Print

သင့်ခံတွင်းအကြောင်း သင် သိသင့်သည့် ၁၃ ချက်

  30-Oct-2016
Preview Image

သင့်ခံတွင်း၊ သွား၊ သွားဖုံးနဲ့ လျှာတွေရဲ့ ကျန်းမာရေးတွေက သင့်ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးနဲ့ အောက်ပါအတိုင်း ဆက်စပ်မှုရှိပါတယ်။

(၁) ခံတွင်းမှ ဘက်တီးရီးယားနှင့် နှလုံးကျန်းမာရေး

လေ့လာမှုတချို့အရ သွားဖုံးရောဂါရှိသူတွေက သွားဖုံးကျန်းမာရေးကောင်းမွန်သူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကိုတော့ သုတေသီတွေက အခုထိ မဖော်ထုတ်နိုင်သေးဘူးလို့ ဆိုပါတယ်။ ဘာပဲပြောပြော သင့်ခန္ဓာကိုယ်ကျန်းမာရေးကို ဂရုစိုက်သလို ခံတွင်းကျန်းမာရေးကိုလည်း ဂရုစိုက်သင့်ပါတယ်။

(၂) သွားဖုံးရောဂါနှင့် ဆီးချိုရောဂါ

ဆီးချိုရောဂါရှိသူတွေရဲ့ ခန္ဓာကိုယ်က ရောဂါပိုးကို တွန်းလှန်နိုင်အား လျော့နည်းသွားပါတယ်။ သွေးထဲမှာ သကြားဓာတ်များတာကြောင့် သွားဖုံးရောဂါဖြစ်နိုင်ခြေ မြင့်မားလာပါတယ်။ သွားဖုံးရောဂါရှိတာကြောင့် သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်ဖို့ ခက်ခဲသွားနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ကျန်းမာရေးညီညွတ်မှုရှိအောင် ထိန်းချုပ်ပြီး သွားဖုံးရောဂါ မဖြစ်အောင် ကာကွယ်ပါ။ အစာစားပြီးတိုင်း သွားတိုက်ပါ။နေ့စဉ် ခံတွင်းသန့်စင်ဆေးရည် အသုံးပြုပါ။ တစ်နှစ်ကို နှစ်ကြိမ်သွားဆရာဝန်နဲ့ စစ်ဆေးမှုပြုလုပ်ပါ။

(၃) အာခေါင်ခြောက်ခြင်းနှင့် သွားပိုးပေါက်ဖြစ်ခြင်း

ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က တံတွေးဂလင်းနဲ့ မျက်ရည်ပြွန်ကို မှားယွင်းပြီး တိုက်ခိုက်တဲ့ Sjogren's syndrome ရောဂါရှိသူတွေက မျက်စိနဲ့ ခံတွင်း အလွန်ခြောက်သွေ့တတ်ပါတယ်။ တံတွေးက သွားဖုံးနဲ့ သွားကို သွားပိုးပေါက်နဲ့ သွားဖုံးရောဂါမဖြစ်အောင်ဘက်တီးရီးယားပိုး အန္တရာယ်ကနေ ကာကွယ်ပေးထားပါတယ်။ ခံတွင်းခြောက်သွေ့သူတွေက သွားပိုးပေါက်ရောဂါနဲ့ သွားဖုံးရောဂါဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

(၄) ခံတွင်းခြောက်ခြင်းနှင့် ဆေးဝါးများ

ဓာတ်မတည့်မှုပျောက်ဆေး၊ နှာစေး နှာပိတ်ပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေးနဲ့ စိတ်ကျဝေဒနာအတွက် အသုံးပြုရတဲ့ဆေးဝါးတွေကခံတွင်းခြောက်သွေ့တာကိုဖြစ်စေနိုင်ပါတယ်။

