Print

သင့်ကလေးများ လိင်အမြတ်ထုတ်မှု မခံရလေအောင်

  28-Feb-2020
Preview Image

          ကမ္ဘာ့နေရာဒေသအသီးသီးတွင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများသည် နေ့စဉ်နီးပါးဖြစ်ပွားလျက်ရှိနေရာ မိမိတို့၏ ရင်သွေးများကို ယင်းအန္တရာယ်ဆိုးမှ ရှောင်ရှားနိုင်ရန် မိဘများက ငယ်ရွယ်စဉ်ကပင် သင်ကြားပေးနိုင်ကြောင်း Natasha Daniels ဆိုသူက တင်ပြခဲ့ရာ များစွာစိတ်ဝင်စားဖွယ် ဖြစ်ခဲ့သည်။

          ရင်သွေးငယ်များကို ယင်းသို့ လိင်အမြတ်ထုတ်မှု၊ လိင်စော်ကားနှောင့်ယှက်ခြင်း မခံကြရစေရန် မိဘများလိုက်နာသင့်သည့် အချက် ၁၀ ချက်ကို ဖော်ပြလိုက်ပါသည်။


ခန္ဓာကိုယ်အစိတ်အပိုင်းများအကြောင်း စောစီးစွာပြောပြထားပါ။

                    ကိုယ်အင်္ဂါအစိတ်အပိုင်းအမည်များကို ပြောဆိုသုံးစွဲရာတွင် ရှက်ရွံ့မှုမရှိဘဲ စကားလုံး၏ အဓိပ္ပာယ်ကို သိရှိနေခြင်းဖြင့် မသင့်လျှော်သော အကြောင်းတစ်ရပ်ရပ်ဖြစ်လာခဲ့လျှင် မိမိအား လိင်အမြတ်ထုတ်ခံရသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ကလေးက ရှင်းလင်းစွာ ပြောပြနိုင်မည်ဖြစ်သည်။


အချို့သော ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် မိမိတို့ကိုယ်ပိုင်သီးသန့်ဖြစ်ကြောင်း သင်ကြားပေးပါ။

          သင်၏ကလေးငယ်များကို မိမိတို့၏ ကိုယ်အင်္ဂါအစိတ်အပိုင်းအချို့သည် မိမိတစ်ဦးတည်းနှင့်သာ သက်ဆိုင်သော အင်္ဂါအစိတ်အပိုင်းများဖြစ်ပြီး အခြားမည်သူမျှ မမြင်အပ်ကြောင်း ပြောပြထားရမည်။ မိမိ၏ ဖခင်နှင့်မိခင်သာ အဝတ်အစားမဝတ်ထားသော မိမိ၏ ကိုယ်လုံးတီးပုံ ကြည့်ခွင့်ရှိကြောင်းနှင့် မိမိ မိသားစုပြင်ပမှ လူများသည် မိမိကိုအဝတ်အစားဝတ်လျက်သာ မြင်ခွင့်ရှိကြောင်း သင်ကြားပေးထားရပေမည်။ ဆရာဝန်က မိမိ၏ ခန္ဓာကိုယ်ကို စစ်ဆေးရန်လိုအပ်လျှင် မိဘများရှေ့မှောက်တွင်သာ အဝတ်အစားမပါရှိဘဲ စစ်ဆေးမှုကို ခံယူရမည်ဖြစ်ကြောင်း ကလေးများကို အသိပေးထားသင့်ပေသည်။


ခန္ဓာကိုယ်ထိတွေ့မှု နယ်နိမိတ်

          မိမိခန္ဓာကိုယ်၏ အရေးကြီးသော အစိတ်အပိုင်းများကို မည်သူတစ်ဦးတစ်ယောက်ကမျှ ကိုင်တွယ်ခြင်းမပြုစေရန်နှင့် အခြားတစ်စုံတစ်ယောက်က ကိုင်တွယ်ခွင့်တောင်းခြင်းကို ခွင့်မပြုရန်လည်း သင်ကြားသင့်သည်။ လိင်အမြတ်ထုတ်သူများသည် တစ်ခါတစ်ရံတွင် ကလေးငယ်များ၏ လိင်အင်္ဂါကို ကိုင်ကြည့်ရန်ပြောဆိုခြင်း၊ အခြားတစ်ယောက်ကို ကိုင်တွယ်စေခြင်း စသည်ဖြင့် မြှူဆွယ်ကာ ကျူးလွန်လေ့ရှိကြကြောင်း သတိမူကြရမည်ဖြစ်သည်။


ပွင့်လင်းစွာ ပြန်ပြောတတ်ပါစေ

                   မိမိကလေးများကို မည်သူက မည်သို့ပင်ဖြစ်စေ၊ လျှို့ဝှက်ထားခြင်းသည် မကောင်းဘဲ တစ်ယောက်ယောက်က လိင်နဲ့ပတ်သက်၍ ကြံစည်မှုပြုတိုင်း မိဘများကို ပြန်လည်ပြောပြစေရန် သင်ကြားပေးသင့်သည်။


ကိုယ်အင်္ဂါများကို မည်သူမှ ဓာတ်ပုံမရိုက်ပါစေနှင့်

          ဤအချက်ကို မိဘများက သတိမထားမိတတ်ကြချေ။ ကလေးငယ်များ၏ ကိုယ်တီးလုံးပုံများကို ရိုက်ကူးကာ အွန်လိုင်းပေါ်တွင် အရောင်းအဝယ်ပြုလုပ်မှုများနှင့် ကလေးသူငယ် လိင်ကိစ္စကို စိတ်ဝင်စားသူများ အများအပြားရှိနေသည်။ ထို့ကြောင့် မိမိရင်သွေးများကို မိမိတို့လျှို့ဝှက်ထားရမည့် လိင်အင်္ဂါများကို မည်သူ့ကိုမှ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ခွင့်မပြုရန် မှာကြားထားရမည်ဖြစ်သည်။


