Print

သားသမီးရဖို့ ဘာကြောင့်ခက်ခဲလာကြတာလဲ နှင့် အမျိုးသားတို့ကဏ္ဍ အပိုင်း (၂...

  20-Nov-2019
Preview Image


          ၂၀ ရာစုမှာ နည်းပညာတွေ ခေတ်မီတိုးတက်လာတာနဲ့အမျှ အမျိုးသားနဲ့ အမျိုးသမီးတွေမှာလည်း စီးပွားရေး၊ လူမှုရေး စတဲ့နေရာတွေမှာ တန်းတူလှုပ်ရှားဆောင်ရွက်နေကြတာကို တွေ့ရပါတယ်။ အမျိုးသမီးတွေမှာ ၃၅ နှစ်နဲ့အထက် ၃၇၊ ၃၈ အသက်အရွယ်ရောက်မှ အိမ်ထောင်ပြုကြတာတွေကြောင့် သားသမီးရဖို့ပိုပြီး ခက်ခဲလာတာကို တွေ့ရပါတယ်။ ဇနီးမောင်နှံခြောက်တွဲမှာ တစ်တွဲက သားသမီးရဖို့ ခက်ခဲနေတယ်လို့လဲ သိရပြီး ဒီလိုသားသမီးရဖို့ခက်ခဲလာတာ ဘာကြောင့်လဲ၊ အမျိုးသမီးကြောင့်လား၊ အမျိုးသားကြောင့်လားဆိုတဲ့ မေးခွန်းတွေအပြင် သားသမီးရယူနိုင်တဲ့ ခေတ်မီသိပ္ပံနည်းတွေအကြောင်းကိုပါ ဒေါက်တာ ဉာဏ်ကို (သားဖွားမီးယပ်နှင့် မျိုးဆက်ပွားဆိုင်ရာ အထူးကုဆရာဝန်ကြီး) နဲ့ တွေ့ဆုံမေးမြန်းပြီး ဖော်ပြပေးလိုက်ရပါတယ်။


သုက်ပိုးစစ်ဆေးမှု အကြောင်းလေး အနည်းငယ်ပြောပြပေးပါဆရာ။

          တစ်ကိုယ်လုံးမှာရှိတဲ့ ရောဂါတွေကို အရင်ဆုံးစမ်းသပ်စစ်ဆေးမယ်။ မျိုးပွားအင်္ဂါတွေကို စစ်ဆေးမယ်၊ သုက်ပိုးကိုစစ်မယ်၊ စစ်တဲ့အခါ Basic နဲ့ Advanced ဆိုပြီး ရှိတယ်။ သုက်ပိုးအရေအတွက်တွေ ဘယ်လောက်လဲ၊ သုက်ပိုးရဲ့ လှုပ်ရှားမှုတွေက ဘယ်လောက်မြန်လဲ ဆိုတာတွေကို Basic မှာ စစ်တယ်။ Advanced ဆိုတာကတော့ ဟော်မုန်းတွေလည်း စစ်တယ်။ အထူးစစ်ဆေးမှုတွေဖြစ်တဲ့ ဖခင်မှာရှိတဲ့ မျိုးရိုးဗီဇဆဲလ်တွေ ဘယ်လောက်ထိ ကျန်းမာသန်စွမ်းလဲဆိုတာတွေစစ်တာကို Advanced မှာစစ်တယ်။


