Print

ကိုယ်ဝန်ပျက်ကျပြီး ကလေးပြန်ယူဖို့စဉ်းစားရာဝယ်

  31-Oct-2020
Preview Image

ကိုယ်ဝန်ပျက်ကျပြီးကလေးပြန်ယူဖို့စဉ်းစားရာဝယ်

                မိန်းကလေးတစ်ယောက်ဘဝမှာ ကြုံတွေ့ရနိုင်တဲ့အဆိုးဆုံး အတွေ့အကြုံတွေထဲမှာ ကလေးပျက်ကျတာလည်း ပါဝင်ပါတယ်။ ဘယ်လိုသောအကြောင်းကြောင့် ပျက်ကျသွားသည်ဖြစ်စေ ကိုယ့်ရင်သွေးကို မြင်တောင်မမြင်လိုက်ရပဲ လက်လွှတ်လိုက်ရတဲ့ အဖြစ်အပျက်ကိုရင်ဆိုင်ရတာ မလွယ်ကူပါဘူး။ စိတ်ပိုင်းဆိုင်ရာအရကော ရုပ်ပိုင်းဆိုုင်ရာအရပါ စိန်ခေါ်မှုတွေ ရှိလာပါတယ်။ အခုပြောပြပေးချင်တာကတော့ ဒီလိုကလေးပျက်ကျသွားပြီးနောက် လင်မယား ၂ယောက်အနေနဲ့ ကလေးပြန်ယူဖို့ဘယ်အချိန်လောက်ဆို ပြန်ကြိုးစားသင့်သလဲ၊ ဘယ်တော့လောက်အတူပြန်နေလို့ရမလဲ ဆိုတာကို အဓိကဖော်ပြပေးသွားပါ့မယ်။

                    ကိုယ်ဝန်ပတ် ၂၄ ပတ် မတိုင်ခင် ကလေးအသက်ဆုံးရှုံးသွားတယ်ဆိုရင် ဒါကို ကလေးပျက်ကျတယ်လို့ ခေါ်ဆိုနိုင်ပါတယ်။ ဒါကိုမှ ၂ မျိုးထပ်ခွဲခြားနိုင်ပါသေးတယ်။ ကိုယ်ဝန်ပတ် ၁၂ ပတ်မတိုင်ခင်ပျက်ကျရင် အစောပိုင်းကိုယ်ဝန်ပျက်ကျတယ်လို့ခေါ်ပြီး ၁၂ ပတ်နဲ့ ၂၄ ပတ်ကြားမှဆိုရင် နှောင်းပိုင်းကိုယ်ဝန်ပျက်ကျတယ်လို့ခေါ်နိုင်ပါတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ်ကလေးပျက်ကျတယ်ဆိုတာ တစ်နည်းအားဖြင့်ပြောရရင်လည်း သားအိမ်ထဲကကလေးထွက်သွားတာပါပဲ။ ဒါ့ကြောင့် ကလေးပျက်ကျပြီးရင် အမျိုးသမီးရဲ့ သားအိမ်က အားနည်းနေနိုင်တယ်၊ သားအိမ်ရော မိန်းမကိုယ်လမ်းကြောင်းရော ပုံမှန်ထက်ကျယ်နေမယ်၊ ဒါ့ကြောင့် သားအိမ်ကို ပုံမှန်အနေအထားပြန်ရောက်ဖို့ အချိန်တစ်ခုတော့ စောင့်ရပါမယ်။ ပျက်ကျသွားတဲ့ အချိန်က ၂၄ ပတ်နားမှဖြစ်သွားတယ်ဆိုရင် အမျိုးသမီးအနေနဲ့ ကိုယ်လက်နာကျင်ကိုက်ခဲတာ၊ သွေးဆင်းတာ၊ ပျို့အန်ချင်တာ စတဲ့လက္ခဏာတွေ ပိုကြုံတွေ့ရနိုင်တယ်။

