Print

မင်္ဂလာမဆောင်ခင် သတို့သား၊ သတို့သမီးတို့ သိထားသင့်သမျှ

  30-Oct-2016
Preview Image

လက်ထပ် တော့မယ်လို့ ပြင်ဆင် နေတဲ့ အချိန်မှာ စိတ်လှုပ်ရှား ရင်ခုန် ရတာက တစ်ဖက်၊ ပင်ပန်းရတာက တစ်ဖက် ဖြစ်နေ နိုင်ပါတယ်။ ဝတ်စုံအပ်တာ၊ ဖိတ်စာ မှာတာ၊ မင်္ဂလာခန်းမ ငှားတာ.. ဘယ်အရာ ကိုမှ အလောတကြီး လုပ်လို့ မရပါဘူး။ အရာရာ တိုင်းကို အချိန်ယူပြီး စနစ်တကျ စီစဉ်ဆောင်ရွက်မှသာ မင်္ဂလာ အချိန်မှာ အစစ အရာရာ အဆင်ပြေ ချောမွေ့ သွားပါ လိမ့်မယ်။ မင်္ဂလာခန်းမမှာ အဆင်ပြေ ချောမွေ့ ရုံနဲ့ တော့ တစ်ဘဝလုံး သာယာမယ်လို့ မဆို နိုင်ပါဘူး။ မင်္ဂလာ ဆောင်ပြီးချိန်မှာ တစ်ဘဝလုံး သာယာ ချမ်းမြေ့ စေရေးအတွက် အခြေခံကျတဲ့ လိုအပ်ချက်ဟာ သတို့သားနဲ့ သတို့ သမီးရဲ့ ကျန်းမာရေး အပေါ်မှာ မူတည် နေပါတယ်။

 

လက်မထပ်ခင် ဆေးစစ်ခြင်း

လက်မထပ်ခင်မှာ သတို့သားရော သတို့သမီးပါ ကျန်းမာရေး စစ်ဆေးမှုကို ခံယူ သင့်ပါတယ်။ ဆေးစစ်ရာမှာ တစ်ဦးမှ တစ်ဦးကို လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေ ရှိ၊ မရှိနဲ့ မျိုးရိုးလိုက်တတ်တဲ့ရောဂါတွေ ရှိ။ မရှိ ဆိုတာကိုစစ်ဆေးသင့်တာဖြစ်ပါတယ်။ ဆေးစစ်ကြည့်လို့ လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိမှန်းသိခဲ့ရင် ကုသပျောက်ကင်းပြီးမှသာ လက်ထပ်သင့်တာဖြစ်လို့ပါ။လက်မထပ်ခင်ဆေးမစစ်ဘဲ ပေါင်းသင်းပြီးခါမှ ရောဂါ ကူးစက်ခံရတဲ့ အိမ်ထောင်သည်တွေ (အများအားဖြင့် ဇနီးမယားတွေ)ကို အတွေ့ရများနေတဲ့အတွက် ဆေးစစ်ခြင်းဟာ အလေးထားသင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု တစ်ရပ်ဖြစ်နေပါတယ်။

 

ရောဂါတွေ့ခဲ့လျှင်

ဆေးစစ် ကြည့်လိုက်လျှင် တစ်ဦးဦးမှာ ရောဂါ တစ်ခုခု ရှိနေခဲ့ရင် တစ်ဦးနဲ့ တစ်ဦး လက်ထပ်ဖို့ ဆုံးဖြတ်ချက် ချတဲ့အခါ အဆင်ပြေပြေ ညှိနှိုင်း နိုင်ပါတယ်။ ဖြစ်တဲ့ ရောဂါကို လက်မထပ်ခင် ကုသ ပျောက်ကင်းအောင် ကုနိုင်ဖို့ ဆရာဝန်နဲ့ ညှိနှိုင်းတာမျိုး၊ ဒါမှမဟုတ် အပြီးတိုင် မပျောက်နိုင်ဘဲ ထိန်းထားနိုင်တဲ့ HIV ပိုးရှိခဲ့ရင် အကာအကွယ် သုံးပြီးပေါင်းသင်း နေထိုင်ဖို့ ဆုံးဖြတ် တာမျိုးတွေ ပြုလုပ် နိုင်ပါတယ်။ လက်ထပ်ပြီးမှ ရောဂါ ရှိမှန်း သိခဲ့ ရင်တော့ “ဆုပ်လည်းစူး၊ စားလည်းရူး”လို အဖြစ်မျိုးတွေ ဖြစ်သွား နိုင်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး မကူးစက် နိုင်ပေမယ့် နှစ်ဦးစလုံးမှာ ရှိခဲ့ရင် မျိုးရိုးလိုက်နိုင်ခြေများတဲ့ ရောဂါတွေ (ဥပမာ - ဆီးချို ရောဂါ၊ သွေးအား နည်းရောဂါ) ရှိခဲ့ရင်လည်း ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပြီးမှ လက်ထပ်ဖို့ ဆုံးဖြတ် နိုင်ပါတယ်။

