Print

သားသမီးရဖို့ ဘာကြောင့်ခက်ခဲလာကြတာလဲ နှင့် အမျိုးသားတို့ကဏ္ဍ အပိုင်း(၁)

  16-Nov-2019
Preview Image

          ၂၀ ရာစုမှာ နည်းပညာတွေ ခေတ်မီတိုးတက်လာတာနဲ့အမျှ အမျိုးသားနဲ့ အမျိုးသမီးတွေမှာလည်း စီးပွားရေး၊ လူမှုရေး စတဲ့နေရာတွေမှာ တန်းတူလှုပ်ရှားဆောင်ရွက်နေကြတာကို တွေ့ရပါတယ်။ အမျိုးသမီးတွေမှာ ၃၅ နှစ်နဲ့အထက် ၃၇၊ ၃၈ အသက်အရွယ်ရောက်မှ အိမ်ထောင်ပြုကြတာတွေကြောင့် သားသမီးရဖို့ပိုပြီး ခက်ခဲလာတာကို တွေ့ရပါတယ်။ ဇနီးမောင်နှံခြောက်တွဲမှာ တစ်တွဲက သားသမီးရဖို့ ခက်ခဲနေတယ်လို့လည်း သိရပြီး ဒီလိုသားသမီးရဖို့ခက်ခဲလာတာ ဘာကြောင့်လဲ၊ အမျိုးသမီးကြောင့်လား၊ အမျိုးသားကြောင့်လားဆိုတဲ့ မေးခွန်းတွေအပြင် သားသမီးရယူနိုင်တဲ့ ခေတ်မီသိပ္ပံနည်းတွေအကြောင်းကိုပါ ဒေါက်တာ ဉာဏ်ကို (သားဖွားမီးယပ်နှင့် မျိုးဆက်ပွားဆိုင်ရာ အထူးကုဆရာဝန်ကြီး) နဲ့ တွေ့ဆုံမေးမြန်းပြီး ဖော်ပြပေးလိုက်ရပါတယ်။


သုက်ပိုးမှာ အရည်အသွေး သတ်မှတ်ချက်ရှိပါသလားဆရာ။

          ဓာတ်ခွဲခန်းမှာ အမျိုးသားဘက်က သုက်ပိုးစွမ်းရည်ဘယ်လောက်ရှိတယ်ဆိုတာကို စစ်ပါတယ်။ စစ်ရမယ့် သတ်မှတ်ချက်လေးတွေ ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေပြီးတော့ စစ်ဖို့အတွက်လမ်းညွှန်ထားတာရှိပါတယ်။ ၂၀၁၀ တုန်းက သတ်မှတ်ခဲ့တဲ့ သုက်ပိုးအရည်အသွေးကတော့ ထွက်ရမယ့်အရည်က ၂ - ၅ စီစီရှိရမယ်။ အမြဲတမ်း အယ်ကာလီဓါတ်ဖြစ်ရမယ်။ ၁ စီစီမှာ ၁၅ သန်းနဲ့အထက် သုက်ကောင်ပါရမယ်၊ ခေါင်းလောင်းပုံစံသုက်ကောင်လေးတွေက ျင်လျင်မြန်မြန်ကူးခပ်နိုင်တဲ့ကောင်ရေ ၄၀ ရာခိုင်နှုန်းကျော်ရှိရမယ်။ သုက်ကောင်ရဲ့ပုံပန်းသဏ္ဍာန် ပုံမှန်က လေး ရာခိုင်နှုန်းနဲ့အထက်ရှိရမယ်၊ သုက်ပိုးအရှင်က ၅၀ ရာခိုင်နှုန်းနဲ့အထက် ရှိရမယ်။ ဒီလိုစံချိန်စံညွှန်းနဲ့ ပြည့်မီရင် ကောင်းတယ်လို့ ယူဆလို့ရပါတယ်။


သုက်ပိုးမူမမှန်တာတွေကောရှိပါသလားဆရာ။

          သုက်ရည်အနည်းအများပေါ် မူတည်တယ်၊ သုက်ပိုးကောင်အရေအတွက်အနည်းများရှိတယ်၊ သုက်ပိုးလှုပ်ရှားမှုမြန်၊ မမြန်ဆိုတာကိုလည်း ကြည့်ရသလို သုက်ပိုးရဲ့ပုံပန်းသဏ္ဍာန်ကိုလည်း ကြည့်ရတယ်။ သုက်ပိုးအသေကောင်တွေပဲ များနေရင်လည်းမရဘူး။ နောက်တစ်ခုက စစ်လိုက်တဲ့ထဲမှာ သုက်ပိုးလုံးဝမပါတာလည်း ရှိတယ်။ ဒါကတော့ အဆိုးဆုံးပေါ့။ ဟိုးအရင်ကတော့ သုက်ပိုးမပါဘူးဆိုရင် ဖခင်ဖြစ်နိုင်ခွင့်က တော်တော်လေးကို နည်းသွားပြီ။ ၁၉၉၀ ကျော်လောက်ကစပြီး ထွက်လာတဲ့သုက်ရည်မှာ သုက်ပိုးမပါဘူးဆိုပေမယ့် ကလေးရနိုင်၊ မရနိုင်ဆိုတာကို မျိုးဥအိမ်ကနေ မျိုးဗီဇလေးယူပြီးတော့ ဖခင်အရင်း၊ မိခင်အရင်းကနေ ကလေးရအောင် လုပ်နိုင်တဲ့နည်းလမ်းတွေ ပေါ်လာပါပြီ။