စစ်ဆေးရတဲ့ရည်ရွယ်ချက်နဲ့ ရနိုင်တဲ့အကျိုးကျေးဇူးတွေကို ပြောပြပေးပါဆရာ။

          မျိုးပွားမှု စွမ်းရည်ကောင်းဖို့ဆိုရင် အထွေထွေကျန်းမာရေးကောင်းဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစားအသောက်တွေ စားခိုင်းတယ်၊ အားကစားတွေ လေ့ကျင့်ခန်းတွေ လုပ်ခိုင်းတယ်၊ အရက်၊ ဘီယာ၊ ဆေးလိပ်တွေကို မသောက်ဖို့၊ တတ်နိုင်သမျှလျှော့ဖို့ လိုတယ်။ ကျန်းမာရေးနဲ့သင့်တော်တဲ့ အမူအကျင့်တွေကို လုပ်ခိုင်းတယ်။ အချိန်ကာလ တစ်ခုကိုရောက်တဲ့အခါ သုက်ပိုးစွမ်းရည်ကို ပြန်စစ်တယ်။ လိုအပ်ရင် သုက်ပိုးအားကောင်းတဲ့ဆေး၊ ဟော်မုန်းဆေးတွေပေးတယ်။ ဒီလိုတွေလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ သဘာဝအတိုင်းသားသမီးရအောင် လုပ်ပေးဖို့အတွက်ပဲ ဖြစ်ပါတယ်။ အတူနေမယ့်ရက်တွေကို ပြန်တွက်ပေးတယ်။ နောက်ဆုံး ကျန်းမာရေးလည်းကောင်းတယ်၊ မျိုးပွားမှုဆိုင်ရာစွမ်းရည်လည်း ကောင်းရဲ့သားနဲ့ သားသမီးမရနိုင်ဘူးဆိုရင် သိပ္ပံနည်းပညာအကူအညီနဲ့ သားသမီးရဖို့ ဆောင်ရွက်ရပါတယ်။


အခြားကုသနည်းတွေရှိရင်လည်း ပြောပြပေးပါဆရာ။

          မျိုးရိုးဗီဇဆေးတွေက သီးသန့်ရှိတယ်သားဥပြွန်ပိတ်တယ်ဆိုရင် ပွင့်အောင် လုပ်တဲ့နည်းရှိတယ်။ အမျိုးသားတွေမှာ သုက်ပိုးအားကောင်းလာအောင် လုပ်တဲ့နည်းက သတ်သတ်မှတ်မှတ်လုပ်လို့ရတဲ့ နည်းရှိသလို အဲဒီနည်းက တချို့အတွက်ကောင်းသွားတာရှိသလို တချို့အတွက် မကောင်းတာမျိုးလည်း ရှိတယ်။ တချို့မှာ သုက်ပိုးတွေပြန်ပြီး အားကောင်းလာတယ်တချို့မှာ အာနိသင်မဖြစ်ဘူးဆိုတဲ့ နည်းတွေလည်း ရှိတယ်။ ဥပမာ - ကပ်ပယ်အိတ်ထဲမှာ သွေးကြောထုံးတဲ့ ရောဂါဖြစ်လို့ ခွဲစိတ်လိုက်တယ်ဆိုရင် သုက်ပိုးတွေပြန်အားကောင်းလာတယ်။ တချို့ကုသမှုတွေမှာ ဗီတာမင်ပဲ ပေးပေး၊ အင်တီအောက်ဆီးဒင့်လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပဲပေးပေး သုက်ပိုးစွမ်းရည်က တက်မလာဘူး။ အဲဒီလိုမျိုးဆိုရင် ဆရာတို့က အချိန်ပေးရတယ်။ ဘယ်လောက်အချိန်ပေးပြီး ကုသရင် သုက်ပိုးတွေ တက်လာမလဲဆိုတာကို တစ်ဖက်ကနေလည်း အမျိုးသမီးက ကျန်းမာရေးကောင်းနေတယ်ဆိုရင်တောင်မှ သူရဲ့ အသက်က ၃၆၊ ၃၇ ဖြစ်နေပြီဆိုရင် အမျိုးသားရဲ့ ကုသမှုက နှစ်နှစ်စောင့်ရမလား၊ သုံးနှစ်စောင့်ရမလားဆိုတာ ကုသရမယ့်အချိန်နဲ့ ဇနီးမယားရဲ့အသက်ပေါ်မူတည်ပြီး စစ်ဆေးဖို့ လိုပါတယ်။ နောက်တစ်ခုက အမျိုးသားရဲ့ မျိုးပွားလမ်းကြောင်းထဲမှာ ဘက်တီးရီးယား ဗိုင်းရပ်စ် ရှိတယ်လို့ ယူဆရင် ဗိုင်းရပ်စ်သတ်တဲ့ဆေးတွေပေးတယ်။ ဟော်မုန်းဓာတ်ကို လှုံ့ဆော်ပေးတဲ့ဆေးတွေပေးတယ်။ အဲဒါနဲ့မှ မရဘူးဆိုရင် သုက်ပိုးရဖို့အတွက် အသေးစားခွဲစိတ်မှုလေးတွေ လုပ်ဖို့ လိုတယ်။