 

သားသမီးရယူရေး

အိမ်ထောင်သားမွေးဆိုတဲ့ စကားအတိုင်း အိမ်ထောင်ပြုပြီးရင် ကလေးယူခြင်းကပါ တွဲပါလာပါတယ်။ ချက်ချင်း ကလေးမယူချင်သေးဘူးဆိုရင် ကာကွယ်တားဆီးထားဖို့နဲ့ ကလေးယူမယ်လို့ ဆုံးဖြတ်ထားရင်လည်း ဆောင်သင့်၊ ရှောင်သင့်တဲ့အချက်တွေ (ဥပမာ - အမျိုးသမီးအနေနဲ့ အားဖြည့်ဆေး ကြိုတင်မှီဝဲထားနိုင်ဖို့) ဆရာဝန်နဲ့ ကြိုတင် ဆွေးနွေး ထားသင့် ပါတယ်။ အထူးသဖြင့် သတို့သမီးနဲ့ အသက် ၂၅ နှစ်ကျော်နေရင် မြန်မြန် ကလေးယူဖို့ ဆရာဝန်တွေက တိုက်တွန်းလေ့ ရှိပါတယ်။

 

သားသမီးဦးရေ

ဒီနေ့ခေတ်မှာ စီးပွားရေး၊ လူမှုရေး၊ အလုပ်အကိုင်စတဲ့ အကြောင်းကြောင်းတွေကြောင့် ကလေးအများကြီး မယူလို ကြတော့ ပါဘူး။ အကောင်းဆုံး ကတော့ ကလေး ယူတဲ့ အခါမှာ သားသမီး တစ်ဦးနဲ့ တစ်ဦးကြား အနည်းဆုံး သုံးနှစ်လောက် ခြားသင့်ပါတယ်။ တစ်နှစ်တစ်ယောက်နှုန်းနဲ့ ကလေးမွေးနေရင် မိခင်မှာ ပင်ပန်း နိုင်သလိုမွေးလာတဲ့ ကလေးတိုင်းကို အပြည့်အဝ ဂရုစိုက်နိုင်ဖို့ မလွယ်ပါ။

 

စောင့်ထိန်းမှု

အိမ်ထောင် မပြုခင်က ဆေးစစ် လိုက်တော့ ဆေးအောင်ပါရဲ့။ အိမ်ထောင် ပြုပြီး ချိန်မှာ အိမ်ထောင်ဖက် တစ်ဦးက ထင်သလို စိုင်းလိုက်မယ် ဆိုရင်တော့ ဇနီးမောင်နှံနှစ်ဦးစလုံး အတွက် ကိုယ့်ကျန်းမာရေးကို ထိခိုက် စေနိုင်ရုံ သာမက စိတ်ပျော်ရွှင်မှု ကိုပါ ထိခိုက် စေနိုင်ပါတယ်။ ဒါကြောင့် မင်္ဂလာဆောင် ပြီးချိန်မှာလည်း ခင်ပွန်း ကျင့်ဝတ်နဲ့ ဇနီးကျင့်ဝတ်တို့ကို လိုက်နာပြီး သစ္စာရှိရှိ ပေါင်းသင်းနေထိုင်သွားဖို့ အရေးကြီးလှပါတယ်။

 

 

Healthcare.com.mm

 

မြဝတီ

November 2.2012

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18