Print

လစဉ်သုံးပစ္စည်းကို လဲလှယ်ပေးပါ

  15-Nov-2019
Preview Image

          ရာသီလာချိန်မှာ သန့်သန့်ရှင်းရှင်း ဖြစ်နေဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးက အရေးကြီးပါတယ်။ ဒါဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့အပြင် ဆီးလမ်းကြောင်း ပိုးမဝင်အောင်နဲ့ မိန်းမကိုယ် မှိုစွဲတာ မဖြစ်အောင်လည်း ကာကွယ်ရာရောက်ပါတယ်။ အထူးသဖြင့် ရာသီလာချိန်မှာ အသုံးပြုတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်း မကြာခဏလပေးသင့်ပါတယ်။ တစ်ခုသုံးထားပြီး တစ်နေကုန်နေတာမျိုးကို ရှောင်သင့်တယ်။

 

ဘယ်လောက်တစ်ကြိမ် လသင့်လဲ

          ကျန်းမာရေးပညာရှင်တွေက လေးနာရီကြာတိုင်းမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းကို တစ်ကြိမ်လဲလှယ်သင့်တယ်လို့ အကြံပေးထားပါတယ်။ Tampons အသုံးပြုတယ်ဆိုရင်တော့ နှစ်နာရီကြာတိုင်းမှာ တစ်ကြိမ်လဲပေးရမှာဖြစ်ပါတယ်။ ဒါက ပညာရှင်တွေရဲ့ အကြံပေးချက်ပါ။ ကိုယ်အသုံးပြုတဲ့ပစ္စည်း အရည်အသွေးနဲ့ ကိုယ်ရဲ့တစ်ကိုယ်ရည် လိုအပ်ချက်ပေါ်မူတည်ပြီးလည်း အသုံးပြုနိုင်ပါတယ်။

 

အချိန်ကြာကြာ မလဲလှယ်ပါက

          ကိုယ်ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး အမျိုးသမီးလစဉ်သုံးပစ္စည်း ဲလှယ်တာကို ပြောင်းလဲ အသုံးပြုနိုင်တယ်ဆိုပေမယ့် အချိန်အကြာကြီး မလဲလှယ်ဘဲ ဝတ်ထားတာမျိုးတော့ မလုပ်သင့်ပါ။ ရာသီသွေးဆင်းတာ နည်းတယ်ဆိုပေမယ့် အချိန်ကြာကြာမလဲလှယ်ဘဲ ထားတဲ့အခါ ပိုးမွှားတွေ ပေါက်ပွားနိုင်ပါတယ်။ ရာသီသွေး မများဘူးဆိုပေမယ့် လစဉ်သုံးပစ္စည်းမှာ စိုစွတ်ပြီး ပူနွေးနေတဲ့အခါ ပိုးမွှားတွေ ပေါက်ပွားမှုကို အားပေးတဲ့ အခြေအနေပါတယ်။ ဒါဟာ မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်းထဲ ရောဂါပိုးတွေ ဝင်ရောက်နိုင်ပြီး အရေပြားနီရဲယားယံမှုတွေကိုလည်း ဖြစ်စေပါတယ်။

 

ပုံမှန်အတိုင်းလဲလှယ်ပါ။

          တချို့က ရာသီစလာရက်တွေမှာ သွေးဆင်းချိန်နည်းပြီး နောက်ရက်တွေမှ သွေးဆင်းများတတ်ပါတယ်။ တချို့ကျပြန်တော့လည်း ရာသီလာလာချင်းရက်မှာ သွေးဆင်းများပြီး နောက်ရက်တွေမှာ သွေးဆင်းနည်းသွားတတ်ပါတယ်။ တစ်ခုတည်းသတိထားဖို့ လိုတာကတော့ သွေးဆင်းတာနည်းတဲ့နေ့တွေမှာ လစဉ်သုံးပစ္စည်းကို လဲစရာမလိုပါဘူးဆိုပြီး ဒီတိုင်းဝတ်ထားတာမျိုး မလုပ်ပါနဲ့။ သူအချိန်နဲ့သူ လဲလှယ်ပေးပါ။

 

နှစ်မျိုး သုံးနိုင်တယ်

          တချို့အမျိုးသမီးတွေက လစဉ်သုံးပစ္စည်း အမျိုးအစားနှစ်မျိုးလောက် အသုံးပြုတတ်ကြပါတယ်။ Tampons ထည့်တာရယ် လစဉ်သုံး Pad ခံတာရယ်၊ တချို့လည်း တစ်ခါသုံး အဝတ်စနဲ့လုပ်ထားတာမျိုးနဲ့ လစဉ်သုံး Pad ကို အသုံးပြုတာမျိုးတွေ ရှိတတ်ကြပါတယ်။ နှစ်မျိုးနှစ်စား အသုံးပြုတာကြောင့် စုပ်ယူမှုပိုကောင်းစေပါတယ်။ လဲလှယ်တာကိုတော့ ပုံမှန်အတိုင်းပဲ လဲပေးဖို့လိုပါတယ်။ Tampons အသုံးပြုသူတွေအနေနဲ့ မလဲဘဲထားပါက ပိုးဝင်တာ၊ မိန်းမကိုယ်နီရဲ ယားယံတာတွေအပြင် အဆိပ်အတောက်ပါ ဖြစ်နိုင်ပါတယ်။

 

အကောင်းဆုံးနည်းလမ်း

·         ရာသီလာနေတဲ့ရက်တွေအတွင်းမှာ လစဉ်သုံးပစ္စည်းကို အချိန်မှန်လဲလှယ်ပေးပါ။

·         တစ်ခုတည်းကို - နာရီကြာ မလဲလှယ်ဘဲ ဝတ်ထားတာမျိုးကိုရှောင်ပါ။

·         အသုံးပြုပြီးသား လစဉ်သုံးပစ္စည်းကို စွန့်ပစ်တဲ့အခါမှာလည်း စနစ်တကျစွန့်ပစ်ပါ။

·         လစဉ်သုံးပစ္စည်းလဲလှယ်ပြီးတဲ့အခါမှာလည်း လက်ကို သေချာစွာသန့်စင်ဆေးကြောပါ။

·         လစဉ်သုံးပစ္စည်းကြောင့် မိန်းမကိုယ်နီရဲယားယံတာ၊ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ မိန်းမကိုယ်မှိုစွဲတာတွေ ခံစားရပါက ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။

 

Credit: ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18