Print

သားသမီးရဖို့ ခက်ခဲလာခြင်းနှင့် အမျိုးသားတို့ ကဏ္ဍ

  30-Dec-2019
Preview Image

          ၂၁ ရာစုမှာ နည်းပညာတွေ ခေတ်မီတိုးတက်လာတာနဲ့အမျှ အမျိုးသားနဲ့ အမျိုးသမီးတွေမှာလည်း စီးပွားရေး၊ လူမှုရေးစတဲ့နေရာတွေမှာ တန်းတူလှုပ်ရှားဆောင်ရွက်နေကြတာတွေကို တွေ့ရပါတယ်။ အမျိုးသမီးတွေမှာ ၃၅ နှစ်နဲ့အထက် ၃၇၊ ၃၈ အသက်အရွယ်ရောက်မှ အိမ်ထောင်ပြုကြတာတွေကြောင့် သားသမီးရဖို့ ပိုပြီး ခက်ခဲလာတာကို တွေ့ရပါတယ်။


          ဇနီးမောင်နှံခြောက်တွဲမှာ တစ်တွဲက သားသမီးရဖို့ ခက်ခဲနေတယ်လို့လည်း သိရပြီး ဒီလိုသားသမီးရဖို့ခက်ခဲလာတာ ဘာကြောင့်လဲ၊ အမျိုးသမီးကြောင့်လား အမျိုးသားကြောင့်လားဆိုတဲ့ မေးခွန်းတွေအပြင် သားသမီးရယူနိုင်တဲ့ ခေတ်မီသိပ္ပံနည်းတွေအကြောင်းကိုပါ ဒေါက်တာ ဉာဏ်ကို(သားဖွားမီးယပ်နှင့် မျိုးဆက်ပွားဆိုင်ရာအထူးကုဆရာဝန်ကြီး) နဲ့ တွေ့ဆုံမေးမြန်းပြီး ဖော်ပြပေးလိုက်ရပါတယ်။


အိမ်ထောင်ကျပြီးအချိန်ဘယ်လောက်အတွင်းမှာ သားသမီးရနိုင်ခြေရှိပါသလဲ ဆရာ။

          အိမ်ထောင်ကျပြီးအချိန်မှာ လုံလောက်တဲ့ နေထိုင်မှုရှိမယ်၊ ကိုယ်ဝန်တားဆေးတို့ရှောင်တာတို့ မလုပ်ဘဲ သားသမီးရဖို့အတွက်ဆိုရင် အိမ်ထောင်ကျပြီး ပထမ တစ်နှစ်အတွင်း စုံတွဲ ၁၀၀ မှာ ၈၅ယောက် ရနိုင်ခြေရှိတယ်။ ဒုတိယတစ်နှစ်မှာဆိုရင်တော့ ၉၂ ရာခိုင်နှုန်းရှိတယ်။ ကျန်တဲ့သားသမီးမရနိုင်တဲ့ ရှစ်ရာခိုင်နှုန်းကတော့ ဆေးပညာနည်းအရ ပြန်လည်အဖြေရှာပြီး စစ်ဆေးကုသဖို့ လိုအပ်ပါတယ်။


သားသမီးရဖို့ ဘယ်လိုအချက်အလက်တွေ လိုပါသလဲဆရာ။

          သားသမီးရဖို့အတွက် အကြမ်းဖျင်းအနေနဲ့ အဓိကလိုအပ်တဲ့ အချက်တွေက

-       အမျိုးသားမှာရှိတဲ့ သူ့ရဲ့သုက်ပိုးစံချိန်မြင့်နေရပါမယ်။

-       အမျိုးသမီးအတွက်ကတော့ သားဥပြွန်နှစ်ဖက်ပွင့်ရမယ်။

-       မျိုးဥပုံမှန်ကြွေရမယ်။ တစ်လတစ်ကြိမ်ရာသီလာတယ်ဆိုတာကို တစ်လတစ်ကြိမ်ပုံမှန်မျိုးဥကြွေတယ်လို့ အကြမ်းဖျင်းယူဆလို့ ရပါတယ်။

-       လုံလောက်တဲ့ အတူနေထိုင်မှုရှိရမယ်။ ဥပမာ - သင်္ဘောသားဆိုရင် တစ်နှစ်လောက်ပင်လယ်ပြင်ကို ထွက်သွားတယ်။ တစ်လလောက်ပဲ နေတယ်ဆိုရင် လုံလောက်တဲ့ အတူနေထိုင်မှုရှိတယ်လို့ မယူဆပါဘူး။

