Print

အရေပြားကင်ဆာ

  30-Oct-2016
Preview Image

လူ့ခန္ဓာကိုယ်ပေါ်ရှိ အရေပြားကို သီးသန့်လွှာ၍ ထုတ်ယူချိန်တွယ်လျှင် ၆ ပေါင်မှ ၉ ပေါင်အထိ အလေးချိန်ရှိသည်။ လူတစ်ယောက်၏ အရေပြားသည် ၂၀ စတုန်ရန်းပေခန့် ကျယ်ဝန်းသည်။ အရေပြားတွင် အပေါ်ယံလွှာ (epidermis)၊ အောက်လွှာ (dermis)၊ အောက်ဆုံးလွှာ (hypodermis) တို့ ပါရှိသည်။ အပေါ်ယံလွှာရှိ ဆဲလ်များသည် နေ့စဉ်သေဆုံးကွာကျပြီး ယင်းတို့ အောက်ရှိ ဆဲလ်သစ်များက ၀င်ရောက်နေရာယူသည်။ အောက်လွှာတွင် သွေးကြောငယ်များ၊ အာရုံကြောများ၊ မွေးညင်းတွင်များ၊ပြန်ရည်ကြောများ၊ ချွေးဂလင်းအကျိတ်များ၊ အဆီပြင်များရှိသည်။ အောက်ဆုံးလွှာတွင် အဆီတစ်သျှူးရှိ၍ အရေပြားနှင့် ကြွက်သားကို ဆက်ပေးထားသည်။ အရေပြားစတုရန်းတစ်ပေပတ်လည်တွင် ဆဲလ် ၈ သန်း၊ ချွေးဂလင်း ၂၅၀ နှင့် ၃၆ ပေရှည်သော အာရုံကြောများ ရှိသည်။ အရေပြား၏ လုပ်ငန်းများမှာ အညစ်အကြေးများကို ခန္ဓာကိုယ်အတွင်းသို့ မဝင်အောင် ကာကွယ်ခြင်း၊ ခန္ဓာကိုယ်အပူချိန် ထိန်းညှိခြင်း၊ ဗီတာမင်ဒီကို ထုတ်လုပ်ပေးခြင်း၊ သွေး၊ ရေ၊ ဆားဓာတ်၊ သကြားဓာတ်နှင့် အဆီဓာတ်တို့ကို သိုမှီသိမ်းဆည်းခြင်းတို့ ဖြစ်သည်။ 

ဖြစ်ပွားမှု 

အရေပြားကင်ဆာသည် အသားဖြူသူများတွင် အများဆုံးဖြစ်ပွားသည့် ကင်ဆာဖြစ်သည်။ ကမ္ဘာတစ်ဝန်း နှစ်စဉ် အရေပြားကင်ဆာဖြစ်ပွားသူ တစ်သိန်း ရ သောင်းခန့်ရှိသည်။ melanoma အမျိုးအစား အရေပြားကင်ဆာဝေဒနာရှင် နှစ်စဉ် ရ၀၀၀ ဦးခန့်ရှိသည်။ အရေပြားကင်ဆာကြောင့် သေဆုံးမှု၏ ရ၅ ရာခိုင်နှုန်းသည် ယင်းအမျိုးအစား အရေပြားကင်ဆာကြောင့် ဖြစ်သည်။ အရေပြားကင်ဆာကိုဆဲလ်အမျိုးအစားပေါ်မူတည်ပြီး အမျိုးအစား ၃ ခု ခွဲထားသည်။ အရေပြားအပေါ်ဆုံးအလွှာရှိ ဆဲလ်များ၌ဖြစ်သော basal cell carcinoma နှင့် squamous cell carcinoma တို့မှာ ကြီးထွားမှုနှုန်းနှေးပြီး အခြားကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့ခြင်း မရှိချေ။ Basal cell carcinoma သည် အရေပြားကင်ဆာ ၃ မျိုးအနက် အဖြစ်အများဆုံးကင်ဆာဖြစ်သည်။ တတိယအမျိုးအစားကို melanoma ဟုခေါ်သည်။ ၄င်းကင်ဆာသည် အရေပြားအရောင်ကို ထုတ်ပေးသည့် မယ်လယ်နိုဆိုဒ် (melanocytes) ခေါ် ဆဲလ်များ၌ ဖြစ်သည်။ မှဲ့ (mole) မှတစ်ဆင့်လည်း ကင်ဆာအဖြစ်သို့ ပြောင်းသွားနိုင်သည်။ Melanoma သည် ခန္ဓာကိုယ်၏ အခြားအင်္ဂါအစိတ်အပိုင်းများဖြစ်သည့် အဆုတ်၊ အသည်းနှင့် ဦးနှောက်တို့ကို သွေးကြောမှတစ်ဆင့် ပျံ့နှံ့နိုင်သည်။ 

ဖြစ်ပွားသည့်အကြောင်းအရင်း

နေပူထဲတွင် နေ့စဉ်အချိန်ကြာမြင့်စွာနေရလျှင် ကာလကြာရှည်လာသောအခါ အရေပြားရှိ ဆဲလ်များမှာ ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုကြောင့် ပျက်စီးကာ အရေပြားကင်ဆာဆဲလ်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ခန္ဓာကိုယ်တွင် မှဲ့များရှိနပါက ၄င်းတို့မှ ကင်အဖြစ်သို့ ပြောင်းလဲနိုင်သည်။ မျိုးရိုးလိုက်တတ်သဖြင့် မိသားစုတွင် အရေပြားကင်ဆာဖြစ်ဖူးသူရှိပါက ဂရုပြုရမည်ဖြစ်သည်။