ဒါဆို မေးစရာရှိလာပါတယ်။ အမျိုးသမီးနဲ့ အမျိုးသားအနေနဲ့ ဒီလိုကလေးပျက်ကျတာဖြစ်ပြီး ဘယ်လောက်အချိန်မှာ အတူပြန်နေလို့ရမလဲပေါ့။ ဒီကိစ္စနဲ့ပတ်သတ်လို့ ၂ မျိုးခွဲပြောရမယ်။ ပထမဆုံးအမျိုးသမီးအနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ အဆင်သင့်ဖြစ်ဖို့လိုအပ်တယ်။ မိမိကလေးဆုံးရှုံးသွားလို့ စိတ်ထိခိုက်နေမယ်၊ စိတ်အပြောင်းအလဲမြန်နေမယ်၊ အတူနေဖို့စိတ်မပါဘူးဖြစ်နေမယ် ဒါမျိုးတွေရှိမယ်ဆိုရင်တော့ အမျိုးသားဖက်ကလည်း နားလည်မှုပေးပြီး စောင့်သင့်ပါတယ်။ ရင်သွေးငယ်ကို ဆုံးရှုံးရတဲ့စိတ်ဒုက္ခက မသေးပါဘူး။ အမျိုးသမီးအနေနဲ့ နောက်တစ်ခါ ကိုယ်ဝန်ရခဲ့ရင်ရော အဆင်ပြေပါ့မလား၊ ငါဒီတစ်သက်ကော ကလေးရပါအုံးမလား စသည်ဖြင့် စိုးရိမ်ပူပန်မှုတွေ ရှိနေတတ်ပါတယ်။ ဒါ့ကြောင့် ဒီအချိန်မှာ လင်မယား  ၂ ယောက်စလုံး စိတ်ရှည်သည်းခံပြီး ပွင့်ပွင့်လင်းလင်းပြောဆို ဆက်ဆံကြဖို့လိုအပ်ပါတယ်။

နောက်တစ်ခုကတော့ ရုပ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ဖို့လိုအပ်တယ်။ လေ့လာချက်တွေအရလည်း အမျိုးသမီးတစ်ယောက်အနေနဲ့ကလေးပျက်ကျပြီးသိပ်မကြာခင် လိင်ဆက်ဆံလိုက်ရင် မွေးလမ်းကြောင်းက နုနယ်သေးတာကြောင့် ပိုးဝင်နိုင်ခြေအရမ်းများပါတယ်။ ဒါ့ကြောင့် ကလေးပျက်ကျပြီး လိင်ဆက်ဆံတာတင်မကဘဲ မိန်းမကိုယ်ထဲနှိုက်ဆေးတာမျိုးကို ရှောင်သင့်သလို လစဉ်သုံးပစ္စည်းသုံးရင်လည်း ပိုးမဝင်အောင် မကြာခဏလဲပေးဖို့ ဒါမျိုးတွေလုပ်ဖို့လိုအပ်ပါတယ်။ ဒီလိုမွေးလမ်းကြောင်း ပြန်ကောင်းအောင် စောင့်ရမဲ့အချိန်ကတစ်ယောက်နဲ့ တစ်ယောက်မတူညီပါဘူး။ ဒါ့အပြင် ကိုယ်ဝန်ပျက်ကျပြီးတဲ့ အမျိုးသမီးတွေမှာ မိန်းမကိုယ်သွေးဆင်းတာမျိုးလည်းကြုံရပါတယ်။ ဒီလိုသွေးဆင်းတာမျိုးက ပုံမှန်ရာသီလာတဲ့အချိန်ထက်ပိုမကြာသင့်ပါဘူး။ ပိုကြာနေရင် ကလေးရဲ့ အသားစတွေ သားအိမ်ထဲမှာကျန်ခဲ့တာဖြစ်နိုင်တာမို့ သားဖွားမီးယပ်ဆရာဝန်နဲ့ သွားရောက်ပြသကြည့်ရပါမယ်။ ကလေးမယူသေးဘဲ လိင်ဆက်ဆံဖို့ စိတ်ကူးရှိခဲ့ရင်တောင် အနည်းဆုံးရာသီပုံမှန်တစ်ခေါက်လာအောင်တော့ စောင့်သင့်ပါတယ်။

အတိုချုံးပြန်ပြောရမယ်ဆိုရင် နောက်ကိုယ်ဝန်အတွက်လည်းစိတ်ချရအောင်၊ စိတ်ပိုင်းဆိုင်ရာအရလည်း ပြင်ဆင်ပြီးသားဖြစ်အောင် အနည်းဆုံး ၆ ပတ်စောင့်ပြီးမှ လိင်ပြန်ဆက်ဆံသင့်ပါတယ်။ မဆက်ဆံခင် သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသပြီး သားအိမ်ကို စစ်ဆေးမှုခံယူတာမျိုးလည်း လုပ်သင့်ပါတယ်။ ကလေးယူဖို့အတွက်ကတော့ အမျိုးမျိုးဆွေးနွေးနေကြတုန်းပါပဲ။ ဘာပဲဖြစ်ဖြစ် နောက်ရလာမယ့် ကလေးအတွက် စိတ်ချရအောင် ကလေးယူဖို့အနည်းဆုံး အချိန် ၆ လတော့စောင့်သင့်ပါတယ်။ ဒါမှသာ မိခင်ရော ကလေးရောကျန်းမာရေးအတွက် စိတ်ချရပြီး မီးဖွားနိုင်မှာပါ။ အချိန် ၆ လမပြည့်ခင် ကလေးမရသွားအောင် သားဆက်ခြားနည်းလမ်းတွေသုံးပြီး နေထိုင်နိုင်ပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ။

Dr. Oliver



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18