိုင်သလို နေရာအနှံ့အပြားလည်း ရွာနိုင်တာမို့ပါ။

သူတို့လည်းသတိထားပါ

ဒီလိုသွေးကြောငယ်တွေ ရောင်တဲ့ကိစ္စက ခြေသလုံးမှာ သွေးကြောထုံးတဲ့သူမှာလည်း ကြံုတတ်ပါတယ်။ ဒါအပြင် သွေးလည်ပတ်မှုနည်းတဲ့သူတွေ အထူးသဖြင့် အညောင်းထိုင်တာတို့၊ ကြာကြာမတ်တတ်ရပ်ရသူတွေတို့လည်း သတိထားရမှာပါ။ အဝလွန်သူတွေလည်း အဆီတွေကြောင့် သွေးပတ်လည်မှုနည်းတာမို့ ဂရုစိုက်သင့်ပါတယ်။ သွေးကြောကို ကျံု့စေတဲ့ ဘီတာဘလော့ကာ ဆေးသုံးစွဲနေရင်လည်းသွေးလျှောက်တာနည်းပြီး ဒီပြဿနာမျိုး ကြံုရတတ်ပါသေးတယ်။ တချို့ကျတော့ အလွန်အေးတဲ့ရာသီဥတုမှာ အခုလို သွေးကြောငယ်ရောင်တာမျိုး ကြံုရလေ့ရျိတာမို့ သင့်တင့်မျှတတဲ့ ပတ်ဝန်းကျင်မှာ နေသင့်ပါတယ်။

ကုသတဲ့နည်းလမ်းတွေ

အရေးကြီးတာက စောစောက ပြောခဲ့သလို နေရာကွက်ပြီး ရွာတဲ့မိုးလား၊ နေရာအနှံ့အပြားရွာတဲ့မိုးလား ဆိုတာကို ခွဲခြားရမှာပါ။ အရေပြားမှာပဲ ကွက်ဖြစ်တာလား ဒါမှမဟုတ် အခြားကိုယ်တွင်းအင်္ဂါသွေးကြောတွေ ကော ထိသလားဆိုတာ စိစစ်ဖို့လိုပါတယ်။ အရေပြားမှာပဲ ဖြစ်တာဆိုရင်တော့ စိုးရိမ်ဖွယ်မရှိပါဘူး။ ပြောရရင် ကုသလို့လွယ်တယ်ပေါ့။ တခြားအင်္ဂါတွေမှာပါ ထိရင်တော့ စနစ်တကျ ကုသရမှာပါ။ ပေါ့လို့မရပါဘူး။ အခြေခံအားဖြင့်တော့ အနားယူရမှာပါ။ အဓိကအချက်ကတော့ခြေထောက်ကို မြှင့်ပြီးအနားပေးပါ။ ကြာကြာမတ်တပ်မရပ်ပါနဲ့။ ဖြစ်ရတဲ့ အကြောင်းအရင်းကိုတတ်နိုင်သမျှရှာပြီး ရှောင်ရှားရမှာပါ။ ဆေးကြောင့်ဆိုရင် ဆေးရပ်၊ အစားကြောင့်ဆိုရင် အစားရှောင်၊ ရောဂါကြောင့်ဆိုရင် ပိုးသတ်ဆေးသောက် စသဖြင့်ပေါ့။ များသောအားဖြင့်တော့ အန်တီဟစ်စတာမင်းဆေးတွေနဲ့ အကိုက်အခြပျောက်ဆေးတွေ မှီဝဲရင် တဖြည်းဖြည်း သက်သာသွားတာများပါတယ်။ ဒါပေမဲ့ ပြင်းထန်တဲ့ အခြေအနေမျိုးဆိုရင်တော့ ဆရာဝန်တွေက စတီးရွိုက်သောက်ဆေး၊ ထိုးဆေးတွေအပြင် ကိုချီစင်း (Colchicine) တို့၊ ကလိုရိုကွင်း (Choloroquine)တို့၊ ဒက်ပ်ဆုံး (Dapsone) တို့ပါညွှန်းလေ့ရှိပါတယ်။ 

ဆရာဝန်ဆီသွားပါ

 

ခြေထောက်နှစ်ဖက်မှာ သွေးခြည်ဥကွက်တွေ၊ ဖောင်းကြွကွက်တွေ၊ အနာတွေ၊ အဖုတွေ ရုတ်ခြည်းပေါ်လာရင်တော့ ဆရာဝန်ဆီသွားပါ။ သွေးကြောရောင်တာလား၊ တခြားရောဂါတွေလား ခွဲခြားဖိုပပါ။ သွေးကြောရောင်တာဆိုရင်လည်း တခြားအင်္ဂါတွေပါ ထိခိုက်သလား၊ မထိခိုက်ဘူးလား ခွဲခြားရဦးမှာပါ။ အပယိကာလည်း ဖြစ်နိုင်သလိုရောဂါကြီးတွေနှင့်လည်း ဆက်စပ်ပြီး အန္တရာယ်လည်းရှိနိုင်တာမို့ ပေါ့ပေါ့ဆဆ မထားသင့်ဘူးလို့ တိုက်တွန်းလိုက်ပါတယ်။

 

Healthcare.com.mm

 

Ref:

ဒေါက်တာဦးကျော်ကျော်

အရေပြားအထူးကုဆရာဝန်ကြီး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18