Print

တီဘီရောဂါ ဆိုသည်မှာ

  01-Jan-1970
Preview Image

 

တီဘီရောဂါသည် အဓိကအားဖြင့် အဆုတ်ကို ထိခိုက် ပျက်စီးစေသော ရောဂါဖြစ် ပါသည်။ ကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်းတို့ကို ထိရောက်စွာ ပြုလုပ်ပါက သက်သာပျောက်ကင်းစေနိုင်သော်လည်း စနစ်တကျ ထိထိရောက်ရောက် ကာကွယ် ကုသမှု မပြုလုပ်ပါက ပြင်းထန်ပြီး ကြောက်စရာကောင်းသော ရောဂါဖြစ်ပါသည်။ တီဘီလူနာချောင်းဆိုးစဉ် သို့မဟုတ် နှာချေစဉ်တွင် လွင့်စင်ထွက်လာသော အလွန်သေးငယ်သည့် ချွဲ၊ သလိပ်၊ တံတွေးစက်များ(droplets) မှ တဆင့် လူတစ်ဦးမှ တစ်ဦးသို့ ရောဂါကူးစက် ပျံ့နှံ့ပါသည်။

 

ဖွံ့ဖြိုးပြီး နိုင်ငံများ၌ တီဘီရောဂါ အဖြစ်နည်းသွားရာမှ ၁၉၈၅ နောက်ပိုင်း၊ HIV ဖြစ်ပွားမှုနှင့် ဆက်စပ်ကာ ပြန်လည်ခေါင်းထောင်လာပါသည်။ HIV ကူးစက်ခံရသူ သည် ခန္ဓာကိုယ်၏ ရောဂါ ခုခံနိုင်စွမ်း (ကိုယ်ခံအား) ကျဆင်းသွားသည့်အတွက် TB ရောဂါအပါအဝင် အခြား ရောဂါများကို မကာကွယ်နိုင်တော့ပါ။ ထို့ကြောင့် HIV ကူးစက်မှုနှင့်အတူ တီဘီရောဂါ ဖြစ်ပွားမှုနှုန်း ပြန်လည် များပြားလာခြင်း ဖြစ်ပါသည်။ 

 

တီဘီရောဂါပိုးသည် အမျိုးအစားပေါင်း များစွာရှိပြီး တီဘီရောဂါကုသဆေး အများစု ကို ဆေးယဉ် လျက်ရှိပါသည်။ တီဘီရောဂါ လက္ခဏာပြနေသော လူနာသည် ရောဂါကို ကုသရန်နှင့် ဆေးယဉ်ပါးမှု မဖြစ်စေရန်အတွက် ဆေးအမျိုးအစား အမျိုးမျိုးကို တွဲဖက် သောက်သုံးရပါသည်။

 

တီဘီရောဂါ လက္ခဏာများ
********************
တီဘီရောဂါပိုး ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လျှင် ဝင်ရောက်ချင်း ရောဂါလက္ခဏာ ပြလေ့ရှိသကဲ့သို့ ရောဂါ လက္ခဏာ ချက်ချင်းမပြဘဲ အချိန်အတန် ကြာမှ ရောဂါလက္ခဏာ ပြခြင်းမျိုးလည်း ရှိပါသည်။ ထို့ကြောင့် ဆရာဝန်များသည် တီဘီလူနာကို ရောဂါလက္ခဏာ မပြသေးသော တီဘီလူနာ(Latent TB) နှင့် ရောဂါ လက္ခဏာပြသော တီဘီလူနာ (Active TB) ဟူ၍ နှစ်မျိုး ခွဲခြားထားပါသည်။ ရောဂါ လက္ခဏာ မပြသေးသော တီဘီလူနာတွင် လူနာသည် တီဘီပိုး ကူးစက်ခံထားရပါသည်။ သို့သော် ရောဂါလက္ခဏာ မပြသေးဘဲ ငြိမ်နေပါသည်။

 

