Print

ဘာမှန်းမသိ ဖြစ်တတ်သည့် အရေပြားပေါ်က ပွေး

  30-Oct-2016
Preview Image

အရေပြားအပေါ်ယံအလွှာတွင်ဖြစ်သော အရေပြားမှိုဖြစ်ပြီး အရေပြား၊ ဆံပင်နှင့် လက်သည်း၊ ခြေသည်းများပေါ် တွင် ဖြစ်ပွားတတ်ပါသည်။

ပွေးကူးပုံကူးနည်း …..

ပွေးဖြစ်နေသော လူကို ထိတွေ့ကိုင်တွယ်ခြင်းဖြင့် ကူးနိုင်ပါသည်။ အချို့မှိုများသည် စိုစွတ်သော မျက်နှာပြင်များ (ဥပမာ အများသုံးရေချိုးခန်း၊ အများသုံးပစ္စည်းထားခန်း စသည်တို့၏ နံရံများ) ပေါ်တွင် ရှိနေတတ်ပါသည်။ ထိုနေရာများ မှ အလွယ်တကူပွေးကူးနိုင်ပါသည်။ ခွေးများ၊ ကြောင်များနှင့် လယ်ယာသုံး တိရိစ္ဆာန်များတွင် မှိုရှိနေတတ်ပြီး အမွှေး ကျွတ်နေသော အကွက်အဖြစ် တွေ့ရတတ်ပါသည်။

ပွေးဖြစ်နို်င်သော ခန္ဓာကိုယ်အစိတ်အပိုင်း.....

မည်သည့်ခန္ဓာကိုယ်အစိတ်အပိုင်းတွင်မဆို ဖြစ်နို်ငပါသည်။ ကိုယ်၊ လက်၊ ခြေ၊ လက်သည်းခြေသည်း၊ ဆံပင်၊ ဦးရေပြား စသည်ဖြင့် နေရာအနှံ့ ဖြစ်နို်င်ပါသည်။ စိုစွတ်သောနေရာများတွင် ဖြစ်ရန်ပိုလွယ်ပြီးခြေချောင်းများအကြား၊ ပေါင်ခြံစသည်တို့တွင်အဖြစ်များပါသည်။ ဆံပင်နှင့် ဦးရေပြားတွင် ဖြစ်ပွားပါက ယားယံသော အနီကွက်အဖြစ် တွေ့ရတတ်ပြီး ဆံပင်ကျွတ်နေသော အကွက်လည်းဖြစ်နိုင်ပါသည်။ ဦးခေါင်းတွင်ဖြစ်သော ပွေးကို ဒက်ဟုခေါ်ပြီး ကလေးများတွင် အဖြစ်များပါသည်။ခြေသည်းများတွင် လက်သည်းများထက်ပို၍ အဖြစ်များပါသည်။ လက်သည်းခြေသည်းများ မှိုစွဲလျှင် ထူလာပြီး အရောင်ပြောင်းလာတတ်ပါသည်။ ကျွတ်ဆတ်လာတတ်ပြီး ပုံသဏ္ဍာန် ပြောင်းလာပါသည်။ လက်ထိပ်ခြေထိပ်များ နာတတ်ပါသည်။ အသက် ၆၀ ကျော်သူများ၊ ဆီးချိုသွေးချိုရှိသူများနှင့် သွေးလှည့်ပတ်မှုရောဂါ ရှိသူများတွင် အဖြစ်များပါသည်။ လက်များ မကြာခဏ စိုစွတ်နေရသူများ (ဥပမာ စားသောက်ဆိုင်များတွင် ပန်းကန်ဆေးသူများ၊ အိမ်သန့်ရှင်းရေး လုပ်သားများ) တွင်လည်း အဖြစ်များပါသည်။

ပွေးဘယ်လိုကု…..

ပေါင်ခြံတွင်ဖြစ်သော ပွေးဆိုလျှင် ရက်သတ္တပတ် အနည်းငယ်ကြာ ဆေးလိမ်းခြင်းဖြင့်ပျောက်ကင်းနိုင်ပါသည်။ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများတွင် ဖြစ်သောပွေးဆိုလျှင်သောက်ဆေးလိုပါလိမ့်မည်။ ၆ ပတ် မှ ၆ လ သို့မဟုတ် ထို့ထက်ကြာအောင်အထိဆေးသောက်ရပါသည်။ လိမ်းဆေးသက်သက်ဖြင့် လက်သည်းခြေသည်းမိပျောက်ကင်းအောင်ကုသရန် မဖြစ်နိုင်ပါ။ ကုသပြီးလျှင် ပုံမှန်အရေပြာ၊ လက်သည်းခြေသည်းနှင့်ဆံပင်များ ပြန်ဖြစ်လာပါလိမ့်မည်။ အချို့သောက်ဆေး များ မသောက်မီ သွေးစစ်ဆေးမှု အနည်းငယ်ပြုလုပ်ရန် လိုအပ်ပါသည်။

ပွေး ဘယ်လိုတား…...

သန့်ရှင်းခြောက်သွေ့နေသော အရေပြားသည် အကောင်းဆုံး အတားအဆီးဖြစ်ပါသည်။

အောက်ပါတို့ကို လိုက်နာခြင်းဖြင့် ပွေးဖြစ်ပွားမှုကို လျော့ချနိုင်ပါသည်။

၁။ အတွင်းခံများကို နေ့စဉ်လဲပါ။

၂။ အများနှင့်ဆိုင်သော နေရာများတွင် ဖိနပ်မပါဘဲ လမ်းလျှောက်ခြင်းကို ရှောင်ဉ်ပါ။

၃။ ပူနွေးသောရာသီဥတုများတွင် ထူထဲသောအဝတ်များ ကြာရှည်ဝတ်ထားခြင်းကို ရှောင်ခြင်းဖြင့် တတ်နိုင်သမျှ ချွေးမထွက်အောင် နေပါ။

၄။ အချစ်တော်တိရိစ္ဆာန်များတွင် အမွေးကျွတ်နေသော အကွက်များရှိ၊ မရှိ ရှာပါ။ တိရိစ္ဆာန်ဆေးကု ဆရာဝန်နှင့် ပြသစစ်ဆေးပါ။

၅။ အများသုံး ရေချိုးခန်းများတွင် ရေချိုးပြီးလျှင် ခြေထောက်များကို ခြောက်သွေ့အောင်

သေချာသုတ်ပါ။

၆။ ဟောင်နွမ်းနေသော လေ့ကျင့်ခန်းသုံး ရှူးဖိနပ်များကို မသုံးပါနှင့်၊ အခြားသောသူများ၏ လေ့ကျင့်ခန်းသုံး ရှူးဖိနပ်များကို ငှားမသုံးပါနှင့်။

၇။ ရှူးဖိနပ်စီးသူဖြစ်လျှင် အိမ်ရောက်လျှင် ဖိနပ်ချွတ်ထားပါ။

 

Ref:

အရေပြားရောဂါများအကြောင်း တစေ့တစောင်း

ဒေါက်တာခိုင်ခိုင်ဇော်

Pg, 73-76



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18