Print

သန္ဓေတားသောက်ဆေးနှင့် စိတ်ကျရောဂါ

  05-Jun-2020
Preview Image

          သန္ဓေတားသောက်ဆေးများသည် ကိုယ်ဝန်တားဆီးရာတွင် အသုံးများသော နည်းလမ်းဖြစ်ပါသည်။ နေ့စဉ် ပုံမှန်ဆေးသောက်ရုံဖြင့် စိတ်ချရစွာ သန္ဓေတားနိုင်ခြင်းသည် ဤနည်းလမ်း၏ အားသာချက်ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်တွင် ထုတ်ပြန်ခဲ့သော လေ့လာမှုအသစ်တစ်ခုအရ ဆယ်ကျော်သက်များတွင် သန္ဓေတားဆေးသောက်သုံးမှုသည် စိတ်ကျရောဂါအပါအဝင် အခြားသော စိတ်ရောဂါများနှင့် ဆက်စပ်နေကြောင်း တွေ့ရှိထားပါသည်။


          အဆိုပါလေ့လာမှုအရ သန္ဓေတားဆေးကတ် သောက်သုံးသူများသည် မသောက်သုံးသူများထက် ပို၍ ငိုကြွေးခြင်း၊ အစားအသောက်မမှန်ခြင်းနှင့် အလွန်အကြူးအိပ်စက်ခြင်းများ တွေ့ရတတ်ပါသည်။ ထိုသို့ဖြစ်လာပါက အခြားသန္ဓေတားနည်းလမ်းများကို ပြောင်းလဲအသုံးပြုရန်လည်း တိုက်တွန်းထားပါသည်။


          ဆယ်ကျော်သက်များနှင့် ငယ်ရွယ်သောအမျိုးသမီးများအနေဖြင့် သန္ဓေတားပိုင်ခွင့်သည် အရေးကြီးသော ရပိုင်ခွင့်ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ အသုံးပြုနေသော သန္ဓေတားနည်းလမ်းများ၏ အားနည်းချက်၊ အားသာချက်၊ ဘေးထွက်ဆိုးကျိုး စသည့် အကြောင်းအရာများကို အလုံးစုံသိပိုင်ခွင့် ရှိပါသည်။ သန္ဓေတားဆေးကတ်သည် ရာသီမှန်ခြင်း၊ ရာသီလာစဉ်ကိုက်ခဲခြင်းကို သက်သာစေနိုင်ခြင်းနှင့် မလိုလားသောကိုယ်ဝန်ကို တားဆီးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။ ဖြစ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများအနေဖြင့် စိတ်အခြေအနေမတည်ငြိမ်ခြင်း၊ သွေးခဲနိုင်ခြင်းနှင့် သွေးဖိအားမြင့်တက်စေခြင်းတို့ ဖြစ်နိုင်ပါသည်။


          သန္ဓေတားဆေးနှင့် စိတ်ရောဂါဆက်စပ်မှုကို လေ့လာခဲ့သော အသက်အရွယ်မှာ ၁၆ နှစ်မှ ၂၅ နှစ်အတွင်းရှိ ဆယ်ကျော်သက်မိန်းကလေးများ ဖြစ်ပါသည်။

          တွေ့ရှိချက်အရ အသက် ၁၆ နှစ်တွင် သန္ဓေတားဆေးကတ် သုံးစွဲသူများသည် မသုံးစွဲသူများထက် စိတ်ကျဝေဒနာကို ခံစားရကြောင်း တွေ့ရှိထားပါသည်။ ထိုသို့ သန္ဓေတားဆေးကတ် သုံးစွဲခြင်းနှင့် စိတ်ကျရောဂါဖြစ်ပွားခြင်း ဆက်စပ်နေမှုကို အသက် ၂၅ နှစ်အရွယ်ထိတိုင် တွေ့ရှိထားပါသည်။ လေ့လာသူများက သုံးသပ်သည်မှာ ထိုကဲ့သို့ ဆက်စပ်နေခြင်းမှာ ဦးနှောက်ဖွံ့ဖြိုးမှုသည် အချို့မိန်းကလေးငယ်များတွင် အသက် ၂၅ နှစ်အထိရှိနေပြီး သန္ဓေတားဆေးကတ်သုံးစွဲမှုသည် ဦးနှောက်၏ ဖွံ့ဖြိုးမှုကို ထိခိုက်စေသောကြောင့် ဖြစ်ပါသည်။ သို့သော် ဆက်စပ်မှုကို ဦးနှောက်ဖွံ့ဖြိုးပြီးသော အသက်အရွယ် (၂၅ နှစ်နှင့်အထက်) တွင် မတွေ့ရှိရတော့ပါ။

 

         ဆယ်ကျော်သက်များတွင် သန္ဓေတားရန် တစ်မျိုးတည်းမဟုတ်ဘဲ အခြားသောအမျိုးသမီးဆိုင်ရာ ရောဂါများ၊ အလှအပဆိုင်ရာ ရောဂါများကြောင့် သန္ဓေတားဆေးကတ်ဖြင့် ဟော်မုန်းကုသမှုခံယူနေသူများလည်း ဆေးကတ်သုံးစွဲနေချိန်တွင် အထက်ပါရောဂါလက္ခဏာများကို သတိပြုရန် လိုအပ်ပါသည်။


