Print

အရေးပေါ်တားဆေး

  30-Oct-2016
Preview Image

အရေးပေါ်တားဆေး ဆိုတာကို တော်တော်များများသိကြမယ်ထင်တယ်နော်။ အမျိုးသားနဲ့ အမျိုးသမီး အတူတူနေပြီးရင် သောက်တဲ့ဆေးပါ။ ဒါပေမယ့် အရေးပေါ်အချိန်မှာမှ သောက်သင့်တာပါ၊ ခုတော့ ပဲကြီးလှော်ဝါးသလို ၀ါးနေလေတော့ အရေးပေါ်တားဆေးသောက်ရဲ့သားနဲ့ ကိုယ်ဝန်ရှိပြီး အရေးပေါ်အခြေအနေတွေဖြစ်လာတော့တာပေါ့။ လက်ထပ်ပြီးသားသူတွေက ဘာမှမဖြစ်ပေမယ့် လက်မထပ်သေးပဲ အတူနေတဲ့စုံတွဲတွေ အတွက်တော့ ငယ်ထိပ်ကိုမြွေပေါက်တဲ့ကိစ္စပဲလေ။ ဆေးခန်းမှာလဲ ခဏခဏကြုံရပါတယ်။ ဆေးသောက်ပေမယ့် ကိုယ်ဝန်ရှိသွားတယ်၊ ဘယ်လိုလုပ်ရမလဲပေါ့။ ဘာမှလုပ်လို့မရတော့ပါဘူး.. ယူရတော့မှာပေါ့။ ကိုယ်ဝန်ဆိုတာကလည်း ဖျက်ချင်တိုင်း ဖျက်လို့ရတာမှမဟုတ်တာလေ။ ကိုယ်ဝန်ဖျက်ပြီး ဒုက္ခရောက်သွားတဲ့သူတွေမှ အများကြီး။ ဒီလိုမျိုးတွေကြံုရရင် တကယ်ကို ဂရုဏာဒေါသောဖြစ်ရပါတယ်။ အဲ့တော့ မဖြစ်သင့်တာမဖြစ်ရလေအောင် အရေးပေါ်တားဆေးအကြောင်း ပြောပြမယ်နော်။အဲ့ဒီတော့ အခုပြဿနာကအရေးပေါ်ဆေးသောက်ရဲ့သားနဲ့ ဘာလို့ကိုယ်ဝန်ရှိသွားတာလဲပေါ့။ ဘာလို့လဲဆိုတော့ ဒီဆေးရှိတယ်ဆိုပြီး နေချင်သလိုနေသောက်ချင်သလိုသောက်နေကြလို့ပဲနော်။ တကယ်က မြန်မာ့ယဉ်ကျေးမှုအရဆိုရင် လက်မထပ်သေးခင်မှာ ဆင်ဆင်ခြင်ခြင်နေတာအကောင်းဆုံးပဲလေ။ အဲ့လိုမဟုတ်ပဲ ခဏခဏ အတူတူနေဖြစ်မယ်ဆိုရင်တော့ အရေးပေါ်တားဆေး မသောက်ပါနဲ့တော့။ အိမ်ထောင်သည်တွေသုံးတဲ့ တားဆေးကိုပဲသုံးကြပါတော့။ မြှောက်ပေးနေတာမဟုတ်ဘူးနော်။ မဆင်ခြင်နိုင်တဲ့သူတွေအတွက်ပါ။ ခု အရေးပေါ်ဆေးအကြောင်းကိုပဲ ဆက်ကြစို့နော်။

 

အရေးပေါ်တားဆေးဆိုတာဘာလဲ??

Emergency Contraceptive Pill (သို့) Morning After Pill ဟာ တစ်ခါတစ်လေ အကာအကွယ်မရှိဘဲ လိင်ဆက်ဆံမိတဲ့ အရေးပေါ်အခြေအနေတွေမှာသုံးတဲ့ စိတ်ချ

ရတဲ့ဆေးပဲနော်။

- ကွန်ဒုံးကျွတ်သွားရင်/ စုတ်ပြဲသွားရင်

- တားဆေးကဒ်သောက်ဖို့ တစ်နေ့တစ်လုံး သောက်ရာက သောက်ဖို့မေ့သွားပြီး

 

အမျိုးသားနဲ့အတူနေမိရင်

- ရက်ရှောင်နည်းကို သုံးတဲ့သူတွေ ရက်တွက်မှားသွားရင်

- သုတ်ရည်ရှောင်နည်းကို သုံးတဲ့သူတွေ မတော်တဆဖြစ်ခဲ့ရင်

- အဓ္ဓမပြုကျင့်ခံရရင်

စတဲ့အရေးပေါ်အခြေအနေတွေမှာ သောက်နိုင်အောင် ထုတ်လုပ်ထားတာပါ။

 

စိတ်ချရလား??