ဤအခြေအနေတွင် အခြားသူတစ်ဦးထံသို့ ရောဂါ မကူးစက်နိုင်ပါ။ ခန္ဓာကိုယ် အတွင်းရှိ တီဘီပိုးသည် အချိန်မရွေး ထကြွကာ ရောဂါလက္ခဏာ ပြနိုင်သည့်အတွက် စောလျင်စွာ ကုသရန် လိုအပ်ပါသည်။ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံသည်ရောဂါလက္ခဏာ မပြသေးသော တီဘီရောဂါရှိသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထား ပါသည်။ ရောဂါလက္ခဏာပြသော တီဘီရောဂါရှင်သည် ဝေဒနာကို ခံစားရပြီး အခြား သူများသို့ ကူးစက်စေနိုင်ပါသည်။ တီဘီရောဂါပိုး ကူးစက်ခံရပြီး ရက်သတ္တပတ် အနည်းငယ် အတွင်း ရောဂါလက္ခဏာ ပြနိုင်သကဲ့သို့ နှစ်ပေါင်းများစွာ ကြာမှလည်း ရောဂါလက္ခဏာ ပြခြင်းမျိုး ရှိနိုင်ပါသည်။

 

တီဘီရောဂါလက္ခဏာ ပြသောအခါ အောက်ပါတို့ကို ခံစားရပါသည်။

(၁) ချောင်းဆိုးခြင်း
(၂) ကိုယ်အလေးချိန် လျှော့ချရန် မကြိုးစားဘဲ ကိုယ်အလေးချိန် ကျသွားခြင်း
(၃) နုန်းခွေခြင်း
(၄) ဖျားခြင်း
(၅) ညဘက် ချွေးထွက်ခြင်း
(၆) ချမ်းတုန်ခြင်း
(၇) ခံတွင်းပျက်ခြင်း
တီဘီရောဂါပိုးသည် အများအားဖြင့် အဆုတ်ကို ပျက်စီးစေပါသည်။

 

အဆုတ်တီဘီဖြစ်သောအခါ -

(၁) နှစ်ပတ်ထက် ကျော်ပြီး ချောင်းဆိုးခြင်း
(၂) ချောင်းဆိုးလျှင် သလိပ်နှင့် သွေးစသွေးနများ ပါခြင်း
(၃) ရင်ဘတ်အောင့်ခြင်း သို့မဟုတ် အသက်ပြင်းပြင်းရှူ လျှင် ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ချောင်းဆိုးလျှင် ရင်ဘတ်အောင့်ခြင်း စသည်တို့ကို ခံစားရပါသည်။

 

တီဘီရောဂါပိုးသည် ကျောက်ကပ်၊ ကျောရိုးနှင့် ဦးနှောက် အပါအဝင်ခန္ဓာကိုယ်၏ အခြားသော အစိတ်အပိုင်းများကိုလည်း ပျက်စီးစေနိုင်ပါသည်။ တီဘီပိုး တိုက်ခိုက်ခံရသည့် ခန္ဓာကိုယ် အစိတ်အပိုင်းပေါ် မူတည်ကာ ရောဂါလက္ခဏာ ကို ကွဲပြားစွာ ခံစားရပါသည်။ ဥပမာ- TB Spine ဟုခေါ် သည့် ကျောရိုးတီဘီ ဖြစ်လျှင် ခါးနာတတ်ပါသည်။ ကျောက်ကပ်တွင် တီဘီဖြစ်လျှင် ဆီးတွင် သွေးပါနိုင်ပါသည်။ 

 

