Print

နေရောင်ခြည် ကာကွယ်ခြင်း

  16-Sep-2020
Preview Image

(၁) နေ့စဉ်သုံးစွဲရတာ လွယ်ကူအဆင်ပြေနေရမယ်။ သုံးစွဲသူတွေရဲ့ အရေပြားအခြေအနေအလိုက် သင့်လျော်မှုရှိရမယ်။ ပုံမှန်အသားအရေ၊ ခြောက်သွေ့အသားအရေတွေအတွက် နေကာတာအပြင် ရေစိုဓာတ်ထိန်းပေးနိုင်ရမယ်။ အဆီပြန်တဲ့ အသားအရေဆိုရင် နေကာပေးသလို အဆီမပြန်စေရဘူး။ မတည့်တာလည်း မဖြစ်စေရဘူး။

(၂) နေကာနံပါတ် SPF – 15 အနည်းဆုံး ရှိသင့်တယ်။

(၃) Broad – Spectrum လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီ နှစ်မျိုးလုံးကို ကာကွယ်ပေးရမယ်။


ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ (Antioxidants) တွေက နေရောင်ခြည်ရော ကာကွယ်ပေးပါသလား။ ကြော်ငြာတွေ၊ မီဒီယာတွေမှာ ဖတ်ရ ကြားရလို့ပါ။

          ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ နေကာလိမ်းဆေးတော့ မဟုတ်ဘူး။ ဒါပေမယ့် နေရောင်ထိလို့ အရေပြားရောင်ရမ်းပြီး ထွက်လာတဲ့ မကောင်းတဲ့ဓာတ်တိုးပစ္စည်းတွေကိုတော့ ကာကွယ်ပေးတယ်။ တစ်နည်း နေကြောင့် ရောင်ရမ်းမှုကိုတော့ ကာကွယ်ပေးတယ်။ ဒါပေမယ့် နေကာပစ္စည်းတော့ မဟုတ်ဘူး။


မိတ်ကပ်၊ ဖောင်ဒေးရှင်းတွေမှာလည်း နေကာပါတတ်တယ်။ အဲဒါနဲ့ပဲ ရမလား။

          လိမ်းချင်ရင်တော့ လိမ်းနိုင်ပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ နေရောင်ကာကွယ်မှုရအောင်တော့ လုံလုံလောက်လောက် လိမ်းရမယ်။ ဒါပေမယ့် ဖောင်ဒေးရှင်းက လိုသလောက်ပဲ လိမ်းကြတဲ့အတွက် နေကာပစ္စည်း ပမာဏ နည်းနေတာမျိုး ဖြစ်တတ်တယ်။


နေစိုခံနေကာလိမ်းဆေး (Water – resistant Sunscreen) လိမ်းရင်ရော ပိုကောင်းမလား။

          အမြဲလိမ်းလို့ မကောင်းဘူး၊ သူ့နေရာနဲ့သူ လိမ်းရတာပါ။ ရေကူးတဲ့အခါ၊ ကမ်းခြေသွားတဲ့အခါ၊ ချွေးအလွန်ထွက်တဲ့အခါမျိုးတွေမှာ ရေစိုခံနေကာက ကောင်းတယ်။ ဒါတောင် ကလေးတွေဆိုရင် ၆ နှစ်ကျော်မှ စိတ်ချလက်ချလိမ်းသင့်တယ်။ ငယ်တဲ့ကလေးတွေမှာ အလာဂျီဖြစ်တတ်သေးတယ်။

          အမြဲလိမ်းလို့ မကောင်းဘူးဆိုတာက ရေစိုခံနေကာတွေဟာ ပိုပျစ်တယ်၊ အဆီပိုပါတယ်။ ဓာတုပစ္စည်းပိုသုံးရတယ်။ ဒါကြောင့် မွေးညင်းပေါက်ပိတ်တတ်တယ်။ ဆားဝက်ခြံထွက်တတ်တယ်။ ဝက်ခြံသမားတွေ ပိုဆိုးတတ်တယ်။