တိတိကျကျပြောရရင်တော့ တစ်ပတ်မှာ နှစ်ကြိမ်၊ နှစ်ရက်ခြား သုံးရက်ခြား တစ်ကြိမ်နေတယ်ဆိုရင် လုံလောက်တဲ့ အတူနေထိုင်မှုလို့ ပြောလို့ရပါတယ်။


သားသမီးရဖို့အတွက် ဘာကြောင့် ခက်ခဲရတာပါလဲဆရာ။

          ၃၅ နှစ်နဲ့အထက် ၃၇၊ ၃၈ မှာ ခြောက်လလောက် လုံလောက်တဲ့ အတူနေထိုင်မှုရှိရဲ့သားနဲ့ သားသမီးမရဘူးဆိုရင် စစ်ဆေးမှုတွေစတင်လုပ်ဖို့ လိုပါတယ်။ ဒီလိုအသက်အရွယ်ကြောင့် သားသမီးရဖို့ ခက်ခဲလာတယ်ဆိုတဲ့ ပြဿနာဟာ အရင်ကထက်စာရင် အခုအချိန်မှာ ပိုပြီးများလာတာကို တွေ့ရပါတယ်။ ဇနီးမောင်နှံခြောက်တွဲမှာ တစ်တွဲက သားသမီးရဖို့ ခက်ခဲနေပါတယ်။


ဘာကြောင့် မျိုးပွားနိုင်တဲ့ စွမ်းရည်ကျရတာပါလဲ ဆရာ ။

          ဘာကြောင့် ကျသွားတာလဲဆိုရင်တော့ နေထိုင်မှုပုံစံလို့ခေါ်တဲ့ အစားအသောက်၊ လေ့ကျင့်ခန်းအပြင် တခြား ပြင်ပအကြောင်းအရင်းများစွာနဲ့ ဆက်စပ်နေပါတယ်။ အဓိကကတော့ အစားအသောက်မှာ အစားဆိုရင် ရိုးရှင်းတဲ့ အစားအသောက်ကိုပဲ စားသင့်တယ်။ လက်ရှိမှာ ဖြစ်နေတာက အစားအသောက်ဆိုရင် ပင်လယ်စာတွေစားမယ်၊ ဆေးလိပ်၊ အရက်၊ ကော်ဖီ စတာတွေ သောက်ကြတယ်။ မိုက်ခရိုဝေ့ဗ်နဲ့ လုပ်ထားတဲ့အကင်တွေ စားစရာတွေကို စားတယ်၊ ဒီလိုအစားအသောက်တွေ စုံလာတဲ့ အချိန်မှာ အမျိုးသား၊ အမျိုးသမီးတွေရဲ့ မျိုးပွားနိုင်တဲ့ စွမ်းရည်ကို တစ်နည်းတစ်ဖုံနဲ့ ထိခိုက်စေပါတယ်။


တချို့တွေမှာ ကျန်းမာရေးအသိနဲ့ Gym ဆော့ပေမယ့် တချို့ကတော့လည်း လုပ်ငန်းခွင်မှာ တစ်နေကုန်ထိုင်ပြီးတော့ လုပ်ရတာဖြစ်တဲ့အတွက် ခန္ဓာကိုယ်က ဝလာတာမျိုးတွေဖြစ်တယ်။ အလွန်ပိန်တာ၊ အလွန်ဝတာတွေက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းကို ထိခိုက်တဲ့အတွက် မျိုးပွားနိုင်တဲ့ စွမ်းရည်ကို လျော့ကျစေပါတယ်။


အရင်က ရိုးရိုးရေသောက်တယ်၊ အခု သတ္ထုနဲ့ရေသန့်ဘူးတွေကို သောက်ကြတယ်။ ရေသန့်ဘူးတွေကိုလည်း ဆိုင်ကနေရောင်ထဲမှာ ထားတယ်။ အိမ်ရောက်တော့ ရေခဲသေတ္တာထဲမှာ ထားတယ်ဆိုရင် ရေထဲမှာ မလိုအပ်တဲ့ ဓာတ်တွေ ထွက်လာတယ်။