(၅) စိတ်ဖိစီးမှုများခြင်းနှင့် သွားကြိတ်ခြင်း

သင်ဟာ စိတ်ဖိစီးမှုများနေတာ၊ စိုးရိမ်စိတ်များနေတာ ဒါမှမဟုတ် စိတ်ကျဝေဒနာဖြစ်နေရင် ခံတွင်းကျန်းမာရေး ပြဿနာဖြစ်နိုင်ခြေ အလွန်မြင့်မားပါတယ်။ စိတ်ဖိစီးမှုများနေတဲ့အခါမှာ ကော်တီစောဟော်မုန်းတွေ ထွက်ရှိလာမှု များတဲ့အတွက် သွားဖုံးနဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုများစဉ်မှာ သွားတိုက်တာ၊ သွားကြားပွတ်ကြိုးထိုးတာတွေကို ပုံမှန်မလုပ်မိတာကြောင့်လည်း သွားဖုံးနဲ့ သွားကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊အံကြိတ်တာတွေကလည်း စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ အပြုအမူတွေပါ။

(၆) အရိုးပါးရောဂါနှင့် သွားကျွတ်ခြင်း

အရိုးပါးရောဂါရှိသူတွေက မေးရိုးအပါအဝင် ခန္ဓာကိုယ်မှာရှိတဲ့ အရိုးတိုင်းပေါ်မှာ သက်ရောက်မှုရှိနိုင်တာမို့ သွားကျွတ်တာ ဖြစ်လွယ်ပါတယ်။ ဘက်တီးရီးယားပိုးမွှားတွေကြောင့် သွားဖုံးရောဂါတွေ ဆိုးဆိုးရွားရွားဖြစ်ပြီး မေးရိုးပျက်စီးနိုင်ပါတယ်။အရိုးပါးရောဂါအတွက် အသုံးပြုတဲ့ ဘစ်စ်ဖော်စဖိုနိတ်စ်တွေကလည်း မေးရိုးမှ အရိုးဆဲလ်တွေကို သေဆုံးစေနိုင်ပါတယ်။ ဘစ်စ်ဖော်စဖိုနိတ်စ်မှီဝဲသူတွေအနေနဲ့ သွားဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

(၇) သွားဖုံးအရောင်ဖျော့တော့ခြင်းနှင့် သွေးအားနည်းရောဂါ

သင့်နှုတ်ခမ်းလေးတွေက အရောင်ဖျော့နေပြီး လျှာတွေက ချောမွတ်ကာရောင်ရမ်းနေရင် သင့်မှာ သွေးအားနည်းရောဂါရှိနေပါပြီ။ သွေးအားနည်းရောဂါရှိသူတွေရဲ့ ခန္ဓာကိုယ်ဟာ သွေးနီဥလုံလုံလောက်လောက်မရှိတာ ဒါမှမဟုတ်သွေးနီဥမှာ ဟေမိုဂလိုဘင် လုံလုံလောက်လောက် မရှိတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တာကြောင့် ခန္ဓာကိုယ်က အောက်ဆီဂျင်ကို လုံလုံလောက်လောက် မရရှိနိုင်တော့ပါဘူး။ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(၈) အစာခြေပြဿနာနှင့် သွားပိုးစားခြင်း

သွားဆရာဝန်တွေက သင့်မှာ အစာခြေပြဿနာရှိနေတာကို အရင်ဆုံးတွေ့ရှိတတ်ပါတယ်။ မကြာခဏ ပြန်အန်ထွက်တာကြောင့် အစာအိမ်က ထွက်လာတဲ့ အက်စစ်တွေက သွားရဲ့ ကြွေလွှာကို တိုက်စားသွားတတ်ပါတယ်။ အစာစားချင်စိတ်မရှိတာ၊ အလွန်အကျွံစားလိုက် အန်ထုတ်လိုက် တစ်လှည့်စီဖြစ်နေတဲ့ Bulimia ရောဂါရှိသူတွေမှာ အာဟာရဓာတ်တွေ အလွန်အမင်း ချို့တဲ့နေတတ်တဲ့အတွက် သွားကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါတယ်။

(၉) မှက္ခရုနှင့် HIV

HIV ရောဂါပိုးကူးစက်ခံရသူ ဒါမှမဟုတ် HIV ရောဂါရှိသူတွေက ပါးစပ်အတွင်း မှက္ခရုပေါက်တာ၊ ကြွက်နို့ပေါက်တာ၊ ရေယုန်ပေါက်တာတွေ ဖြစ်ပေါ်တတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်တွေ ကျဆင်းသွားတဲ့အတွက် ရောဂါပိုးကို တွန်းလှန်နိုင်စွမ်းမရှိတော့တာကြောင့်ပါ။ HIV/AIDS ရှိသူတွေမှာ ခံတွင်းလည်း အလွန်ခြောက်သွေ့တဲ့အတွက် သွားပိုးပေါက်ဖြစ်နိုင်ခြေ အလွန်များပြီး အစာဝါးတာ၊ အစာမျိုချတာနဲ့ စကားပြောတာတွေမှာ ခက်ခဲမှုတွေဖြစ်လာနိုင်ပါတယ်။

