Print

မိုးရာသီနဲ့ သွေးလွန်တုပ်ကွေး အန္တရာယ်

  29-Oct-2016
Preview Image

မိုးရာသီရောက်လာပြီမို့ သွေးလွန်တုပ်ကွေး သတိပေးချက်တွေ ထွက်ပေါ်လာတယ်။ ကလေးမိဘတွေလဲ သွေးလွန်တုပ်ကွေးကို သတိထားလာတာ တွေ့ရပါတယ်။ ကလေးနေမကောင်းရင် သွေးလွန်တုပ်ကွေး ဖြစ်မှာ စိုးရိမ်သူတွေလဲ မနည်းလှဘူး။ ဘာပဲပြောပြော ဒီလိုသတိထားလာတာ ကောင်းတဲ့အချက်ပဲ ဖြစ်ပါတယ်။ လူနာတွေကလည်း ကျန်းမာရေးသတိ ရှိလာကြသလို ကလေးတွေကို ဂရုတစိုက် ကုလာကြတယ်။ ဒီဘက်ပိုင်းနှစ်တွေမှာ သွေးလွန်တုပ်ကွေးက ပိုမိုနာမည်ကြီးလာတယ်။ လူနာတွေကြားထဲမှာသာမက ဆရာဝန်အသိုင်းအဝိုင်းထဲမှာကို နာမည်ဆိုးနဲ့ ကျော်ကြားလာတယ်။ သွေးလွန်တုပ်ကွေးပိုးဟာ ခြင်ကတဆင့် ကူးစက်နိုင်တာကြောင့် ခြင်နှိမ်နှင်းရေး၊ ကာကွယ်ရေးတွေကို အလေးထားပြောလာကြတယ်။

သွေးလွန်တုပ်ကွေး ဘာကြောင့် ဖြစ်လဲ -------------------------------------------

သွေးလွန်တုပ်ကွေးဟာ ဒန်ဂီးဗိုင်းရပ်စ်(dengue virus)တစ်မျိုးကြောင့် ဖြစ်စေပါတယ်။ flavivirus မျိုးနွယ်စုမှာပါဝင်ပြီး RNA ဗိုင်းရပ်စ်တစ်မျိုးဖြစ်တယ်။ သွေးထွက်လွန်စေ၊ သွေးယိုစေနိုင်တဲ့အပြင် တုပ်ကွေးလက္ခဏာတွေရှိလို့ သွေးလွန်တုပ်ကွေးလို့ခေါ်ကြတယ်။ arthropod ပိုးမွှားအကောင်တွေက ကူးစက်တတ်လို့ arbovirus လို့လည်း ခေါ်နိုင်သေးတယ်။ ဖြစ်စေတဲ့ မျိုးရိုးဗီဇလိုက်ပြီး DENV 1, DENV 2, DENV 3နဲ့ DENV 4 ဆိုပြီး လေးမျိုးခွဲထားတယ်။ ရောဂါအမျိုးအစား တစ်မျိုးဝင်ပြီးရင် အဲဒီအမျိုးအစားကို ဘဝတလျှောက်လုံး ထပ်မဝင်အောင် ကာကွယ်ပေးနိုင်တယ်။ ဒါ့ကြောင့် လူတစ်ယောက်ဟာ သူ့တစ်သက်မှာ သွေးလွန်တုပ်ကွေး လေးကြိမ်ထက် ပိုမဖြစ်ဘူးလို့ ပြောစမှတ်ပြုကြတယ်။ သွေးလွန်တုပ်ကွေး ကူးစက်ခါစမှာ တခြားအမျိုးအစားသုံးမျိုးကိုလည်း ရေတိုကာကွယ်ပေးနိုင်တယ်။ ပြဿနာတစ်ခုက နောက်တစ်ကြိမ်မှာ အခြားသွေးလွန်တုပ်ကွေးအမျိုးအစားတစ်ခု ဝင်လာခြင်းဟာ ပိုပြင်းထန်တဲ့ သွေးလွန်တုပ်ကွေး ဖြစ်ဖို့ အခွင့်အလန်းပိုများလာစေတယ်။ 

သွေးလွန်တုပ်ကွေးပိုး သယ်ဆောင်တဲ့ Aedes ခြင် -------------------------------------------------------

သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးကို ခြင်ကတဆင့် သယ်ဆောင်ပေးပြီး လူတွေကို ကူးစက်စေတယ်။ သယ်ဆောင်ပေးတဲ့ခြင်ကို အေးဒီးစ်ခြင်(aedes mosquito)လို့ ခေါ်ပါတယ်။ အဖြစ်များဆုံးက Aedes aegypti ခြင်ကြောင့် ဖြစ်ပါတယ်။ အစောပိုင်းကာလတွေက Culex aegypti လို့ခေါ်ခဲ့ကြသေးတယ်။ ၁၉၂ဝနောက်ပိုင်းမှ Aedes aegyptiလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြတယ်။ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးကို တခြားအေးဒီးစ်ခြင် အမျိုးအစားတွေကလည်း သယ်ဆောင်နိုင်သေးတယ်။ 

အေးဒီးစ်ခြင်ဆိုတာ --------------------- အေးဒီးစ်ခြင်တွေဟာ အဖြူအမည်း အစင်းကြားရှိတယ်။ အများစုဟာ အာဖရိကတိုက်က ပြန့်နှံ့လာတာဖြစ်ပါတယ်။ ခြင်တွေဟာ အမြင့်ပေ ၃၃ဝဝအောက်မှာသာ နေထိုင်ကြလို့ တောင်ပေါ်ဒေသတွေမှာ အဖြစ်နည်းတယ်။ သွေးလွန်တုပ်ကွေးပိုး (dengue virus) သယ်ဆောင်တဲ့ခြင်က ခြင်မဖြစ်ပါတယ်။ ခြင်မဖြစ်လို့အသန့်အပြန့်အလွန်ကြိုက်တယ်။ ပေါက်ဖွားရင်လဲသန့်တဲ့၊ ပြန့်တဲ့ နေရာတွေမှာ အဓိကပေါက်ဖွားတယ်။ ပန်းအိုး၊ ဘုရားအိုး ၊ဗူးခွံ ၊ပုံးခွံ၊ တာယာအဟောင်းအပျက်တွေထဲမှာ ရှိတဲ့ရေမှာ ပေါက်ဖွားတယ်။ ရေဆိုးရေမြောင်းတွေမှာ ပေါက်ဖွားတာ ရှားတယ်။ နေ့ခင်းပိုင်းမှာ အစာရှာထွက်တယ်။ အထူးသဖြင့် မနက်ပိုင်း ဝေလီဝေလင်းနဲ့ ညနေစောင်းပိုင်းတွေမှာ ခြင်ကိုက်မခံရအောင် သတိထားနေထိုင်ဖို့လိုတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ ခြင်ဟာ ကူးစက်ခံရပြီးနောက် ၄ရက်မှ ၁ဝရက်အတွင်း တခြားလူတွေကို ကူးစက်နိုင်တယ်။ တခါကူးစက်ခံရရင် ခြင်သက်တမ်းမကုန်မချင်း တခြားလူတွေကို ထပ်မံကူးစက်နိုင်တယ်။ ခြင်တစ်ကောင်ရဲ့ ပျမ်းမျှသက်တမ်းဟာ ၁လ လောက် ရှိပါတယ်။ 

သွေးလွန်တုပ်ကွေးဆိုတာ ---------------------------- သွေးလွန်တုပ်ကွေးကို dengue hemorrhagic feverလို့ ခေါ်ပါတယ်။ ၂၀၀၉ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က uncomplicated dengue infectionသာမန်သွေးလွန််တုပ်ကွေး နဲ့ severe dengue hemorrhagic fever ဆိုးရွားပြင်းထန်သွေးလွန်တုပ်ကွေးဆိုပြီး ခွဲခြားထားတယ်။ severe dengue haemorrhagic feverကို ၁၉၅ဝလောက်ကစပြီး ထိုင်းနဲ့ ဖိလစ်ပိုင်မှာ သတိထားမိလာကြတယ်။ ၁၉၇၀ မတိုင်ခင်က (၉)နိုင်ငံ လောက်သာ ပြင်းထန်တဲ့သွေးလွန်တုပ်ကွေးတွေ ဖြစ်ခဲ့ကြပေမယ့် ဒီနေ့ခေတ်မှာ နိုင်ငံပေါင်း (၁၁၀)ကျော်လောက်မှာ ဖြစ်လာကြတာ တွေ့ရပါတယ်။ အဖြစ်များတဲ့ အာရှ၊ အာဖရိက နိုင်ငံတွေသာမက ဖွံ့ဖြိုးတဲ့အနောက်နိုင်ငံတွေမှာပါ သွေးလွန်တုပ်ကွေးကို သတိထားလာကြတယ်။ မြို့ပြယဉ်ကျေးမှုတွေ၊ ဂလိုဘယ်လိုက်ဇေးရှင်းတွေရဲ့ ဆိုးကျိုးလည်းပါလိမ့်မယ်။ လေ့လာတွက်ချက်မှုတွေအရ ၁၉၆၀ နဲ့ ၂၀၁၀ နှစ်ပေါင်း ငါးဆယ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်နှုန်းဟာ အဆ ၃၀ ကျော်လောက်ထိ တက်လာတာ တွေ့ရပါတယ်။ နှစ်စဉ် ကမ္ဘာ့လူဦးရေ သန်း ၁၀၀ ကျော်လောက်ဟာ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးကူးစက်ခံနေရတယ်။ အဲဒီထဲက လူပေါင်း၅သိန်း လောက်ဟာ severe dengue hemorrhagic fever ဆိုးရွားပြင်းထန်သွေးလွန်တုပ်ကွေး ဖြစ်လို့ဆေးရုံတက်ကုသဖို့ လိုအပ်ကြတယ်။

သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာရပ်တွေ ------------------------------------------- သွေးလွန်တုပ်ကွေး လက္ခဏာတွေက ခြင်ကိုက်ခံရပြီး ၁ပတ်လောက်ဆို စပြတယ်။ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ဝင်တိုင်း ဆိုးရွားပြင်းထန်သွေးလွန်တုပ်ကွေး အဆင့်ထိ မဖြစ်ကြဘူး။ အများစုဟာ သာမန်တုပ်ကွေးအဖျားလောက်သာ ခံစားရတယ်။ ရုတ်တရက် အဖျားကြီးလာမယ်။ ၁၀၃-၁၀၄ ဒီဂရီဖာရင်ဟိုက်လောက် ရှိတယ်။ ခေါင်းကိုက်တာ၊ မျက်လုံးအောင့်တာ၊ နာတာမျိုး ဖြစ်တတ်တယ်။ တုပ်ကွေးသဘောဖြစ်လို့ ခြေဆစ်လက်ဆစ်ကိုက်လာတယ်။ နေလို့၊ထိုင်လို့မကောင်း ဘူး။ ပျို့ချင်အန်ချင် ရှိမယ်။ အသားရဲတာ၊ အနီစက်ပေါက်တာ ရှိတတ်တယ်။ တစ်ကိုယ်လုံးမှာ ပေါက်တယ်။ ကလေးဆိုရင် အနီစက်က ဝက်သက်နဲ့ ဆင်တူတယ်။ နောက်ဆင်တူတာတစ်ခုက အသက်ကြီးမှ သွးလွန်တုပ်ကွေး  ဖြစ်နိုင်သေးတဲ့အချက်ပဲ။ အသက်ကြီးတဲ့သူတွေလည်း မဖြစ်ဘူးမဟုတ်ဘူး။ ဖြစ်နိုင်သေးတယ်။ ရှိတော့ရှိတယ် ရှားမယ်။ အသက်၁၅နှစ်အောက်တွေ အဖြစ်များလို့ ကလေးတွေဖြစ်ရင် ပိုမိုသတိထားသင့်တယ်။ သိပ်ဆိုးလာရင် နှာခေါင်းသွေး၊ သွားဖုံးသွေးယိုဦးမယ်။ နည်းနည်းလောက် ထိခိုက်မိတာနဲ့သွေးယိုလာတတ်တယ်။ ထပ်ဆိုးလာရင် သွေးအန်တာ၊ သွေးဝမ်းသွားတာ ဖြစ်လာဦးမယ်။ ပိုပြီးအရေးကြီးတာက ရောဂါလက္ခဏာ ပြသပြီး၃ရက်နဲ့၅ရက်အတွင်းပဲ။ ရှော့ခ်ဝင်ပြီးသေဆုံးတတ်သူ အများစုဟာ အဖျား ၃ရက်မြောက်နေ့နဲ့ ၅ရက်မြောက်နေ့အတွင်းဖြစ်လို့ အရေးကြီးဆုံးကာလတွေပဲဖြစ်တယ်။ ဒါ့ကြောင့် ၃ရက်မြောက်နေ့မှာ အဖျားကျလို့ ဝမ်းမသာစေချင်ဘူး။ သွေးယိုပြီး ရှောခ့်ဝင်တတ်တဲ့ကာလဖြစ်လို့ ဂရုစိုက်သင့်တယ်။ ဒီအဆင့်ထိရောက်လာရင် အထူးဂရုစိုက်ဖို့လိုသလို၊ ဆေးရုံတက်ဖို့ လိုလာတယ်။ နည်းနေတဲ့အရည်ကို ပြန်ဖြည့်ပေးရတယ်။ လိုအပ်ရင် သွေးသွင်း၊သွေးရည်ကြည် သွင်းတာလုပ်ရတယ်။အခန့်မသင့်ရင် သွေးထွက်လွန်၊ ရှော့ခ်ဝင်ပြီး သေဆုံးမှာကို ကြိုတင်ကာကွယ်ဖို့ ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးကို သေချာကြိုတင်ကုသနိုင်ရင် သေနှုန်းက ၁ရာခိုင်နှုန်းအောက်ထိကျဆင်းသွားနိုင်တယ်။ မကုဘဲထားရင် သေနှုန်းက ၂၆ရာခိုင်နှုန်းလောက်ထိ မြင့်တက်သွားတယ်။ 