ဘယ်လိုဗီတာမင်အမျိုးအစားတွေကို ပေးတာပါလဲဆရာ။

          ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဆီလီနီယမ်၊ ဇင့်၊ ကိုအင်ဇိုင်းကျူတန်း ပါတဲ့ ဆေးတွေက အမျိုးသားတွေရဲ့ မျိုးပွားနိုင်တဲ့ စွမ်းရည်ကို အားပေးတာတွေ့ရပါတယ်။ အခုနောက်ပိုင်း ကိုအင်ဇိုင်းကျူတန်းက အမျိုးသားရော၊ အမျိုးသမီးပါ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ချေဖျက်ပေးတယ်ဆိုတဲ့ ယူဆချက်တွေကို တွေ့ရတယ်။ အင်တီဘိုင်ရောတစ်ကလည်း မျိုးပွားမှုဆိုင်ရာလမ်းကြောင်းထဲမှာ ပိုးတွေရှိနိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ ဆေးတွေပေးတယ်။ ဆီးကျိတ်တွေရောင်နေတယ်၊ ဂလင်းလေးတွေရောင်နေတယ်ဆိုရင် ဆေးတွေပေးတယ်။ လိင်ဆက်ဆံတာကြောင့်ဖြစ်တဲ့ ရောဂါတွေဆိုရင် သက်ဆိုင်တဲ့ဆေးတွေပေးပါတယ်။


ဘယ်အချိန်ထိ ဆေးသောက်သုံးမှ အာနိသင်ရနိုင်ပါသလဲဆရာ။

          ချက်ချင်းသုက်ပိုးတွေ တက်လာတယ်၊ မတက်လာဘူးဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက် အချိန်ယူရပုံချင်းမတူတော့ ပုံသေပြောလို့မရဘူး။ ဟော်မုန်းဆေးဝါးတွေက အမျိုးသားနဲ့ အမျိုးသမီးသောက်တဲ့ဆေး အတူတူပါပဲ။ ဆေးပေးတဲ့နည်းစနစ်ပုံစံလေးပဲ ပြောင်းတာပါ။ အမျိုးသားတွေရဲ့ ဝှေးစေ့ထဲမှာရှိတဲ့ တက်စတိုစတုန်းဆိုတဲ့ ဟော်မုန်းတွေကို ထွက်အောင်အားပေးလှုံ့ဆော်ပေးတဲ့ သောက်ဆေးရှိတယ်။ ထိုးဆေးတွေရှိတယ်။


ဟော်မုန်းအားဆေးတွေသောက်သုံးတာနဲ့ပတ်သက်ပြီး လွဲမှားတဲ့ အယူအဆတွေ ရှိရင်ပြောပြပေးပါဆရာ။

          လွဲမှားတဲ့အယူအဆကတော့ အမျိုးသားအချင်းချင်းမျှဝေတဲ့ဆေးတွေရှိပါတယ်။ ကလေးမရဘူးလား၊ ဒီဆေးလေးသောက်ကြည့်ကွာဆိုပြီး သေချာနားမလည်ဘဲနဲ့ ဟော်မုန်းပါတဲ့ဆေးတွေကို ပေးတဲ့အချိန်မှာ သုက်ပိုးကောင်လေးပြန့်ပွားတဲ့အခြေအနေကို ထိခိုက်တာမျိုးတွေဖြစ်တာကို တွေ့ရတယ်။ တစ်ခါတစ်လေမှာ အစပိုင်းက ပြောခဲ့သလို ကပ်ပယ်အိတ်ထဲမှာ သွေးကြောထုံးနေတာမျိုးတွေဖြစ်နေရင်လည်း သုက်ကောင်လေးတွေ မထွက်နိုင်လို့ အသေးစားခွဲစိတ်မှုလုပ်လိုက်ရင် ပြန်ကောင်းသွားတာမျိုးလည်းရှိတယ်။