(၁၀) သွားဖုံးရောဂါနှင့် လေးဖက်နာ (RA)

လေးဖက်နာရောဂါ(RA)ရှိသူတွေမှာက ဒီရောဂါမရှိသူတွေထက် သွားဖုံးရောဂါဖြစ်နိုင်ခြေ ရှစ်ဆ ပိုများပါတယ်။ ရောင်ရမ်းမှုဖြစ်စဉ်ကြောင့် ဖြစ်ရတာပါ။ ဒါ့အပြင် သွေးလေးဖက်နာ ရောဂါရှိသူတွေရဲ့ လက်ဆစ်လေးတွေက ပျက်စီးနေတာကြောင့် သွားတိုက်ဖို့နဲ့ သွားကြားပွတ်ကြိုး အသုံးပြုဖို့အတွက် အခက်အခဲ ဖြစ်နိုင်တာကြောင့်ပါ။ သွားဖုံးရောဂါကို ကုသလိုက်ရုံနဲ့ အဆစ်နာကျင် ရောင်ရမ်းတာတွေလျော့ကျသွားနိုင်ပါတယ်။

(၁၁) သွားကျွတ်ခြင်းနှင့် ကျောက်ကပ်ရောဂါ

သွားမရှိတော့တဲ့ လူကြီးတွေမှာ သွားရှိနေသူတွေထက် နာတာရှည် ကျောက်ကပ်ရောဂါ ခံစားရနိုင်ခြေ ပိုများပါတယ်။ ကျောက်ကပ်ရောဂါနဲ့ သွားဖုံးရောဂါဆက်စပ်မှုကိုသေချာမသိသေးပေမယ့် ရောင်ရမ်းမှုဖြစ်စဉ်ကြောင့်လို့ သုတေသီတွေက ထင်မှတ်ကြပါတယ်။ သွားနဲ့ သွားဖုံးကျန်းမာရေးကို ဂရုစိုက်လိုက်ရုံနဲ့ နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

(၁၂) သွားဖုံးရောဂါနှင့် လမစေ့ကလေးမွေးခြင်း

သင်ဟာ ကိုယ်ဝန်ဆောင်ထားရပြီး သွားဖုံးရောဂါရှိနေသူဖြစ်ပါက လမစေ့ဘဲ ကလေးမွေးတာ၊ ပေါင်မပြည့်ဘဲ ကလေးမွေးတာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်ဖြစ်ပေါ်တဲ့ ဟော်မုန်းပြောင်းလဲမှုကြောင့် သွားဖုံးရောဂါတွေ ပိုဆိုးရွားနိုင်ပါတယ်။

(၁၃) ကျန်းမာသော သွားဖုံး

ကျန်းမာနေတဲ့ သွားဖုံးဟာ ပန်းရောင်သန်းနေပြီး ပျော့ပျော့ပျောင်းပျောင်းရှိပါတယ်။ နီရဲပြီး ရောင်ရမ်းမှု မရှိရပါ။ သွားနဲ့ သွားဖုံးကျန်းမာရေးကောင်းစေဖို့ တစ်နေ့ နှစ်ကြိမ် အနည်းဆုံး သွားတိုက်ပါ။ အနည်းဆုံးတစ်ကြိမ် သွားကြားပွတ်ကြိုး အသုံးပြုပါ။ခံတွင်းသန့်ဆေးရည်နဲ့ တစ်နေ့ နှစ်ကြိမ် ပလုတ်ကျင်းပါ။ သွားဆရာဝန်နဲ့ ပုံမှန်စစ်ဆေးမှုပြုလုပ်ပါ။ ဆေးလိပ် လုံးဝမသောက်ပါနဲ့။

 

Healthcare.com.mm

ဒေါက်တာခင်မိုးမိုး

Ref: Unoffficial ကြေးမုံးသတင်းစာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18