Print

မှန်ကန်သော မျက်နှာသန့်စင်မှု နည်းလမ်းအတိုင်းလိုက်နာပါ

  31-Aug-2019
Preview Image

          မှန်ကန်တဲ့ မျက်နှာသန့်စင်နည်းကို အသုံးပြုတာက အရေပြားထိန်းသိမ်းမှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ မျက်နှာသန့်စင်ရာမှာ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားကို စင်ကြယ်အောင် သန့်စင်ဆေးကြောပေးဖို့ လိုပေမယ့် အလွန်အကျွံသန့်စင်တာမျိုးက အရေပြားခြောက်သွေ့မှုကို ဖြစ်စေပါတယ်။ သန့်စင်ပစ္စည်းအသုံးပြုရာမှာ ဓာတုပစ္စည်းမပါဝင်ဘဲ အက်စစ်- အယ်လ်ကာလီ မျှခြေဖြစ်နေတာမျိုးဖြစ်ရပါမယ်။


သဘာဝပါဝင်ပစ္စည်းများကိုသာ အသုံးပြုပါ

          အခုခေတ်မှာ သဘာဝပါဝင်ပစ္စည်းတွေကို အသုံးပြုထားတာ၊ သြော်ဂဲနစ်ပစ္စည်းတွေ အသုံးပြုထားတယ်ဆိုတာတွေ ခေတ်စားလာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဓာတုပစ္စည်းတွေနဲ့ ဖော်စပ်ထားတာတွေက အရေပြားကနေတစ်ဆင့် သွေးကြောထဲကို ဝင်ရောက်သွားပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေတာကြောင့်ပါ။ သဘာဝအသီးအနှံတွေနဲ့ မျက်နှာပေါင်းတင်တာ၊ ကြေးချွတ်တာတွေ ပြုလုပ်ပါ။


အလှမပျက်အောင် အိပ်စက်ပါ

          ပုံမှန်အိပ်စက်မှုရှိတာက သင့်အလှတရားကို ဖြည့်စွက်ပေးပါတယ်။ တစ်ညကို ရှစ်နာရီအိပ်စက်ပါ။ အိပ်ရာမဝင်မီ မျက်နှာပေါ်က မိတ်ကပ်နဲ့ အညစ်အကြေးတွေကို သန့်စင်ဆေးကြောပါ။ ချည်သားခေါင်းအုံးစွပ်က ပါးပြင်ပေါ်က အစိုဓာတ်ကို စုပ်ယူနိုင်တာကြောင့် ပိုးသားခေါင်းအုံးစွပ်ကို အသုံးပြုပါ။ မျက်နှာမှာ အရေးအကြောင်းများမဖြစ်စေရန် ပက်လက်အိပ်စက်ပါ။


ရေဓာတ်ပြည့်ဝနေအောင် ထိန်းသိမ်းပါ

          ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးပါက အသားအရေခြောက်သွေ့သူတွေသာမကဘဲ အဆီပြန်သူတွေမှာလည်း သိသိသာသာ ခံစားရတတ်ပါတယ်။ ဘယ်လိုအသားအရေမျိုးမဆို အစိုဓာတ်ကို ပုံမှန်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အစိုဓာတ်ထိန်းခရင်မ် လိမ်းတဲ့အခါ အရေးအကြောင်းဖြစ်လွယ်တဲ့ မျက်ဝန်းတစ်ဝိုက်၊ လည်ပင်းနဲ့ လက်တွေကို သေချာစွာ လိမ်းပေးပါ။


ရေကြာကြာ မချိုးပါနဲ့

          အရေပြားပေါ်မှာ အကာအကွယ်ပေးထားတဲ့ အဆီလွှာရှိပြီး အစိုဓာတ်တွေအပြင် မထွက်သွားအောင် ထိန်းပေးပါတယ်။ ရေအကြာကြီးချိုးတာ၊ ကြက်သီးနွေးရေမဟုတ်ဘဲ အပူများတဲ့ ရေချိုးတာတွေက အရေပြားမှာရှိတဲ့ အဆီတွေကို ဖယ်ရှားလိုက်တာကြောင့် အသားအရေခြောက်သွေ့ပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေပါတယ်။ အသားအရေနူးညံ့စိုပြည်ပြီး နုပျိုလှပနေစေဖို့ ရေအကြာကြီးချိုးတာကိုရှောင်ပါ။ မျက်နှာကို တစ်နေ့တစ်ကြိမ်သစ်ပါ။ ရေနွေးနွေးနဲ့ ရေချိုးပါ။