ထို့ကြောင့် ဖျားခြင်း၊ အကြောင်း မယ်မယ်ရရ မရှိဘဲ ကိုယ်အလေးချိန် ကျဆင်း သွားခြင်း၊ ညဘက်တွင် ချွေးထွက်ခြင်းနှင့် နှစ်ပတ်ထက်ကျော်လွန်ကာ ရက်ရှည်ချောင်းဆိုးခြင်း တို့ကို ကြုံတွေ့ရပါက ဆရာဝန်နှင့် ပြသရပါမည်။ အထက်ပါ လက္ခဏာများ သည် အများအားဖြင့် တီဘီရောဂါ၏ လက္ခဏာများ ဖြစ်ပါသည်။ တီဘီရောဂါ ဟုတ်မဟုတ်ကိုသေချာစေရန်အတွက် ဆရာဝန်မှ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ကာ ဆုံးဖြတ်ပေးမည် ဖြစ်ပါသည်။

 

“ တီဘီရောဂါ ဖြစ်စေသော အကြောင်းများ ”

တီဘီရောဂါပိုးသည် ဘက်တီးရီးယားပိုး အမျိုးအစားဖြစ်ပါသည်။ အလွန်သေးငယ်သော အရည်စက်များ (ချွဲ၊ သလိပ်၊ တံတွေး၊ နှပ်စသည်)မှ တဆင့် တစ်ဦးမှ တစ်ဦးသို့ ကူးစက်ပျံ့နှံ့သောကြောင့် ရောဂါ လက္ခဏာပြသော တီဘီလူနာ ချောင်းဆိုးခြင်း၊ စကားပြောခြင်း၊ နှာချေခြင်း၊ တံတွေးထွေးခြင်း၊ ရယ်မောခြင်း၊ သီချင်းဆိုခြင်း တို့ ပြုလုပ်နေစဉ်တွင် အခြားသူများ သို့ ကူးစက်လေ့ရှိပါသည်။ တီဘီရောဂါသည် ကူးစက်နိုင်သော ရောဂါဟု ဆိုသော်လည်း ခရီးသွားဟန်လွှဲဖြင့် အလွယ်တကူ ကူးစက်လေ့မရှိပါ။ 

 

တီဘီရောဂါ ဝေဒနာရှင်နှင့် အတူတကွ တပူးတွဲတွဲ နေထိုင်ခြင်း၊ အလုပ်လုပ်ခြင်း တို့ဖြင့် ကူးစက်ခံရနိုင်ပါသည်။ ရောဂါလက္ခဏာ ပြသော တီဘီလူနာ အများစုသည် မှန်ကန်သော ဆေးဝါးများကို တိတိကျကျ လိုက်နာသောက်သုံးပါက ဆေးသောက် ပြီး နှစ်ပတ်ကြာလျှင် အခြားသူများသို့ မကူးစက်နိုင်တော့ပါ။ တီဘီရောဂါသည် သေဆုံးမှု ရာခိုင်နှုန်းမြင့်သော ရောဂါများအနက် တစ်ခု အပါအဝင် ဖြစ်နေပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ အကြောင်းရင်းများစွာ ရှိသော်လည်း ဆေးယဉ်ခြင်း(ဆေးမတိုးခြင်း) ကအဓိက အကြောင်းအချက် ဖြစ်ပါသည်။ 

 

လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့်အချိန် ပထမဆုံး တီဘီဆေးဝါးများ အသုံးပြုစဉ် ကတည်းက တီဘီရောဂါပိုး အချို့သည် ဆေးဒဏ်ကို ခံနိုင်စွမ်း ရှိခဲ့ပါသည်။ ပဋိဇီဝဆေး တစ်မျိုးသည် ခန္ဓာကိုယ်အတွင်းရှိ တီဘီရောဂါပိုး အားလုံးကို မသတ်နိုင်သော အခါ ဆေးယဉ်နေသော တီဘီပိုးများ ပေါ်ပေါက်လာသည်။

 

၄င်းဆေးယဉ််နေသော တီဘီပိုးသည် ကြုံ တွေ့ဖူးသော ပဋိဇီဝဆေး အမျိုးအစားကို သာမက အခြားသော ပဋိဇီဝဆေးများကိုပါ ယဉ်ပါးခြင်းမျိုး ကြုံတွေ့ရလေ့ရှိပါသည်။

