Print

သားသမီးယူလိုသူတို့ သားဥကြွေရက် သိရှိစေရန်

  21-Feb-2020
Preview Image

သင်က သားသမီးယူဖို့ ကြိုးစားနေရင် သင်ရဲ့ သားဥကြွေ ရက်ကို သိရှိဖို့ လိုပါတယ်။သား ဥကြွေတဲ့ ရက်နဲ့ သားဥကြွေပြီး သုံးရက်မြောက်နေ့ အထိ သားသမီး ရနိုင်ခြေ များတာကြောင့်ပါ။ သားဥကြွေ တယ်ဆိုတာက အမျိုးသမီး ရဲ့ သားအိမ် တစ်ဖက် တစ်ချက်စီမှာရှိတဲ့ သားဥအိမ်တွေကနေ တစ်လုံး ဒါမှမဟုတ် တစ်လုံးထက် ပိုတဲ့ သားဥတွေ ကို ထုတ်ပေးတာပါ။ 


သားဥကြွေတဲ့ အချိန်မှာ အမျိုးသားနဲ့ စပ်ယှက်တဲ့အခါ သားဥလေးက မျိုးအောင်ပြီး သားသမီး ရရှိနိုင်ပါတယ်။ သားဥကြွေ တဲ့ရက်ကို သိနိုင်ဖို့ အောက်ပါ လက္ခဏာတွေကို သိရှိထားဖို့ လိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု သားဥကြွေရက်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု အနည်းငယ် ရှိနိုင်ပါတယ်။ မသိသာ လွန်း တာကြောင့် သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ -ရင်သားတင်းတာ -ဗိုက်အောင့်တာ -ယောနိလမ်းကြောင်းမှ အရည်ဆင်းတာက ပုံမှန်ထက် အနည်းငယ် ပိုများတာ -သားအိမ်ခေါင်းအဝ ပုံသဏ္ဌာန် အနည်းငယ် ပြောင်းလဲမှုရှိတာ (ဆရာဝန် စမ်းသပ်ကြည့်မှ သိနိုင်) ခန္ဓာကိုယ် အပူချိန် အမေရိကန် သားဖွားနဲ့ မီးယပ်ကောလိပ်က သားဥကြွေချိန်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ် အပူချိန် အနည်းငယ် မြင့်တက်တယ်လို့ ဆိုပါတယ်။ ကိုယ်အပူချိန် အနည်းငယ် တက်တာကို သိရှိနိုင်ဖို့က နေ့စဉ် အိပ်ရာထမှာ ကိုယ်ပူချိန် တိုင်းတာထားဖို့တော့ လိုပါတယ်။ 


ဖျားတာ၊ အိပ်ပျက်များတာ၊ အလုပ်ပင်ပန်းတာ၊ စိတ်လှုပ်ရှားနေတာ စတဲ့ အချိန်တွေမှာတော့ ကိုယ်ပူချိန်ကို တိတိကျကျ တိုင်းတာလို့ မရနိုင်ပါဘူး။ မိန်းမကိုယ်မှ ဆင်းသော အရည် သားဥကြွေတဲ့ရက်ကို မိန်းမကိုယ်မှ ဆင်းတဲ့အရည်ကို ကြည့်ပြီးလည်း ခွဲခြားသိနိုင်ပါတယ်။ အမျိုး သမီးတွေရဲ့ မိန်းမကိုယ်က အမြဲလိုလို စွတ်စိုနေ တတ်တယ် ဆိုပေမယ့် သားဥကြွေရက် မှာတော့ တခြားနေ့တွေ ထက် ပိုပြီး စွတ်စိုနိုင်သလို အရောင် အဆင်းလည်း ကွဲပြား ပါတယ်။ 


ဓမ္မတာ လာပြီးနောက်မိန်းမကိုယ်မှ ဆင်းတဲ့ အရည်က စေးကပ်ကပ် ဖြစ်နေတာမျိုး သတိထားမိနိုင်ပါတယ်။ ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခုကြား သားဥကြွေတဲ့ ရက်မှာတော့ မိန်းမကိုယ်မှ အရည်ဆင်းတာက ခါတိုင်းရက်တွေထက် အနည်းငယ် ပိုများပြီး ကြက်ဥစိမ်းရဲ့ အကာရည်ကြည်လိုပဲ အရည်ကြည်တွေ ဆင်းတတ်ပါတယ်။ သားဥကြွေပြီး နောက်ရက်တွေမှာ အရည်ဆင်းတာ နည်းသွားပြီး အရည်ကြည်ကနေ အရောင်နည်းနည်း အနောက် ဖြစ်သွားပါတယ်။ 


မိန်းမကိုယ်တွင်း ဆေးတောင့်ထည့်ပြီး ကုသမှု ခံယူနေရသူတွေ၊ နို့တိုက်မိခင်၊ သွေးဆုံးပြီး အမျိုးသမီးတွေ၊ သားအိမ်ခေါင်း ခွဲစိတ်ကုသမှု ခံယူထားသူတွေ အနေနဲ့ မိန်းမကိုယ်မှ ဆင်းတဲ့ အရည်ကို သတိထားကြည့်မယ်ဆိုရင် အခုပြောပြတဲ့ အချက်တွေနဲ့ အနည်းငယ် လွဲတာမျိုး ဖြစ်နိုင်ပါတယ်။


Ref:

အလင်း (ဆေးဝါး)




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18