ရောဂါလက္ခဏာများ

အရေပြားကင်ဆာသည် အသားညိုသူများနှင့် အသားမည်းသူများ၌ ဖြစ်ပွားနှုန်း အလွန်နည်းသည်။ အမျိုးသားများတွင် လည်ပင်း၊ ပခုံးနှင့် ကျောတို့တွင် ဖြစ်ပွားသည်။ အမျိုးသမီးများတွင် လက်မောင်းနှင့် ခြေထောက်တို့တွင် ဖြစ်ပွားသည်။ ခန္ဓာကိုယ်ပေါ်ရှိ မှဲ့များ ပုံသဏ္ဍာန်၊ အရွယ်၊ အရောင်တို့ ပြောင်းလဲမှု ရှိနိုင်သည်။ နာကျင်မှုမရှိသော်လည်း တစ်ခါတစ်ရံ ယားတတ်သည်။ အရေပြားတွင် ကျက်ရန်ခက်ခဲသည့် အနာများရှိလျှင် သတိပြုရမည်။ ယင်းအနာများမှ အရေပြားကင်ဆာသို့ ကူးပြောင်းနိုင်သည်။ မှဲ့၊ သို့မဟုတ်အနာ၏ အနားသတ်လိုင်းများသည် မညီမညာဖြစ်နေနိုင်သည်။

ရောဂါရှာဖွေခြင်း

အရေပြားကင်ဆာဟု ယူဆသည့်နေရာမှ အရေပြားနမူနာ (biopsy) ကိုယူပြီး စစ်ဆေးရသည်။ Melonoma ဖြစ်သည့်အခါ အခြားကိုယ်အင်္ဂါဖြစ်သော အသည်း၊ အဆုတ်နှင့် ဦးနှောက်သို့ ပျံ့နှံ့ရှိမရှိ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းရိုက်ခြင်း၊ CT Scan ရိုက်ခြင်းတို့ကို ပြုလုပ်ရသည်။

ကုသခြင်း

အဓိကအားဖြင့် အရေပြားကင်ဆာ ဖြစ်ပွားသည့်နေရာအား ထုံဆေးသုံးပြီး ခွဲစိတ်ဖယ်ရှားခြင်းဖြင့် ကုသသည်။ ထို့အပြင် အောက်ပါနည်းများကိုသုံး၍ ကုသမှုပေးသည်။

 

(၁) လေဆာသုံး၍ ကုသခြင်း

(၂) photodynamic therapy

(၃) cryosurgery

(၄) chemotherapy

(၅) radiotherapy

 

လေဆာရောင်ခြည်ဖြင့် ကုသမှုတွင် အရေပြားကင်ဆာဖြစ်သည့်နေရာအားလေဆာရောင်ခြည်၏ အပူဓာတ်ဖြင့် လောင်ကျွမ်းစေသည်။ နိုက်ထရိုဂျင်ဓာတ်ငွေ့အရည်ကို ကင်ဆာအကျိတ်ပေါ် လိမ်းခြင်းဖြင့် အကျိတ်ကို ခဲစေ၍ ကင်ဆာဆဲလ်များအား သေစေသည်။ အကျိတ်သည် ရှုံ့တွပြီး ကြွေကျသည်။ Photodynamictherapy ကို basal cell carcinoma ကုသရာ၌ သုံးသည်။ လိမ်းဆေးတစ်မျိုးကို လိမ်းပြီး ကင်ဆာကျိတ်၏ တုံ့ပြန်မှု ထက်မြက်စေသည်။ ထို့နောက် တောက်ပသည့် အလင်းရောင်အောက်တွင် ထားသည်။ အကျိတ်ကို ပျက်စီးစေသည်။ ဆေးသွင်းကုသခြင်းကို melanoma အခြားအင်္ဂါများသို့ ပျံ့နှံ့မှုရှိလျှင် အသုံးပြုသည်။

ကာကွယ်ရေး

အရေပြားကင်ဆာ ဖြစ်ပွားခြင်းမှ ကာကွယ်ရန် နေရောင်အောက်တွင် ကြာရှည်နေခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ နေရောင်အောက်သွားလျှင် အဝတ်များကို လုံလုံခြုံခြံု ၀တ်ထားသင့်သည်။ ခန္ဓာကိုယ်ရှိ မှဲ့မျျား ပုံသဏ္ဍာန်၊ အရွယ်၊ အရောင်၊ အနားပြောင်းလဲမှုရှိ မရှိ အမြဲဂရုပြုစောင့်ကြည့်ရန် လိုအပ်သည်။ တစ်ခုခုပြောင်းလဲမှု၇ှိလျှင် ဆရာဝန်ထံ ပြသရမည်ဖြစ်သည်။

 

Ref:

ဒေါက်တာအောင်သန်း

( အဖြစ်များသော ကင်ဆာရောဂါများစာအုပ်မှ ကော်နှုတ်ဖော်ပြထားပါသည်။ )



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18