နောက်တစ်ခုအရေးကြီးဆုံးက ဖုန်းတွေကို ရင်ဘတ်အိတ်ကပ်ထဲမှာ ထည့်တယ်။ ခါးကြားမှာ ညှပ်တယ်၊ ဖုန်းရဲ့ တုန်ခါမှုတွေ မမြင်နိုင်တဲ့ လှိုင်းတွေကတစ်ဆင့် ဟော်မုန်းတွေကို ထိခိုက်မှုဖြစ်လာတာကိုလည်း တွေ့ရတယ်။ ဒီလိုနေထိုင်မှုပုံစံတွေ ပြောင်းလဲလာတဲ့အတွက်ကြောင့် မွေးဖွားနိုင်တဲ့စွမ်းရည်တွေကလည်း တဖြည်းဖြည်းကျလာတယ်။


ဇနီးမောင်နှံနှစ်ယောက်မှာ ဘယ်သူ့ကြောင့် ကလေးမရတာ ပိုဖြစ်နိုင်ပါသလဲဆရာ။

          အရင်ကတော့ အမျိုးသမီးကြောင့်လို့ ယေဘုယျထင်ကြပေမယ့် အခုအချိန် သုတေသနပေါင်းများစွာကို စစ်ဆေးမှုပေါင်းများစွာကို လုပ်ပြီးတဲ့အချိန်မှာ အမျိုးသားကြောင့် ၄၀ ရာခိုင်နှုန်း၊ အမျိုးသမီးကြောင့် ၄၀ ရာခိုင်နှုန်းနဲ့ အကြောင်းအရင်းရှာမတွေ့ဘူးဆိုတာထက် စစ်ဆေးလို့မရတဲ့ အသေးစိတ်အချက်အလက်လေးတွေက ၂၀ ရာခိုင်နှုန်းဆိုပြီးတွေ့ရပါတယ်။ ပြောချင်တာကတော့ အမျိုးသမီးကြောင့် သားသမီးမရတာ ပိုဖြစ်နိုင်ချေရှိတယ်ဆိုပြီး အကြမ်းဖျင်းသတ်မှတ်ထားတာတွေက မမှန်ပါဘူး။ သားသမီးမရနိုင်တာ အမျိုးသားကြောင့်ရော အမျိုးသမီးကြောင့်ပါ ဖြစ်နိုင်တယ်ဆိုတာကို တွေ့ရပါတယ်။


ကူးစက်ရောဂါတွေကကော ဘာတွေလဲဆရာ။

          အခုခေတ်မှာ လိင်ဆက်ဆံမှုက ပိုပြီး ပွင့်လင်းလာတယ်။ အဲဒီအခါ လင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေက အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်တာပိုများလာတယ်။ အမျိုးသမီးမှာဆိုရင် လိင်ဆက်ဆံမှုကြောင့် သားဥပြွန်ရောင်ပြီး ပိတ်သွားတာရှိတယ်။ အမျိုးသားတွေမှာလည်း မျိုးပွားအင်္ဂါတွေ ရောင်သွားတာရှိတယ်။ အရမ်းပိန်၊ အရမ်းဝတာတွေဖြစ်လို့ ဟော်မုန်းတွေမမျှတမှုကြောင့်လည်း သားသမီးရနိုင်ခြေနည်းတာမျိုးဖြစ်ပါတယ်။


အမျိုးသားတွေမှာကော သွေးဆုံးတာရှိလားဆရာ။

          အမျိုးသားတွေမှာလည်း အသက်ကြီးလာတာနဲ့အမျှ မျိုးပွားနိုင်တဲ့ စွမ်းရည်တွေ ကျသွားပါတယ်။ ဒါပေမယ့် သွေးဆုံးတယ်ဆိုပြီး သတ်မှတ်ချက်အတိအကျကြီး မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ သုက်ပိုးထုတ်လုပ်မှုကလည်း အသက်ကြီးတဲ့အထိ ထုတ်လုပ်နိုင်တဲ့အတွက်ကြောင့် အသက် ၇၀ အမျိုးသားနဲ့၊ အသက်ငယ်ငယ်အမျိုးသမီးတစ်ယောက် အိမ်ထောင်ထူထောင်တဲ့အခါ ကလေးရနိုင်ခြေရှိပါတယ်။ ဒါကြောင့် အမျိုးသားတွေမှာ ဘယ်ချိန်လူပျိုဖော်စဝင်တယ်၊ ဘယ်ချိန် သွေးဆုံးတယ်ဆိုပြီး သတ်မှတ်ထားတဲ့ အသက်အရွယ်မရှိပါဘူး။

Credit : သဇင်ဖြူဖြူထွေး

 

         

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18