Print

အမျိုးသမီးများ လစဉ်ဓမ္မတာလာခြင်းနှင့်ပတ်သက်သည့် အယူအဆအလွဲများ”

  29-May-2020
Preview Image

          အမျိုးသမီးများသည် အရွယ်ရောက်လျှင် လစဉ်ဓမ္မတာလာခြင်းကို ကြုံတွေ့ရမည်မှာမလွဲပေ။ ရှေးယခင်ထဲက ဓမ္မတာလာခြင်းနဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်အယူအဆများအမျိုးမျိုးတော့ရှိပါသည်။ အဲ့ထဲမှာမှ လွှဲမှားနေတဲ့ အယူအဆလေးတချို့ကို ဖော်ပြပေးလိုပါတယ်။


၁) ရာသီလာချိန်မှာ ရေမချိုးရဘူး၊ခေါင်းမလျှော်ရဘူး၊ရေကူးလို့မရဘူး

          အမျိုးသမီးအချို့က ရာသီလာချိန်မှာရေချိုးခေါင်းလျှော်(သို့) ရေကူးလျှင် ရာသီသွေးပိုများ/ပိုနည်းပြီး အခန့်မသင့်လျှင် ပိုးဝင်နိုင်သည်ဟု ထင်မှတ်ကြသည်။ ဒီအယူအဆဟာ မှားနေပါတယ်။ ရာသီသွေးဆိုသည်မှာ ဒဏ်ရာအနာတရဖြစ်လို့ဆင်းတဲ့ သွေးမဟုတ်ပါဘူး။ သားအိမ်နံရံကြွေကျလို့ရာသီလာရခြင်းဖြစ်တဲ့အတွက် ရေချိုးခေါင်းလျှော်(သို့)ရေကူးလိုက်လို့ ဘာမှအန္တရာယ် မဖြစ်နိုင်ပါဘူး။ ရာသီလာချိန်မှာ ရေနွေးနဲ့ရေချိုးခြင်းက သွေးလည်ပတ်မှုကောင်းစေပြီး ကြွက်သားများပြေလျော့စေလို့ ရာသီလာချိန်နာကျင်ကိုက်ခဲမှုကိုသက်သာစေပြီး လူကိုလန်းဆန်းစေပါသည်။ ဒီလိုပဲ ရေကူးခြင်းအပါအဝင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းကလည်း နာကျင်ကိုက်ခဲမှုကို လျော့ကျစေနိုင်ပါသည်။


၂) အရက်(သို့)ဝိုင်အပြင်းစားသောက်ခြင်းက ရာသီစက်ဝန်းကို ထိခိုက်နိုင်သည်

          နေ့စဉ်အရက်အလွန်အကျွံသောက်သောအမျိုးသမီးများသည် ရာသီစက်ဝန်းမမှန်ခြင်း၊ သားဥ မကြွေခြင်း၊ ရာသီထိမ်ခြင်းများကို ပိုမိုခံစားရနိုင်သည်။ ဒါ့အပြင် အရက်အလွန်အကျွံသောက်သုံးခြင်းက မျိုးပွားစနစ်တစ်ခုထဲတင်မဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးရှိအင်္ဂါအစိတ်အပိုင်းအားလုံးကို ထိခိုက်စေနိုင်သည်။ ဒါပေမဲ့ ရာသီလာနေစဉ်မှာ ဝိုင် (သို့) ကော့တေးလ်(cocktail) သောက်ချင်တယ်ဆိုရင်တော့ အသင့်အတင့်သောက်သုံးနိုင်ကြောင်း လေ့လာချက်များကဖော်ပြထားပါတယ်။


၃) ရာသီလာနေစဉ် အမျိုးသားနှင့်အတူနေလျှင် ကိုယ်ဝန်မရနိုင်ဘူး

          ဒါကတော့ အများဆုံးတွေ့ရတဲ့ အယူအဆအလွဲတစ်ခုပဲဖြစ်ပါတယ်။ အမှန်တော့ ရာသီစက်ဝန်းရဲ့ ၁၂ရက်နေ့မှ ၁၆ရက်နေ့အတွင်းမှာ ကလေးရနိုင်ချေအများဆုံးဖြစ်ပါတယ်။ ဒါပေမဲ့လည်း အမျိုးသမီးတချို့မှာ ရာသီမမှန်တာ၊ ရာသီစက်ဝန်းက ၂၁ရက်တစ်ခါလည်နေတာမျိုးတွေဖြစ်တတ်လို့ ရာသီလာနေချိန်မှာလည်း ကိုယ်ဝန်ရနိုင်ပါတယ်။ ဒါ့အပြင် သုက်ကောင်များသည် အမျိုးသမီးရဲ့ခန္ဓာကိုယ်တွင်းဝင်ရောက်ပြီး နောက်၅ရက်မှ ၇ရက်အထိ မျိုးပွားဖို့ဆက်လက်ရှင်သန်နိုင်စွမ်းရှိတဲ့အတွက် ရာသီလာချိန် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းက ကိုယ်ဝန်ရနိုင်ချေရှိပါသည်။


၄) ရာသီလာစဉ်ကိုက်ခဲခြင်းသည် ဘယ်လောက်နာနာ စိုးရိမ်စရာမလိုပါ

          အမျိုးသမီးအားလုံးသည် ရာသီလာစဉ် ဗိုက်အောင့်ဗိုက်နာခြင်းကို ခံစားရကြပါသည်။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်တော့ နာကျင်မှုပမာဏမတူညီကြပါဘူး။ ၃%-၃၃% ရာခိုင်နှုန်းသော အမျိုးသမီးများသည် ဗိုက်အရမ်းအောင့်ခြင်းအပြင် ကိုယ်ပူချိန်တက်ခြင်း၊ ပျို့အန်ခြင်း၊ မူးဝေခြင်း အစရှိသော လက္ခဏာများကို ၁ရက်မှ၃ရက်အထိခံစားကြရပါသည်။ ဒီလိုနာကျင်ကိုက်ခဲမှုတွေက နေ့စဉ် ပုံမှန်လှုပ်ရှားမှုမျိုးကို မလုပ်နိုင်တော့လောက်အောင် နာကျင်နေပါက သားဖွားမီးယပ်ဆရာဝန်နှင့် ပြသပြီး လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပြီး ဆေးဝါးတွေကို သောက်သုံးရမှာဖြစ်ပါတယ်။


၅) ဓမ္မတာပေါ်မည့်ရက်ကို သန္ဓေတားဆေးသောက်ပြီး ရွှေ့ခြင်းက အန္တရာယ်များသည်

          အချို့သောအမျိုးသမီးများသည် ဓမ္မတာပေါ်သည့်ရက်ကို သန္ဓေတားဆေးသောက်ပြီး ရွှေ့လိုသော်လည်း ကျန်းမာရေးထိခိုက်မှာကို စိုးရိမ်ကြသည်။ ကျန်းမာရေးပညာရှင်များက ထိုနည်းဖြင့် ရာသီပေါ်သည့်ရက်ကိုရွှေ့ခြင်းက ဆိုးရွားသောဘေးထွက်ဆိုးကျိုးများကို မဖြစ်စေနိုင်သည့်အပြင် အသုံးပင်ဝင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ သို့သော်လည်း ဒီနည်းလမ်းကိုပုံမှန်သုံးတာမျိုးမဟုတ်ဘဲ တကယ်လိုအပ်မှသာ သုံးသင့်ပါသည်။

Ref; Bright Side

Dr. Ehley

          



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18