Print

နုပျိုလှပဖို့ လိုက်နာရမည့်နည်းလမ်းခြောက်သွယ်

  26-Aug-2019
Preview Image

          ပလတ်စတစ်ခွဲစိတ်ပြုပြင်ခြင်း၊ အရေပြား၏ အရေးအကြောင်းအတွန့်များကို Botox ထိုးပေးခြင်း၊ ကိုလာဂျင်ဖြင့် နှုတ်ခမ်းလှပစေခြင်း စသည်တို့ကို မေ့လိုက်ပါ။ အသက်အရွယ်ကြီးလာသော်လည်း လှဆဲ၊ ပဆဲ၊ နုပျိုဆဲဖြစ်ဖြစ်ဖို့အတွက် နည်းလမ်းခြောက်သွယ်ကို လိုက်နာရန်သာ လိုအပ်မည် ဖြစ်ပါသည်။ အရွယ်တင် နုပျိုလှပဖို့ သင်လိုက်နာရမည့် နည်းလမ်းခြောက်သွယ်မှာ -  

 

(၁) တည့်မတ်သော အနေအထားမှာနေပါ

          လူကြီးများက ပျင်းရိလေးလံစွာနေထိုင်ခြင်းကို တားမြစ်ကြသည်။ ခန္ဓာကိုယ်ကွေးညွတ်၍ ပျင်းပျင်းအနေအထားမျိုး မနေသင့်ပေ။ အမျိုးသမီးများသည် အသက် ၄၀ ကျော်လာခဲ့ပြီဆိုပါက နှစ်စဉ် အရိုးများ၏ သိပ်သည်းမှုမှာ ဝ.၅ မှ ၁.၀ ရာခိုင်နှုန်းကျလာသည်။ သွေးဆုံးပြီဆိုလျှင် ၃ မှ ၇ ရာခိုင်နှုန်းထိပင် သိပ်သည်းမှုလျှော့နည်းလာကြောင်း တွေ့ရသည်။ လေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းသည် အရိုးများ သိပ်သည်းမှု လျော့ကျမသွားစေရန် ထိန်းသိမ်းကာကွယ်နိုင်သည်။ ခန္ဓာကိုယ်အနေအထားများတွင် တည့်မတ်မှန်ကန်မှုရှိရန် အရေးကြီးပေသည်။ ခန္ဓာကိုယ်အနေအထားများတွင် တည့်မတ်မှန်ကန်မှုရှိရန် အရေးကြီးပေသည်။ ထိုင်ခြင်း၊ ထခြင်း၊ လမ်းလျှောက်ခြင်း၊ အိပ်စက်ခြင်း စသည်တို့ အားလုံးပင် မှန်ကန်သော အနေအထား ရှိရပါမည်။

 

(၂) လှပသောအပြုံး ပိုင်ဆိုင်ပါစေ

          ဝါညစ်သောသွား၊ ကျိုးပဲ့သော သွားနှင့် သွားမရှိသော နေရာများသည် အိုမင်းရင့်ရော်မှု၏ နိမိတ်လက္ခဏာဖြစ်သည်။ ဤသို့မဖြစ်လေအောင် ဂရုစိုက်လုပ်ဆောင်ဖို့ လိုအပ်သည်။ အသက်ကြီးလာချိန်တွင် သွားဖုံးများ ကျုံ့ဝင်လာ၍ သွားခြေများပေါ်လာသည်။ အနည်းငယ်မျှ ထိခိုက်မှုကြောင့်ပင် နာကျင်မှုဝေဒနာ ခံစားရနိုင်သည်။ သွားတိုက်ရာတွင် ညင်သာဖို့ လိုအပ်သည်။ သွားဖုံးများ ပွန်းပဲ့မှုမရှိစေရန် ကြမ်းတမ်းစွာ သွားတိုက်ခြင်းနှင့် သွားကြားထိုးခြင်း မပြုသင့်ပေ။ သွားကြားမှ အညစ်အကြေးများကို သွားကြားပွတ်တိုက်ကြိုးဖြင့် သန့်စင်ဖယ်ရှားပေးရမည်။ သွားဖြုဖွေးစေသော ပစ္စည်းများ အသုံးပြုနိုင်သည်။ သွားဘက်ဆိုင်ရာ ဆရာဝန်များနှင့် ပုံမှန်ပြသရန်လည်း အရေးကြီးသည်။

 

(၃) အရေပြားကာကွယ်ပါ

          အရေးပြားအား အန္တရာယ်ဖြစ်စေဆုံးသောအရာမှာ နေရောင်ခြည်ဖြစ်သည်။ နေရောင်ခြည် ကြာရှည်ထိတွေ့မှုကြောင့် အရေးအကြောင်း အတွန့်များ၊ အရေပြားတွဲကျခြင်း၊ အကွက်များဖြစ်ပေါ်ခြင်း စသည်တို့ ဖြစ်နိုင်သည်။ နေရောင်အောက် သွားလာမည်ဆိုလျှင် ကာကွယ်မှုများ လုပ်ဆောင်သွားရမည်။ အဆောက်အအုံအတွင်း၌ ပိုမိုနေထိုင်သင့်သည်။ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး တို့ လုံလောက်စွာ မှီဝဲသင့်သည်။ အရေပြားကို ပတ်ဝန်းကျင်အညစ်အကြေးများ၏ ထိခိုက်စေမှုမှလည်း ကာကွယ်ပေးရပါမည်။

