Print

အနာစိမ်း ( Boils )

  30-Oct-2016
Preview Image

အရေပြားပေါ်တွင် နီရဲ၊ နာကျင်သော အနီဖုကလေးထွက်လာမည်။ ပြည်အောင်းလာသည်နှင့်အမျှ မန်းလိုက်ရောင်ရမ်းလာမည်။ ကိုင်ကြည့်လျှင် အနာက ပူနွေးနေကာ သွေးခုန်သကဲ့သို့ ခံစားရမှုမျိုးလည်း စမ်းသပ်တွေ့ရှိနိုင်သည်။ ဆံပင်ရင်း၊ အမွေးအမှင်အရင်းရှိ အဆီအိတ် သိုပမဟုတ် အဆီဂလင်းန်များအတွင်း ပိုးဝင်ရာကပြည်အောင်းလာသော အနာ။ တင်ပါး၊ ပေါင်၊ ချိုင်းကြား၊ မျက်နှာနှင့် လည်ပင်းတို့တွင်ပေါက်တတ်သည်။ အနာစူလာပြီး ပေါက်သွားလျှင် ပြည်ထွက်လာတတ်သည်။ အချို့လည်းပြည်မဖြစ်ဘဲ နီရဲရောင်ရမ်းလာရာက အလိုအလျောက် ပြန်ပိန်ကာ ပျောက်ကင်းသွားတတ်သေးသည်။ တစ်ခါတစ်ရံ အနာစိမ်းကလေးများစုကာ အနာပေါက်ဝ အများကြီးနှင့် အနာကြီးတစ်နာ ဖြစ်လာတတ်သည်။ သွေးချို၊ ဆီးချိုသမားများတွင်ဖြစ်တတ်သည်။ မြန်မာတို့က ယင်းအနာကို အနာပဆုပ်ဟု ခေါ်လေ့ရှိသည်။

ဆရာဝန်နှင့် အရင်ပြရန်

• အနာပဆုပ်ဟု ထင်လျှင်။

• သင့်တွင် ဆီးချို၊ သွေးချိုရောဂါရှိလျှင်။

မိမိဘာသာ ဆောင်ရွက်နိုင်သော ကိစ္စများ

အနာအကိုက် သက်သာပြီး အနာအကျက် မြန်စေရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။

• ပါရာစီတမောကဲ့သို့သော အကိုက်အခဲပျောက်ဆေးများ သောက်နိုင်သည်။

• အနာကိုနေ့စဉ်ရေ၊ ဆပ်ပြာတို့ဖြင့် ဆေးပေးပါ။ အနာသူ့ဘာသာ ရေခြောက်သွားအောင် ထားပါ။

• အနာစူလာစေရန် နေ့စဉ် ရေနွေးဖတ် ခဏခဏ အုပ်ပေးပါ။

• အနာကို မကလိရ၊ မဆွရ၊ မညှစ်ရ၊ အပ်ဖြင့်မဖောက်ရ။ ပိုးပိုပျံ့စေနိုင်သည်။ ယင်းဘာသာဆူလာပြီး ပေါက်သွားပါစေ၊ သို့မဟုတ် ယင်းဘာသာ ပြန်ချပ်သွားပါစေ။

• အနာပေါက်သွားပါက ဂေါ့စ်အစ (ပတ်တီးစခေါက်) ဖြင့် အုပ်ထားပါ။ ပတ်တီးစခေါက် နေ့စဉ်လဲပါ။ အနာကျက်သည် အထိ ယင်းနည်းအတိုင်း ဆောင်ရွက်ပါ။

• အနာမကူးစေရန်အတွက် မျက်နှာသုတ်ပုဝါ၊ တဘက်သီးသန့် ထားသုံးပါ။

• အိပ်ရာခင်း၊ ခေါင်းအုံးစွပ် စသည်တို့တွင် ပြည်၊ သားနံရည်တို့ စွန်းပေပါကရေနွေးဖြင့် ပြုတ်လျှော်ပါ။

• အနာကို ပတ်တီးစခေါက်၊ ပလာစတာ စသည်တို့ဖြင့် အုပ်ကာ ထားသော်လည်း အနာကို ကိုင်မိပါက လက်ကို ရေ၊ ဆပ်ပြာတို့ဖြင့် စင်ကြယ်အောင်ဆေးပါ။ အစားအသောက်၊ သား၊ ငါး၊ သီးနှံများကို မကိုင်တွယ်ခင်မှာလည်း လက်ကို စင်စင်ဆေးပါ။ အနာစိမ်းဖြစ်စေသော ဘတ်တီးရီးယားပိုးကား အစာအဆိပ် သင့်မှုကိုလည်းဖြစ်ပွားစေတတ်သည်။

• အနာ မပျောက်မချင်း အားကစား၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ မလုပ်ရ။

အိမ်သုံးဆေး

အကိုက်အခဲ ပျောက်ဆေးများ (ဥပမာ ပါရာစီတမောလ်) အနာအကိုက်အရောင် သက်သာစေသည်။ 

လက်တွေ့နည်းများ

• ရေနွေးဖတ်ကပ်ခြင်း။

• အနာစူ၍ ပြည်ပေါက်သွားစေရန် တစ်နေ့လေးကြိမ် ကပ်ပေးပါ။

• အဝတ်သန့်သန့် တစ်စသို့မဟုတ် တဘက်ငယ်တစ်ခုကို ရေနွေးထည့်ထားသော ဇလုံထဲသို့ နှစ်စိမ်ပါ။ ပြီးလျှင်ရေညှစ်ပစ်ပြီး အနာပေါ် အုံပေးပါ။ ယင်းနည်းအတိုင်း နာရီဝက် ကြာကပ်ပါ။ ရေနွေးအေးသွားပါက ရေလဲပစ်ပါ။

• အနာကို ပတ်တီးစခေါက်တင်ကာ ပလာစတာ ကပ်ထားပါ။

• ရက်အတန်ကြာ ယင်းသို့ဆောင်ရွက်ပါက ပြည်ပေါက်သွားပါမည်။ 

ဆရာဝန်နှင့် ဆက်ပြရန်

• ယင်းသို့ ဆောင်ရွက်၍ တစ်ပတ်ခန့် ကြာသည့်တိုင် အနာချပ်မသွားလျှင်

• အလွန်ကိုက်ခဲ နာကျင်ရောင်ရမ်းကာ အနာကြီးလာလျှင်

• မကြာခဏ အနာစိမ်းထွက်တတ်၊ ပေါက်တတ်လျှင်

• အနာပေါက်ပြီး ကိုယ်လက် မအီမသာ ဖြစ်ကာဖျားလာလျှင်

 

ံHealthcare.com.mm

 

Ref: အိမ်သားသမားတော်

ဒေါက်တာသန်းထွဋ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18