အခြေအနေဆိုးမှ ရုန်းထွက်နိုင်ရန် သင်ကြားထားပါ။

          မည်သူ့ကိုဖြစ်စေ အခြေအနေဆိုးတစ်ရပ်နှင့် ရင်ဆိုင်ရသည့်အခါ သို့မဟုတ် မိမိစိတ်တွင် ဆိုးရွားသောအခြေအနေဟု ခံစားရသည့်အခါများတွင် မိမိတို့ ထွက်ခွာသွားမည်ဖြစ်ကြောင်း ပြောခြင်းသည် ကောင်းမွန်ကြောင်းသင်ကြားထားရမည်ဖြစ်သည်။ အခြေအနေဆိုးတစ်ရပ်မှ လွတ်ထွက်ရမည့် စကားလုံးများကို ပြောကြားထားရမည်ဖြစ်သည်။

          မလုံခြုံသော အခြေအနေတွင် သင်္ကေတတစ်ခုကို အသုံးပြုနိုင်ပါစေ

          အသက်အနည်းငယ်ကြီးလာသည့် ကလေးများကို မလုံခြုံသော စိတ်ခံစားမှုများဖြစ်ပေါ်လာချိန်တွင် အသုံးပြုနိုင်ရန် သင်္ကေတတစ်ခုကို သင်ကြားပေးထားရပေမည်။ ယင်းသင်္ကေတကို ကလေးများသည် မိမိတို့အိမ်တွင် အသုံးပြုနိုင်သကဲ့သို့ အိမ်တွင် ဧည့်သည်များရှိနေစဉ် သို့မဟုတ် ဆော့ကစားနေစဉ်၊ အိပ်ရာပေါ်ရောက်ရှိနေစဉ် အသုံးပြုနိုင်ရန် ပြောဆိုထားရမည်ဖြစ်သည်။


အမှန်အတိုင်းပြောသဖြင့် ဒုက္ခမရောက်ကြောင်းသိရှိပါစေ

          လိင်အမြတ်ထုတ်ခြင်းခံခဲ့ရသည့် ကလေးအချို့က စာရေးသူအား ယင်းတို့သည် အမှန်အတိုင်း ထုတ်ဖော်ပြောလျှင် ဒုက္ခရောက်ကြလိမ့်မည်ဟု ထင်ခဲ့ကြကြောင်း မကြာခဏ ပြောဆိုခဲ့ကြသည်။ ထိုသို့ ကလေးများ ကြောက်လန့်မှုကို လိင်စော်ကားမှု ကျူးလွန်သူများက အသုံးချခဲ့ကြသည်။ မည်သည့် အကြောင်းအရာက မည်သို့ပင်ဖြစ်စေ ကလေးတို့သည် မိမိတို့ ခန္ဓာကိုယ်လုံခြုံမှုနှင့် ခန္ဓာကိုယ်လျှို့ဝှက်နေရာများကို ပြောဆိုခြင်းသည် မည်သည့်ဒုက္ခမှ တွေ့ရမည်မဟုတ်ကြောင်း နားလည်သဘောပေါက်ကြရန် လိုအပ်သည်။


ယားခြင်းနှင့်ခံစားမှုကောင်းမွန်ခြင်း

          ကလေးသူငယ်များ လိင်အမြတ်ထုတ်ခံရမှုတွင် လျှို့ဝှက်ရမည့် လိင်အင်္ဂါအစိတ်အပိုင်းများကို ထိတွေ့ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ကလေးငယ်များကို ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကိုင်တွယ်ခြင်းသည် ယားယံမှု သို့မဟုတ် ခံစားချက်ကောင်းမွန်မှုတို့ ရှိနိုင်ကြောင်းပြောပြထားရမည်။ ထို့အတူ ကိုင်တွယ်ထိတွေ့ခြင်းကြောင့် မည်သည့်အရာများ ဖြစ်ပေါ်လာနိုင်ကြောင်းကို ကလေးများ သိရှိစေရန် ရှင်းလင်းသင်ကြားသင့်ပေသည်။


ကလေးနှင့် ဆွေးနွေးပါ

          အထက်တွင်ဖော်ပြခဲ့သည့် အကြောင်းအရာများကို မိမိ၏ ရင်သွေးနှင့် ဆွေးနွေးခြင်းသည် လိင်အမြတ်ထုတ်ခံရမှုမှ ကာကွယ်ရေးတွင် အရေးကြီးသော အချက်တစ်ရပ်ဖြစ်သည်။ ချေ။ကလေးငယ်ကို မိဘများက သန့်ရှင်းရေး လုပ်ပေးသည့်အချိန်၊ သို့မဟုတ် တစ်ခုခုလိမ်းပေးရန် လိုအပ်ချိန်တွင် လိင်အင်္ဂါကို ကိုင်တွယ်ပေးနိုင်သော်လည်း အခြားမည်သူမှမကိုင်ရကြောင်း ပြောပြထားနိုင်သည်။ အခြားသူများတွင် ဦးလေး၊ အဒေါ်များ၊ ဆရာဆရာမများနှင့် သူငယ်ချင်းများပါဝင်ကြောင်း ပြောဆိုထားရမည်။ သူတို့သည် မိမိကို ဂရုစိုက်သည့်တိုင် ပေါင်ကြားသို့ ကိုင်တွယ်ခွင့်မပေးရကြောင်း ကလေးကို နားလည်ထားစေသင့်သည်။

Credit : ကောင်းစည်သူ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18