အလှပြင်ရာတွင် အသုံးပြုသော ဘရပ်ရ်များကို သန့်ရှင်းပါ

          သင်မိတ်ကပ်လိမ်းရာမှာ နေ့စဉ်အသုံးပြုနေတဲ့ ဘရပ်ရှ်၊ တို့ဖတ်စတာက ဘက်တီးရီးယားတွေ အများဆုံးကပ်ငြိနေနိုင်တာကြောင့် ဒါတွေကို မကြာခဏ ဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်စတာတစ်မျိုးမျိုးနဲ့ ရေနွေးအသုံးပြုပြီး သန့်စင်ပါ။


နေထိုင်မှုပုံစံ ပြောင်းလဲကျင့်သုံးပါ

          အများစုက လှပနုပျိုဖို့ တန်ဖိုးကြီး အလှပြင်ပစ္စည်းတွေကို ဝယ်ယူအသုံးပြုတတ်ကြပါတယ်။ တကယ်တော့ သင့်အလှတရားကို ပြီးပြည့်စုံစေတဲ့ နည်းလမ်းကောင်းကို လုပ်ဆောင်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ သိပ်ကို လွယ်ကူတဲ့ နည်းလမ်းပါ။ သင့်ရဲ့ နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်ရုံပါ။ ဆေးလိပ်၊ အရက်၊ သကြား၊ ဆားနဲ့ ညဉ့်နက်မှအိပ်ရာ ဝင်တာတွေက သင့်ကို အိုမင်းရင့်ရော်မှုဖြစ်စေတဲ့ အကြောင်းတွေ ဖြစ်တာကြောင့် ဒါတွေကို သတိနဲ့ ဆင်ခြင်ဖို့လိုပါတယ်။


SPF ပါသော နေရောင်ကာခရင်မ် နေ့စဉ်လိမ်းပါ

          အရေးအကြောင်းတွေ ဖြစ်လာမှ အသားအရေထိန်းသိမ်းတာထက် မဖြစ်ခင်က ကြိုတင်ကာကွယ်တာက ပိုမိုထိရောက်မှုရှိပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့တာက အရေးအကြောင်းဖြစ်စေတဲ့အကြောင်းတစ်ချက်ပါ။ အိမ်အပြင်ထွက်တဲ့အခါ ခရမ်းလွန်ရောင်ခြည်တွေကို ကာကွယ်နိုင်အောင် အနည်းဆုံး SPF – 15 ပါတဲ့ နေရောင်ကာခရင်မ်လိမ်းပါ။


မိတ်ကပ်အသစ်လဲလှယ်အသုံးပြုပါ

          မိန်းကလေးအများစုက အသုံးပြုနေတဲ့ မိတ်ကပ်ကုန်သွားမှာသာ နောက်ထပ်မိတ်ကပ်တစ်ဘူးဝယ်ပြီး အသုံးပြုတတ်ပါတယ်။ မိတ်ကပ်ကို အသုံးပြုသင့်တဲ့ အချိန်ကာလကျော်လွန်ပြီး အသုံးပြုတာ၊ မိတ်ကပ်လိမ်းရာမှာ အသုံးပြုတဲ့ ဘရပ်ရှ်တွေ သန့်ရှင်းမှုမရှိတာတွေကြောင့် မိတ်ကပ်မှာ ဘက်တီးရီးယားတွေ ပေါက်ပွားနိုင်ပါတယ်။ မျက်လုံးအတွင်း ပိုးဝင်တာမဖြစ်အောင် မျက်တောင်ကော့ဆေးရည်ကိုလည်း ခြောက်လထက်ပိုပြီး အသုံးမပြုသင့်ပါ။ တခြားအလှပြင် ပစ္စည်းတွေကိုလည်း ၁၈လထက် ကျော်လွန်ပြီး အသုံးပြုတာမျိုးကို ရှောင်ပါ။


Credit : ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18