ဆေးကိုအတူနေပြီး ၃ရက်အတွင်း သောက်နိုင်ပေမယ့် စောစောသောက်နိုင်လေကောင်းလေပါပဲ။ အချိန်ကြာလာလေ ဆေးရဲ့ထိရောက်မှုနဲလေမို့ပါ။ ပြီးတော့တစ်လမှ တစ်ကြိမ်လောက်ပဲ သောက်တာကောင်းပါတယ်။ အကြိမ်အရည်အတွက်များသွားရင်လည်း ဆေးကထိရောက်မှုရှိမှာ မဟုတ်တော့ပါဘူး။ ဆေးသောက်ပြီးမှ အတူနေလို့လည်း မရပါဘူး။ ပြီးတော့ ဒီဆေးကိုသောက်ပြီးရင်လည်း လုံးဝကိုယ်ဝန်မရနိုင်တော့တာမျိုးလည်း မဟုတ်ပါဘူး။ ကိုယ်ဝန်ကို ၉၀ ရာခိုင်နှုန်းလောက်ပဲ ကာကွယ်ပေးနိုင်တယ်လေ။ အဲ့ဒီတော့ ဆေးသောက်ထားပေမယ့်လည်း ရာသီလာမယ့်အချိန်မှာ ရာသီမပေါ်ဘူးဆိုရင် ကိုယ်ဝန်ရှိမရှိ စစ်ဆေးဖို့လိုပါတယ်။

 

ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ??

ဒီဆေးတွေကြောင့် ကြီးကြီးမားမားဆိုးကျိုးမရှိပါဘူး၊တစ်ချို့သူတွေမှာ ပျို့အန်တာမျိုးတော့ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အစားစားပြီးမှသောက်ရင်တော့ ပျို့အန်တာမျိုး သိပ်မဖြစ်နိုင်တော့ပါဘူး။ အရင်ထဲက ပျို့အန်လွယ်တဲ့သူတွေကတော့ တားဆေးမသောက်ခင် နာရီဝက်တစ်နာရီလောက်အလိုမှာ အအန်ပျောက်ဆေး ကြိုသောက်ထားလို့ရပါတယ်။ တခြားဖြစ်နိုင်တာတွေကတော့ ရင်သားနာကျင်ခြင်း၊ သွေးဆင်းခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်းတွေပါပဲ။ တကယ်လို့ ဆေးကိုခဏခဏသောက်တယ်ဆိုရင်တော့ ရာသီမမှန်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

 

ဘယ်လိုသောက်ရမလဲ??

အတူနေပြီးရင် ၃ရက်အတွင်းသောက်လို့ရတယ် ဆိုပေမယ့် စောနိုင်သမျှအစောဆုံးသောက်ပါ။ ဆေးက ၂ လုံးသောက်ရမှာပါ။ ၂ လုံးစလုံးကို တပြိုင်နက်သောက်လို့ရပါတယ်။ ပျို့အန်တတ်တဲ့သူတွေကတော့ တစ်လုံးသောက်ပြီး နောက် ၁၂ နာရီကြာမှ နောက်တစ်လုံးကို သောက်ပါ။ တကယ်လို့ ဆေးသောက်ပြီး ၂ နာရီအတွင်းမှာ အန်ရင်တော့ ပြန်သောက်ရမှာပါ။ ဒီလောက်ဆိုရင်တော့ အရေးပေါ်တားဆေးရဲ့အကြောင်းကို သေချာသိသွားလောက်ပြီနော်။ သတိပေးချင်တာကတော့ အရေးပေါ်တားဆေးကို အလွဲသုံးစားမလုပ်မိစေဖို့ပါပဲ။ ဆေးကိုစိတ်ချယုံကြည်ပြီး အားကိုးရှိတယ်ဆိုပြီး လက်မထပ်ရသေးတဲ့စုံတွဲတွေ မိုက်လုံးကြီးကျရင်တော့ မြန်မာ့ယဉ်ကျေးမှုနဲ့ လူမှုဝန်းကျင်မှာ အရှက်တကွဲ ကိုယ်ကျိုးနည်းရလိမ့်မယ်နော်။ ပြီးတော့ တာဝန်မဲ့တဲ့သူနဲ့တွေ့ရင် သေပြီလေ။ ကိုယ့်ဘဝ၊ ကိုယ်တန်ဖိုး၊ ကိုယ့်သိက္ခာကို ကိုယ်ကိုယ်တိုင်ပဲ ထိန်းသိမ်းရမှာနော် သူငယ်ချင်းတို့..

 

Healthcare.com.mm

 

Ref;

ရင်နှင်း

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18