အမျိုးသားတွေမှာ သားကြောဖြတ်တယ်ဆိုတာ ဘယ်လိုမျိုးလဲဆရာ။

          ကလေးထပ်မယူတော့ဘူးဆိုရင် သုက်လွှတ်ကြောတွေကို ဖြတ်လိုက်ပါတယ်။ နောက်ပိုင်း ကလေးပြန်လိုချင်တယ်ဆိုရင် သုက်ကြောကိုပြန်ဆက်တဲ့ ခွဲစိတ်မှုလေးပြန်လုပ်လိုက်ရင် ကလေးပြန်ရနိုင်ပါတယ်။


ကလေးမရတာနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောကြားချင်ပါသေးလဲဆရာ။

          အမျိုးသားတွေနဲ့ ပတ်သက်ပြီး အထူးသတိပြုရမယ့် အခြေအနေလေးတွေလည်း ရှိပါတယ်။ တချို့အမျိုးသားတွေက ကလေးမရခြင်းနဲ့ သူရဲ့ အမျိုးသားစွမ်းရည်ကို ပိုင်းဖြတ်ပါတယ်။ ဥပမာ - သုက်လွှတ်မြန်ခြင်း၊ ပန်းသေပန်းညှိုးခြင်း စတာတွေနဲ့ ကလေးမရတာ မဆိုင်ပါဘူး။ သုက်လွှတ်မြန်တာပဲဖြစ်ဖြစ် နှေးတာပဲဖြစ်ဖြစ် သားသမီးကတော့ရတယ်။ အဲ့ဒီအကြောင်းတွေကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘဲ တစ်လတစ်ကြိမ်ပဲ အမျိုးသမီးနဲ့အတူနေမယ်ဆိုရင် သားသမီးရဖို့ ပိုပြီး ခက်ခဲသွားနိုင်ပါတယ်။

          နောက်တစ်ခုကတော့ ကား၊ စက်ဘီး၊ ဆိုင်ကယ်အက်စီးဒင့်တွေကြောင့် အောက်ပိုင်းချည့်နဲ့သွားတဲ့သူတွေမှာ သားသမီးရအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းတွေ၊ အသည်းရောင် ဘီပိုး၊ စီပိုး၊ HIV ဆေးတွေဆိုရင် ဗိုင်းရပ်စ်သတ်ဆေးတွေက အရမ်းကောင်းလာပြီဖြစ်တဲ့အတွက် လူ့သက်တမ်းစေ့ နေနိုင်နေပါပြီ။ ဒီလိုရောဂါတွေ ငယ်ငယ်ကရှိတယ်။ အရွယ်ရောက်လို့ အိမ်ထောင်ပြုတော့ သားသမီးလိုချင်တယ်၊ သားသမီးမှာ သူ့မှာရှိတဲ့ကူးစက်ရောဂါကို သားသမီးဆီမကူးဘဲနဲ့ ကလေးလိုချင်ပါတယ်ဆိုရင် မျိုးဆက်ပွားဆိုင်ရာအထူးကု ဆရာဝန်တွေက သားသမီးလည်းရရမယ်၊ အဲဒီသားသမီးမှာ ကူးစက်ရောဂါတွေမပါအောင် ဆွေးနွေးအကြံပေးလုပ်ရပါတယ်။

          နောက်တစ်ခုကတော့ ကင်ဆာပါ။ အခုအချိန်မှာ ကင်ဆာဆေးတွေကလည်း အရမ်းကောင်းလာတယ်။ ငယ်ငယ်တုန်းက ကင်ဆာဖြစ်တယ်။ သားအိမ်ကျိတ်ရောင်တဲ့ ကင်ဆာလေးတွေဖြစ်တယ်။ အဲဒါတွေကို ကုသတဲ့အချိန်မှာ အိမ်ထောင်ကျတဲ့အချိန်မှာ မျိုးပွားနိုင်တဲ့ စွမ်းရည်မပျက်စီးအောင် ကင်ဆာကုသတဲ့ဆရာဝန်နဲ့ မျိုးဆက်ပွားဆရာဝန်နဲ့ ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီးတော့ သူတို့အိမ်ထောင်ပြုတဲ့အချိန်ကျရင် သားသမီးရအောင် ဆွေးနွေးပေးပါတယ်။

Credit : ဒေါက်တာ ဉာဏ်ကို(သားဖွားမီးယပ်နှင့် မျိုးဆက်ပွားဆိုင်ရာအထူးကုဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18