Print

သန္ဓေတားဆေးများ၏ ဘေးထွက်ဆိုးကျိုးများ

  29-Oct-2016
Preview Image

သန္ဓေတားဆေး (သောက်ဆေး) များကြောင့် ကြုံတွေ့ရသည့် ဘေးထွက်ဆိုးကျိုးများကို ဖော်ပြပေးလိုက်ပါသည်။ သန္ဓေတားဆေး သောက်သုံးသော အမျိုးသမီးများ၏ ၅၀ ရာခိုင်နှုန်းခန့်သည် ၎င်းတို့ မျှော်လင့်ထားသော ဓမ္မတာလာချိန် မတိုင်မီ သွေးဆင်းမှုကို ကြုံတွေ့ရတတ်ပြီး အထူးသဖြင့် သန္ဓေတားဆေးများ စသောက်ပြီး ပထမသုံးလအတွင်း ယင်းကဲ့သို့ ကြုံတွေ့ရတတ်သည်။ ယေဘုယျအားဖြင့် ယင်းပြဿသနာမှာ တတိယဆေးကတ်ကို သောက်သုံးချိန်၌ အမျိုးသမီး ၉၀ ရာခိုင်နှုန်းတွင် ပြေလည်သွားတတ်ကြသည်။ ယင်းအချိန်များတွင် ဆေးကို အချိန်မှန်မှန်သောက်ပြီး ဆေးသောက်မှန်ကန်နေသရွေ့ သန္ဓေတားဆေးများ အစွမ်းထက်နေဆဲဖြစ်သည်။

သန္ဓေတားဆေးသောက်သုံးနေချိန်တွင် သုံးရက် (သို့မဟုတ်) ယင်းထက်ပို၍ သွေးအလွန်အကျွံဆင်းခြင်း (သို့မဟုတ်) ငါးရက် (သို့မဟုတ်) ယင်းထက်ပို၍ သွေးဆင်းနေပါက ဆရာဝန်နှင့် ပြသသင့်သည်။ သန္ဓေတားဆေးများ စတင်သောက်သုံးချိန်၌ မပြင်းထန်သော မူးမော်ခြင်းကို ခံစားရနိုင်သည်။ သို့သော် မူးမော်ခြင်းမှာ အချိန်တိုအတွင်းပျောက်ကင်းသွားလေ့ရှိသည်။ သန္ဓေတားဆေးကို အစာနှင့်တွဲသောက်ခြင်း (သို့မဟုတ်) အိပ်ရာဝင်ချိန်တွင် သောက်ခြင်းဖြင့် မူးမော်ခြင်းကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ ရေရှည်မူးမော်နေသည် (သို့မဟုတ်) ပြင်းထန်နေပါက ဆရာဝန်နှင့်ပြပါ။

သန္ဓေတားဆေးများသောက်သုံးခြင်းကြောင့် ရင်သားကြီးထွားလာခြင်း (သို့မဟုတ်) ရင်သားပျော့အိသွားခြင်းတို့ ကြုံတွေ့ရနိုင်သည်။ ဆေးစသောက်ပြီး ပထမဆုံးသီတင်းပတ် အနည်းငယ်အတွင်း ယင်းအခြေအနေမှာတိုးတက်ကောင်းမွန် လာလေ့ရှိသည်။ သို့သော် နာကျင်မှုခံစားရပါက ဆရာဝန်နှင့်ပြပါ။ ဆားနှင့်ကဖိန်းဓာတ် စားသုံးမှုကို လျှော့ချခြင်းဖြင့် ရင်သားပျော့အိခြင်းအန္တရာယ်ကို လျော့ချနိုင်ကြောင်း သိရသည်။

ခေါင်းကိုက်ခြင်းဖြစ်ပေါ်လာပါကဆရာဝန်နှင့်ပြသင့်သည်။ ထို့ပြင်သန္ဓေတားဆေးများ သောက်ခြင်းကြောင့် ကိုယ်အလေးချိန် ပိုလာနိုင်ပြီး အထူးသဖြင့် တင်ပါးနှင့် ရင်သားနေရာများတွင် အလေးချိန် ပိုများလာနိုင်သည်။ သန္ဓေတားဆေးသောက်သုံးချိန်တွင် အချို့သောအမျိုးသမီးများမှာ စိတ်ဓာတ်ကျခြင်း (သို့မဟုတ်) အခြားစိတ်ပိုင်းဆိုင်ရာပြောင်းလဲခြင်းတို့ ကြုံတွေ့ရလေ့ရှိသဖြင့် စိတ်ဓာတ်ကျဖူးသည့် ရာဇဝင်ရှိသူများ ယင်းဆေးသုံးစွဲမည်ဆိုပါက ဆရာဝန်နှင့် တိုင်ပင်သင့်သည်။ သန္ဓေတားဆေးများတွင် ပါဝင်သော ဟော်မုန်းကြောင့် အမျိုးသမီးများ၏ လိင်စိတ်ကို လျော့ကျသွားနိုင်ပြီး ဆေးသုံးစွဲစဉ် မအင်္ဂါမှ အရည်ဆင်းခြင်း ကြုံတွေ့ရနိုင်သည်။

Ref: MNT 7daydaily No.759 Tuesday, June 9, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18