Warning signsသတိထားသင့်တဲ့ ရှေ့ပြေးလက္ခဏာရပ် -------------------------------------------------------------

ဆိုးရွားပြင်းထန် သွေးလွန်တုပ်ကွေးအဆင့်မရောက်ခင် Warning signsခေါ်တဲ့ သတိပေးတဲ့ လက္ခဏာရပ်တွေကို သိထားသင့်ပါတယ်။

- ဗိုက်မခံမရပ်နိုင် နာလာခြင်း၊

- အဆက်မပြတ် အန်လာခြင်း၊

- နှလုုံးခုန်မြန်လာခြင်း၊

- အသက်ရှုမြန်လာပြီး မောလာခြင်း၊

- သွေးအန်ပြီး ဝမ်းမဲသွားခြင်း၊

အထက်ပါ လက္ခဏာတွေ ခံစားရပြီး ၁-၂ရက်အတွင်း အသက်အန္တရာယ်စိုးရိမ်ရလို့ အထူးသတိထားသင့်ပါတယ်။ ခြေဖျားလက်ဖျားအေးစက်လာရင်၊ အသားအရည်ဖြူဖျော့ လာရင် ဆေးရုံအမြန်ဆုံးသွားဖို့ ကြိုးစားပါ။ နှောင့်နှေးမှုက အသက်အန္တရာယ် စိုးရိမ်ရပါတယ်။

သွေးလွန်တုပ်ကွေးနဲ့ အချိန် တစ်ပတ် -----------------------------------------

သွေးလွန်တုပ်ကွေးမှာ အချိန်တစ်ပတ်ဆိုတာကို လွယ်လွယ်ကူကူ မှတ်သားထား သင့်တယ်။ အချိန်တစ်ပတ်နဲ့ အချက်လေးချက်ကိုသိရင် ရောဂါမဖြစ်အောင် သတိထားနိုင်မယ်။ 

၁။ ရောဂါပိုးကူးစက်ခံရတဲ့ ခြင်ဟာ ရောဂါပိုးဝင်ပြီး တစ်ပတ်လောက်နေမှ သူများကို စတင်ကူးစက်စေမယ်။ နောက်ပိုင်း သက်တမ်းတလျှောက် ရောဂါဖြန့်ဝေသူ ဖြစ်လာတယ်။ 

၂။ ရောဂါပိုးရှိတဲ့ ခြင်ကိုက်ခံရတဲ့လူဟာ အကိုက်ခံရပြီး တစ်ပတ်လောက်နေမှ ရောဂါလက္ခဏာ စတင်ပြသတယ်။ 

၃။ ရောဂါပိုးဝင်ရောက်ထားတဲ့ လူနာဟာ လက္ခဏာစတင်ပြသပြီး တစ်ပတ်အတွင်းသာ တခြားသူကို ရောဂါပိုးဖြန့်ဝေနိုင်တယ်။ အဲဒီတစ်ပတ်အတွင်း လူနာကိုကိုက်မိတဲ့ခြင်ဟာ ကံဆိုးသူဖြစ်ပြီး ရောဂါပိုး ကူးစက်ခံရတယ်။

၄။ သွေးလွန်တုပ်ကွေး လက္ခဏာတွေဟာ တစ်ပတ်လောက်ကြာရင် ပြန်လည်ပျောက်ကင်းသွားနိုင်တယ်။ ကံဆိုးတဲ့ ၅ ရာခိုင်နှုန်းလောက်ကပဲ ဆိုးရွားပြင်းထန်သွေးလွန်တုပ်ကွေးအဆင့်ထိ ရောက်လာပြီး သွေးယိုတာ၊သွေးလန့်တာ ဖြစ်နိုင်တယ်။