          ရေစိုခံလို့ ဆိုလိုရာမှာလည်း ရာနှုန်းပြည့် ရေစိုခံတယ်ဆိုတာ မရှိဘူး။ ရေစိုခံလို့ ပြောနိုင်ဖို့ရာမှာလည်း ရေထဲမှာ မိနစ်လေးဆယ်ကြာပြီးသည့်တိုင်အောင် နေကာအာနိသင်ရှိဖို့ လိုပါတယ်။ ဒါမှ တကယ် ရေစိုခံအစစ်ပါ။


မျက်နှာလိမ်းနေကာနဲ့ ခန္ဓာကိုယ်လိမ်းနေကာပစ္စည်းတွေရော ကွာခြားမှု ရှိသလား

          မျက်နှာနေကာလိမ်းဆေးက အဆီပိုနည်းတယ်။ ဒါမှသူ့အပေါ်မှာ မိတ်ကပ်ထပ်လိမ်းလို့ လွယ်မှာလေ။ နောက်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ဗီတာမင်နဲ့ တခြားပစ္စည်းတွေလည်း ပါတတ်သေးတယ်။

          ခန္ဓာကိုယ်နေကာလိမ်းဆေးက ပိုပျစ်တယ်၊ ရေစိုခံတာများတယ်။ ရေစိုခံမှ ချွေးထွက်ရင် အာနိသင်မပျက်မှာပါ။


အချိန် ဘယ်လောက်ကြာရင် ပြန်သိမ်းသင့်ပါသလဲ

          နေရောင်တိုက်ရိုက်အောက်မှာနေရင်၊ အလုပ်လုပ်ရရင် နှစ်နာရီခြား ပြန်လိမ်းပေးရင် အကောင်းဆုံးပဲ။ ရေကူးပြီးရင်၊ ချွေးအလွန်ထွက်တတ်ရင်လည်း ချက်ချင်းပြန်လိမ်းပေးသင့်တယ်။

          တစ်နေကုန် ရုံးမှာ၊ အထဲမှာပဲ ရှိတယ်ဆိုရင်တော့ မနက် ရုံးအသွားမှာ တစ်ခါလိမ်းပေးရင် ရပါတယ်။


တိမ်ထူတဲ့နေ့တွေမှာ နေရောင်ဒဏ်ခံရတာ နည်းမလား။

          မထင်ပါနဲ့။ ကွာရင်လည်း နည်းနည်းလောက်ပါ။ နေရောင်ဒဏ် တစ်နည်း၊ ခရမ်းလွန်ရောင်ခြည်ပြင်းအားအတွက် UV Index (ခရမ်းလွန်ရောင်ခြည်ကြိမ်နှုန်း) ဆိုတာရှိတယ်။ မိုးလေဝသထုတ်ပြန်ချက်တွေမှာပါတယ်။ အဲဒါကိုကြည့်ရင် ပိုအဆင်ပြေလိမ့်မယ်။


အဝတ်အစားတွေကရော နေရောင်ကာကွယ်ပေးပါသလား။

          နွေရာသီမှာ အိုက်လို့ ချည်ထည်ပါးပါးလေးတွေ၊ တီရှပ်လက်တိုတွေ ဝတ်ကြတယ်လေ။ အဲဒါတွေက နေရောင်မကာကွယ်နိုင်ဘူး။

          အခုနောက်ပိုင်း နေရောင်ကာ SPF နံပါတ်ပါတဲ့ အဝတ်အစားတွေ ထုတ်လုပ်လာကြတယ်။ အထူးသဖြင့် အားကစားဝတ်စုံတွေမှာပါ။

          ယေဘုယျအားဖြင့်တော့ အဖြူရောင်၊ အရောင်ဖျော့၊ ချည်သားကျစ်ကျစ်ရက်ထားတဲ့ အစတွေဟာ နေရောင်ကို ရောင်ပြန်လွှတ်ပြီး အပူလျော့စေတယ်။ ဦးထုပ်နဲ့ နေကာမျက်မှန်လည်း အမြဲသုံးသင့်တယ်။

Credit : ဒေါက်တာ စိုးဝင်းဦး (အရေပြားအထူးကုဆရာဝန်ကြီး)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18