          သန္ဓေတားဆေးကတ် သုံးစွဲခြင်းနှင့် စိတ်ကျရောဂါ ဖြစ်ပွားခြင်း ဆက်စပ်နေမှုမှာ ဆေးသောက်နေစဉ်တွင် စိတ်အခြေအနေမတည်ငြိမ်ခြင်း (စိတ်ခံစားမှု ပြောင်းလဲလာခြင်း) ဖြစ်လာနိုင်ပြီး ထိုမှတစ်ဆင့် စိတ်ကျရောဂါကို ခံစားရစေနိုင်သလို ဆေးမသောက်မီအချိန်ကတည်းက စိတ်ကျဝေဒနာများ ရှိခဲ့ဖူးပါကလည်း ဆေးသောက်စဉ်တွင် ပိုဆိုးလာနိုင်ပါသည်။ ထို့ကြောင့် ဆယ်ကျော်သက်များတွင် သန္ဓေတားဆေးကတ်ကို ကုသမှုအနေဖြင့် ညွှန်းဆိုပါက စိတ်ကျရောဂါနှင့် ပတ်သက်သော ရောဂါရာဇဝင်များ ရှိမရှိကို စစ်ဆေးရန်လိုအပ်ပါမည်။


          စိတ်ကျရောဂါနှင့် ပတ်သက်သော ရောဂါရာဇဝင်ရှိခြင်း၊ သန္ဓေတားဆေးကတ် အသုံးပြုနေစဉ်တွင် စိတ်အခြေအနေ မတည်ငြိမ်ခြင်း (စိတ်ခံစားမှု ပြောင်းလဲလာခြင်း) အပါအဝင် ကိုယ်အလေးချိန် ပြောင်းလဲခြင်း၊ စားချင်စိတ် ပြောင်းလဲခြင်းနှင့် အိပ်စက်မှု ပြောင်းလဲခြင်းများ ဖြစ်ပေါ်လာပါက အခြားနည်းလမ်းများကို သုံးစွဲရန် မိမိပြသနေကြ ဆရာဝန်နှင့် ပြန်လည်ပြသရန် လိုအပ်ပါမည်။


          သုံးစွဲနိုင်သော နည်းလမ်းများတွင် ဟော်မုန်းမပါသော နည်းလမ်းများကို ရွေးချယ်ရန်အကြံပြုလိုပါသည်။ ဟော်မုန်းမပါသော နည်းလမ်းများတွင် ရေတိုဆိုပါက ကွန်ဒုံးကို အသုံးပြုနိုင်ပြီး ရေရှည်ဆိုပါက သားအိမ်တွင်းထည့်ရသော သန္ဓေတားပစ္စည်းကို ရွေးချယ်သင့်ပါသည်။ သို့မဟုတ်ပါက စိတ်ကျရောဂါနှင့် အခြားသော စိတ်ဝေဒနာများကို ခံစားရနိုင်ပြီး ဆေးသောက်မမှန်ဖြစ်ကာ မလိုလားအပ်ဘဲ ကိုယ်ဝန်တည်ခြင်းကို ဖြစ်စေနိုင်ပါသည်။


          ထို့ပြင် စိတ်ကျဝေဒနာ ဖြစ်ပေါ်လာခြင်းကြောင့် ဆေးရပ်ထားသူတွင် ရောဂါသက်သာပြီးသည့်တိုင် သန္ဓေတားဆေးများ ပြန်လည်သုံးစွဲပါက စိတ်ကျဝေဒနာ ပြန်လည်ဖြစ်ပေါ်လာနိုင်ကြောင်းကိုလည်း တွေ့ရှိထားပြီး ဖြစ်နိုင်ခြေလည်း များပြားသည်ဟု ဆိုထားပါသည်။ သို့သော်အထက်ပါသက်ရောက်မှုသည် ဆယ်ကျော်သက်များနှင့်သာ သက်ဆိုင်ခြင်းဖြစ်ပြီး အခြားအသက်အရွယ်များတွင် သက်ရောက်မှုကြီးမားခြင်း မရှိပါ။ ထို့အတူ ကလေးမွေးဖွားပြီးခါစတွင် ဖြစ်သော စိတ်ကျဝေဒနာ(Postpartum Depression) နှင့် သက်ဆိုင်ခြင်းမရှိသောကြောင့် ထိုသို့ Postpartum Depression ရသောသူများတွင် သန္ဓေတားလိုပါက သန္ဓေတားဆေးကတ် အသုံးပြုမှုကို တားဆီးရန်မလိုအပ်ပါ။


          နိဂုံးချုပ်အားဖြင့်ဆိုရသော် သန္ဓေတားဆေးကတ်များသည် တွင်ကျယ်စွာ အသုံးပြုနေကြသလို စိတ်ကျဝေဒနာသည်လည်း လူငယ်များကြားတွင် ဖြစ်ပွားမှု များပြားနေခြင်းကြောင့် ဆယ်ကျော်သက်များတွင် ဖြစ်ပေးနိုင်သည့် သန္ဓေတားဆေးကတ် သုံးစွဲခြင်းနှင့် စိတ်ကျရောဂါဖြစ်ပွားခြင်း ဆက်စပ်နေမှုအကြောင်း တွေ့ရှိချက်ကို ရေးသားလိုက်ရပါသည်။

Credit : ဒေါက်တာ လင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18