ဘာကြောင့် သုက်ပိုးအားနည်းတာမျိုးဖြစ်ရတာပါလဲဆရာ။

          အမျိုးသားတွေဟာ ကျန်းမာသန်စွမ်းတယ်။ အလုပ်လုပ်နိုင်တယ်။ ပင်ပန်းဒဏ်ကိုခံနိုင်တယ်ဆိုပေမယ့် အမျိုးသားတွေမှာ ဟော်မုန်းမမျှတတာတွေ ဖြစ်နိုင်တယ်။ အမျိုးသားရဲ့ မျိုးပွားအင်္ဂါမှာ မွေးရာပါချို့ယွင်းမှုတွေ ပါနိုင်တယ်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးတစ်မျိုးမျိုးဝင်တာကြောင့်ပဲဖြစ်ဖြစ်၊ သုက်ပြွန်ကရောင်သွားတယ်။ သုက်ပြွန်က ပိတ်သွားတယ်။ခန္ဓာကိုယ်ထဲမှာ သုက်ပိုးဖြစ်တည်မှုတွေ အားနည်းသွားတယ်။ ငယ်ငယ်တုန်းက ကစားတယ်။ တစ်ခုခုနဲ့ ထိမိခိုက်မိလိုက်တယ်။ သုက်ပြွန်ပိတ်သွားတယ်။ ပြီးတော့ အမျိုးသားတွေမှာဆိုရင် အူကျတယ်၊ ခွဲစိတ်မှုတွေ လုပ်တဲ့အခါ မမျှော်လင့်ဘဲ သုက်ပြွန်ရောင်သွားတယ်၊ ပိတ်သွားတယ်။ နောက်တစ်ခုကတော့ သုက်ပြွန်လမ်းကြောင်းက ပိတ်နေတဲ့အတွက် သုက်ကောင်လေးတွေ မထွက်လာနိုင်ဘဲ လမ်းကြောင်းလွှဲသွားတယ်။ ဆီးသွားတဲ့လမ်းေကြာင်းကတစ်လမ်း၊ သုက်လမ်းကြောင်းကတစ်လမ်းဖြစ်လို့ ဆီးလမ်းကြောင်းကနေ သုက်ကောင်လေးတွေထွက်သွားတယ်။


ဒီလိုတွေမဖြစ်အောင် ကာကွယ်လို့ရနိုင်မလားဆရာ။

          ကျန်းမာတဲ့နေထိုင်မှုပုံစံကို နေဖို့ပါပဲ။ ခန္ဓာကိုယ်အလေးချိန်မတက်အောင်နေမယ်။ သင့်တင့်မျှတတဲ့ အစားအသောက်တွေစားမယ်။ လေ့ကျင့်ခန်းလုပ်မယ်။ လူလည်းကျန်းမာသလို ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေလည်း မျှတနေမှာ ဖြစ်တဲ့အတွက် ကာကွယ်လို့ရတယ်။ အဓိကတော့ လူနေမှုပုံစံတွေ ပြောင်းလာတယ်။ လေထုညစ်ညမ်းမှုတွေ ဖြစ်တယ်။ စားသောက်မှုပုံစံတွေကလည်း တဖြည်းဖြည်း ပြောင်းလဲလာတာတွေက အမျိုးသားရဲ့ မျိုးပွားစွမ်းရည်ကို ထိခိုက်စေတာပါ။ ဥပမာ - ဆေးလိပ်သောက်တယ်။ ဆေးလိပ်မှာပါတဲ့ နီကိုတင်းဓာတ်တွေက မျိုးဥကိုသွားပြီး ထိတဲ့အခါကျရင် သုက်ပိုးတွေက နီကိုတင်းဆိုတဲ့ အဆိပ်အတောက်ဓာတ်ကိုမခံနိုင်ဘဲ သေသွားတယ်။

 

         ၁၉၃၈ ကနေ ၁၉၉၀ အထိ နှစ်ပေါင်း ၅၀ ကြာ လေ့လာမှုတွေ လုပ်ပြီးတဲ့အချိန်မှာ အရင်က သန်း ၁၀၀ ကျော်ကနေ အခု သန်း ၅၀ ကျော်အထိပဲရှိတော့တယ်။ ဥရောပနဲ့အမေရိကနိုင်ငံတွေမှာ တစ်နှစ်ကို တစ်သန်းနှုန်းနဲ့ ကျသွားတာကို တွေ့ရတဲ့အတွက် နှစ်ပေါင်း ၅၀ လေ့လာပြီးတဲ့အချိန်မှာ သန်း ၅၀ ပဲကျန်တော့တယ်။ ၁၉၉၀ ပြည့်နှစ်အထိ စစ်ထမ်းဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်ကနေ နောက်လာမယ့်နှစ်ပေါင်း ၅၀ အထိဆိုရင် ဘယ်လောက်ပဲကျန်မလဲဆိုတာ မခန့်မှန်းနိုင်တော့ဘူး။ ဒီလူနေမှုပုံစံအတိုင်းသာ ဆက်သွားမယ်ဆိုရင် နောင်နှစ် ၅၀ ကြာတဲ့အခါ သဘာဝအတိုင်းကလေးရဖို့ အခြေအနေနည်းသွားပြီး သိပ္ပံပညာရဲ့ အကူအညီမပါဘဲ သားသမီးရဖို့ တော်တော်ခက်ခဲလာမယ်လို့ ခန့်မှန်းလာကြတယ်။

Credit : ဒေါက်တာ ဉာဏ်ကို (သားဖွားမီးယပ်နှင့် မျိုးဆက်ပွားဆိုင်ရာ အထူးကုဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18