 

(၄) ခါးကို စောင့်ကြည့်ပါ

          ခါးပတ်လည်အတိုင်းအတာသည် ကျန်းမာရေးအတွက် အညွန်းကိန်းတစ်ခုဖြစ်သည်။ ခါးပတ်လည် အတိုင်းအတာ ၈၉ စင်တီမီတာထက် ကျော်နေပြီဆိုပါလျှင် ကျန်းမာရေးအတွက် အန္တရာယ်ရှိနေပြီဟု မှတ်ယူရပါမည်။ ဝမ်းဗိုက်၌ အဆီစုခြင်းသည် ခန္ဓာကိုယ်၏ အခြားနေရာများထက် ပို၍ အန္တရာယ်များသည်။ နှလုံးရောဂါနှင့် သွေးချိုဆီးချိုရောဂါတို့ ဖြစ်နိုင်သည်။ နှလုံးသွေးကြောရောဂါဖြစ်ပွားမှုမှာ မီးယပ်သွေးဆုံးပြီးချိန်တွင် ၂ ဆ၊ ၃ဆခန့် ပိုများလာသည်။ သွေး၌ ကိုလက်စထရောများခြင်း၊ သွေးဖိအားများခြင်းနှင့် ဝမ်းဗိုက်၌ အဆီစုခြင်းတို့သည် အဓိက အန္တရာယ်များ ဖြစ်ကြသည်။

 

(၅) ချိုမြိန်သော အိပ်စက်မှုရယူပါ

          အိပ်စက်ချိန်မှာ ညစဉ် ၇ နာရီနှင့် ၈ နာရီကြားရှိရန်လိုအပ်သည်။ အိပ်စက်ချိန် မလုံလောက်လျှင် မျက်ကွင်းညိုခြင်းကို ဖြစ်စေသည်။ ကိုယ်အလေးချိန်လွန်ကဲမှု ဖြစ်စေသည်။ ညအိပ်စက်ချိန် ၄ နာရီမျှသာ ရှိသောသူများတွင် အစားအစာစားလိုမှုကို ဖြစ်ပေါ်စေသော Laptin ဟော်မုန်းလျော့နည်းပြီး စားလိုသောဆန္ဒကို ဖြစ်ပေါ်စေသော Ghrelim ဟော်မုန်း ၂၈ ရာခိုင်နှုန်းထိ ပိုများလာနိုင်ကြောင်း တွေ့ရသည်။ အိပ်စက်ချိန် မလုံလောက်သူများသည် အဝလွန်ကဲမှုဖြစ်စေရန် ၇၃ ရာခိုင်နှုန်း ပိုများကြသည်။ အိပ်ချိန်မလုံလောက်လျှင် အရေပြား၏ အသစ်ပြန်လည်မွန်းမံနိုင်မှုကို အားယုတ်စေသည်။ အရေပြားယိုယွင်းပျက်စီးမှု ဖြစ်စေသဖြင့် အိုမင်းရင့်ရော်သည့် နိမိတ်လက္ခဏာများ ဖြစ်စေသည်။

 

(၆) ဆံပင်များ၏ အလှအပကို ထိန်းသိမ်းပါ။

          လူလတ်ပိုင်းအရွယ် အမျိုးသမီးများသည် ဆံပင်ကို မကြာခဏ ဖြတ်တောက်ခြင်းနှင့် အရောင်ဆိုးခြင်းတို့ ပြုလုပ်တတ်ကြသည်။ အသက်အရွယ်ကြီးရင့်မှု၏ လက္ခဏာများကို မျက်နှာနှင့်ဆံပင်တို့တွင် အလွယ်တကူ မြင်တွေ့ကြရသည်။ ဆံပင်ကို မိမိနှင့်လိုက်ဖက်မည့်ပုံစံကို ထားရမည်။ မီးယပ်သွေးဆုံးကာလတွင် ဆံပင်များ ပါးလာပြီး ကြွပ်ဆတ်မှု ပိုလာကြသည်။ အရည်အသွေးပြည့်သော ခေါင်းလျှော်ရည်ကိုသာ သုံးရမည်။ သွယ်လျသော ခန္ဓာကိုယ်ပိုင်ဆိုင်သူများသည် ဆံပင်ရှည်နှင့် ပို၍လိုလျောညီထွေရှိသည်။ ပုပုဝဝဆိုလျှင် ဆံပင်ရှည်အစား ဆံပင်တိုပုံစံက ပို၍ လိုက်ဖက်သည်။

 

Credit: ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18