Print

မျက်ကြည်လွှာ မှိုတက်ခြင်း

  24-Feb-2017
Preview Image

မျက်ကြည်လွှာ၏ အလယ်တွင် ၆ မီလီမီတာ ပတ်လည်ခန့်ရှိသည့် အနာတစ်ခုတွေ့ရှိရပါသည်။ မျက်ကြည်လွှာအနာနေရာတွင် အညိုရောင်နည်းနည်းသမ်းပြီးဖြူနေပါသည်။ အနာဖြစ်သည့်နေရာတွင် တခြား မျက်ကြည်လွှာမျက်နှာပြင်နှင့် နှိုင်းယှဉ် လျှင်အနည်းငယ် ပိုထူနေပြီး မို့နေပါသည်။ အနာပတ်ဝန်းကျင်တစ်ဝိုက်တွင် မျက်ကြည် လွှာသည် ရောင်ရမ်းနေပါတယ်။

 

မျက်ကြည်လွှာ အနာရဲ့အခြေအနေမှာ မျက်ကြည်လွှာဒဏ်ရာရရှိကာ မှိုရောဂါ Fungal infection စွဲကပ်ပြီး အနာဖြစ်နေတဲ့ လက္ခဏာနဲ့ ဆင်တူနေပါတယ်။ မျက်ကြည်လွှာမှာ စွဲကပ်နေတဲ့ မှိုရောဂါပိုးဟာ ကောင်းမွန်နေတဲ့ မျက်ကြည်လွှာမှာ လာပြီးစွဲကပ်တာ ရှားပါတယ်။ မျက်ကြည်လွှာမှာ ထိခိုက်ဒဏ်ရာရရှိလို့ အနာဖြစ်နေရင် အဲဒီအနားမှာ မှိုရောဂါစွဲကပ်တတ်ပါတယ်။ အထူးသဖြင့် မျက်စိကို စပါးနှံ (သို့) သစ်ကိုင်း၊ သစ်ခက်တွေနဲ့ ထိခိုက်ဒဏ်ရာရပြီးနောက် အဲဒီဒဏ်ရာရရှိတဲ့နေရာမှာ စွဲကပ်တတ်ပါ တယ်။ ဒါကြောင့်မို့ တောင်သူလယ်သမားတွေမှာ အဖြစ်များတတ်ပါတယ်။ အဲဒီလို ထိခိုက်ဒဏ်ရာရရှိတဲ့ မျက်ကြည်လွှာအနားမှာ စွဲကပ်နေတဲ့မှိုအမျိုးအစားေ.တွက Asperguillus ခေါ်တဲ့ မှိုမျိုး၊ Fusarium ခေါ်တဲ့ မှိုမျိုးနဲ့ Candida albicans ခေါ်တဲ့ မှိုမျိုးတွေကြောင့် အဖြစ်များပါတယ်။ 

 

အထူးသဖြင့် မျက်ကြည်လွှာမှာ ဒဏ်ရာရရှိပြီး စတီးရွိုက် (Steriod) ပါဝင်တဲ့ မျက်စဉ်းတွေထည့်ရင် ပိုအဖြစ်များပါတယ်။ အဲဒီလို မျက်ကြည်လွှာမှာ မှိုစွဲတဲ့ရောဂါဟာ သာမန် မျက်ကြည်လွှာမှာဖြစ်တတ်တဲ့ အနာတွေထက် ဆေးဝါးကုသရတဲ့ အချိန်ပိုကြာပြီး ကုသမှုရလာဒ်ဟာ မသေချာတဲ့ အခြေအနေမှာရှိပါတယ်။ မှိုရောဂါစွဲကပ်နေတဲ့ မျက်ကြည်လွှာအနာနေရာဟာ ပေါက်ထွက်သွားတတ်ပါတယ်။ မျက်စိပေါက်မထွက်ဘဲ အနာကျက်သွားရင်တောင် အဲဒီအနာဖြစ်တဲ့နေရာမှာ မျက်ကြည်လွှာဟာ ဖြူနေပြီး အပြင်တိမ် ဖြစ်သွားတတ်ပါတယ်။

 

မှိုစွဲကပ်နေတဲ့ နေရာဟာ မျက်ကြည်လွှာရဲ့ အလယ်ဗဟိုတစ်ဝိုက်မှာ ဖြစ်နေရင် သူငယ်အိမ်ပေါက်နဲ့ တန်းနေပြီး မျက်စိရဲ့မြင်အားကို ထိခိုက်နိုင်ပါတယ်။ အနာကျက် သွားပြီး မျက်စိနေသားကျသွားတဲ့ အခါမှာ ဖြူနေတဲ့အပြင် တိမ်နေရာကိုထွင်းပြီး မျက်စိ လှူထားသူတွေရဲ့ မျက်ကြည်လွှာနဲ့ အစားထိုးကုသရပါမယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမင်းသိမ်း
(မျက်စိအထူးကုဆရာဝန်ကြီး)
Health for all magazine, August 2014, Pg.111-112



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18