သွေးလွန်တုပ်ကွေးနဲ့ ကာကွယ်ဆေး ----------------------------------------

ယနေ့အချိန်ထိတော့ သွေးလွန်တုပ်ကွေး ကာကွယ်ဆေး မပေါ်ပေါက်သေးပါ။ ရောဂါအမျိုးအစား လေးမျိုးလုံးကိုကာကွယ်ပေးနိုင်မယ့် live attenuated vaccineကို စမ်းသပ်ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။ မကြာမီနှစ်များအတွင်း ကာကွယ်ဆေး ပေါ်ပေါက်လာနိုင်ဖွယ်ရာရှိပါတယ်။ ကာကွယ်ဆေးတွေ မပေါ်ပေါက်ခင် ခြင်နှိမ်နှင်းရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးကိုသာ အလေးထား လုပ်ဆောင်သင့်ပါတယ်။

သွေးလွန်တုပ်ကွေး ကာကွယ်ရန် လိုက်နာရမည့်အချက်များ ----------------------------------------------------------------

သွေးလွန်တုပ်ကွေးကာကွယ်ရေးမှာ ခြင်ကိုက်မခံရဖို့နဲ့ ခြင်နှိမ်နင်းရေး နှစ်မျိုးလုံးက အရေးကြီးပါတယ်။ 

၁။ နေ့ခင်းဖက် အိပ်စဉ် ခြင်ကိုက်မခံရအောင် သတိထားပါ။

၂။ လိုအပ်လျှင် ခြင်ထောင်၊ခြင်ဆေး အသုံးပြုပါ။

၃။ ကလေးငယ်တွေ အကျႌလက်ရှည်၊ဘောင်းဘီရှည် ဝတ်ပေးထားသင့်တယ်။

၄။ ပန်းအိုး၊ဘုရားအိုးတွေ နေ့စဉ်ရေလဲပေးသင့်တယ်။

၅။ ဗူးခွံ၊ ပုံးခွံ၊ တာယာဟောင်းတွေ ခြင်မပေါက်ဖွားစေရန် သတိထားပါ။

၆။ ရေဆိုးရေမြောင်းတွေရှင်းလင်းပြီး ပိုးမွှားကာကွယ်ရေး ထိထိရောက်ရောက် လုပ်ဆောင်ပါ။

၇။ ခြင်ခိုအောင်းနိုင်သော နေရာများကို သေချာရှင်းလင်းပါ။

၈။ မိမိပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူး ဂရုစိုက်ပါ။

၉။ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ဆောင်ခြင်းက ခြင်မပေါက်ဖွားအောင် ကာကွယ်ပေးနိုင်တယ်။

အဓိက သိထားသင့်သည့်အချက်များ **************************************** - Dengue virus ပိုးဝင်တိုင်း အဖျားရောဂါ ခံစားရမယ် မဟုတ်ဘူး။ 

- ၈ဝရာခိုင်နှုန်းခန့်ဟာ လက္ခဏာမပြဘဲနေမယ်။ အများစုဟာ သာမန်အဖျားလောက်သာ ခံစားရပြီး သူ့ဘာသာ ပျောက်ကင်းသွားတယ်။ 

- ကံဆိုးတဲ့ ၅ ရာခိုင်နှုန်းလောက်သာ ဆိုးရွားပြင်းထန်သွေးလွန်တုပ်ကွေး ဖြစ်နိုင်တယ်။

- ဖြစ်ပွားသူရဲ့ ၉ဝရာခိုင်နှုန်းဟာ အသက် ၁၅နှစ်အောက် ဖြစ်တာကြောင့် မိမိတို့ကလေးတွေကို အထူးဂရုစိုက်သင့်တယ်။

- သွေးလွန်တုပ်ကွေးမှာ အဖျား၃ရက်မြောက်နဲ့ ၅ရက်အတွင်း အရေးကြီးဆုံး အချိန် ဖြစ်တယ်။

- ဒီအဆင့်မှာလည်း ကြိုတင်သိရှိပြီး သေချာကုသရင် သေနှုန်းက ၀.၅-၃ ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်။

- နေ့ခင်းပိုင်း ခြင်ကိုက်မခံရအောင် ကာကွယ်ဖို့နဲ့ ခြင်နှိမ်နှင်းရေးက အရေးကြီးဆုံး အချက်တွေ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ "သွေးလွန်တုပ်ကွေး အန္တရာယ်၊ သတိထားကာ တို့ကာကွယ်" လို့သာ တိုက်တွန်းပါရစေ။

Ref: ဒေါက်တာ အေးမင်းထူး ရတနာပုံ သတင်းစာ Sunday, June 2, 2013



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18