 

“ တီဘီရောဂါ ကူးစက်ခံရရန် ပိုမို လွယ်ကူစေသော အချက်များ ”

လူတိုင်းသည် တီဘီရောဂါပိုး ကူးစက်ခံရနိုင်ပါသည်။ သို့သော် အောက်ပါ အချက်များကြောင့် ကူးစက်ခံရခြေ ပိုမို မြင့်မားလာနိုင်ပါသည်။

 

(၁) ကိုယ်ခံစွမ်းအား လျော့နည်းခြင်း

HIV/AIDS ရောဂါကြောင့် ကိုယ်ခံစွမ်းအား လျော့နည်းသွားသည့် အတွက် တီဘီရောဂါ ဖြစ်စေရန် အခွင့်အရေး တိုးလာပါသည်။ သွေးချိုဆီးချိုရောဂါ၊ကျောက်ကပ်ရောဂါ၊ အချို့သော ကင်ဆာ ရောဂါများ၊ ကင်ဆာ ဆေးသွင်းကုသခြင်း၊ ကိုယ်အင်္ဂါအစားထိုး ခွဲစိတ်ကုသမှု ခံယူခြင်း၊ အာဟာရချို့တဲ့ခြင်း၊ အသက်ငယ်လွန်းခြင်း၊ အသက်ကြီးလွန်းခြင်းတို့ကြောင့် ကိုယ်ခံစွမ်းအား အားပျော့သွားသည့်အချိန်တွင် တီဘီရောဂါ ကူးစက်ခံရရန် အခွင့်အရေးများပါသည်။

 

(၂) ကျန်းမာရေး စောင့်ရှောက်မှု ရရှိရန် ခက်ခဲခြင်း

ငွေကြေး ချို့တဲ့ခြင်းကြောင့် ဖြစ်စေ၊ ဝေးလံခေါင်သီသော နေရာဒေသများတွင်နေထိုင်ရခြင်းကြောင့် ဖြစ်စေ ကျန်းမာရေး စောင့်ရှောက်မှု ရရှိရန် ခက်ခဲသော သူများသည် တီဘီရောဂါ ကူးစက်ခံရရန် အခွင့်အရေး များပါသည်။

 

(၃) အရက်နှင့်ဆေးလိပ်

အရက်ကို အဆက်မပြတ် သောက်သုံးသောသူသည် ကိုယ်ခံအားပျော့သွားပြီး တီဘီရောဂါကူးစက်ခံရရန် အခွင့်အရေး ပိုလာပါသည်။ ဆေးလိပ် သောက်သောသူသည် တီဘီရောဂါ ကူးစက်ခံရရန် အခွင့်အရေး အလွန်များပါသည်။

 

(၄) အလုပ်အကိုင်နှင့် နေရာဒေသ

ကျန်းမာရေး ဝန်ထမ်းများသည် တီဘီရောဂါရှင်များနှင့် ထိတွေ့ဆက်ဆံရသည့် အတွက် ရောဂါကူးစက်ခံရဖို့ အခွင့်အရေးများပါသည်။ နှာခေါင်းစည်း တပ်ဆင်ခြင်း၊ မကြာခဏ လက်ဆေးခြင်းတို့ဖြင့် ကူးစက်ခံရမည့် ရာခိုင်နှုန်းကို လျှော့ချနိုင်ပါသည်။ထောင်တွင်းအကျဉ်းသားများ၊ ရွှေ့ပြောင်း နေထိုင်သူများ၊ ပြုစုစောင့်ရှောက်ရေး ဂေဟာများ၊ ဒုက္ခသည်စခန်းများ စသည့် လူစုလူဝေးဖြင့် စုပေါင်းနေထိုင်ရသည့် နေရာများတွင် တီဘီရောဂါပိုး ကူးစက်ခံရရန် အခွင့်အရေး များပါသည်။

 

“ တီဘီရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ ”

ကုသမှု မခံယူပါက တီဘီရောဂါသည် သေစေနိုင်သော ရောဂါဖြစ်ပါသည်။ရောဂါလက္ခဏာ ပြနေသော တီဘီလူနာသည် ကုသမှု မခံယူပါက အဆုတ်ကိုပျက်စီးစေနိုင်ပါသည်။ ထို့နောက် တီဘီပိုးများသည် သွေးမှတစ်ဆင့် အခြားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများသို့ ပျံ့နှံ့ရောက်ရှိသွားပါသည်။ တီဘီပိုးသည် အရိုးသို့ ပျံ့နှံ့ရောက်ရှိသောအခါ ကျောရိုးအတွင်း နာကျင်ခြင်း၊ ကျောရိုးဆစ်များ ပျက်စီးခြင်းတို့ကို ခံစားရပါသည်။ အချို့သောသူများတွင် နံရိုးများ၌ တီဘီပိုး ဖျက်ဆီးခြင်း ခံရတတ်ပါသည်။ 

 

တီဘီပိုးသည် ဦးနှောက်သို့ ပျံ့နှံ့ရောက်ရှိသောအခါ ဦးနှောက်မြှေးရောင်ခြင်းကိုခံစားရပါသည်။ ဦးနှောက်အမြှေးရောင်ပြီး အရည်များဖြင့် စုဖောင်းလာသောအခါ အသက် သေဆုံးစေနိုင်ပါသည်။ ကျောက်ကပ်နှင့် အသည်းသည် ကိုယ်ခန္ဓာမှနေ့စဉ် ထွက်ရှိလာသော အဆိပ်အတောက်များကို ဖယ်ထုတ် သန့်စင်ပေးရပါသည်။

 

ကျောက်ကပ်နှင့် အသည်းသို့ တီဘီပိုး ပျံ့နှံ့ ရောက်ရှိပြီး ပျက်စီးစေသောအခါခန္ဓာကိုယ်မှ နေ့စဉ်ထွက်ရှိသော အဆိပ်အတောက်များသည် ခန္ဓာကိုယ် အတွင်း၌စုပုံကာ ရောဂါမျိုးစုံကို ခံစားရစေပါသည်။ တီဘီရောဂါပိုးသည် နှလုံးကို ဝန်းရံထားသည့် တစ်ရှူးများထံသို့ ပျံ့နှံ့ရောက်ရှိနိုင်ပါသည်။ နှလုံး ပတ်ဝန်းကျင်ရှိ တစ်ရှူးများသည် တီဘီရောဂါပိုးကြောင့် ရောင်ရမ်းလာသည့်အခါ နှလုံး ပတ်ဝန်းကျင်တွင် အရည်ဓာတ်များ စုပုံလာပါသည်။ 

 

၄င််းစုပုံလာသော အရည်ဓာတ်များသည် နှလုံးအား မညှစ်နိုင်အောင် ဖိထားသကဲ့ သို့ ဖြစ်နေသည့်အတွက် အချိန်ကြာလာသောအခါ နှလုံးရပ်ပြီး သေဆုံးနိုင်ပါသည်။

 

“ စမ်းသပ်စစ်ဆေးမှုများ ”

တီဘီရောဂါရှိကြောင်း သေချာစေရန် အတွက် စမ်းသပ် စစ်ဆေးရာတွင် အောက်ပါ စမ်းသပ် စစ်ဆေးမှုများ ပါဝင်ပါသည်။

(၁) Tuberculin Test
(၂) သလိပ်စစ်ခြင်း
(၃) ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း
(၄) သွေးစစ်ခြင်း

 

" တီဘီရောဂါအား ကုသခြင်း "

ဘက်တီရီးယားပိုး အုပ်စုဝင်ဖြစ်သော တီဘီရောဂါပိုးကို ကုသရာတွင် အခြားသော ဘက်တီးရီးယားပိုးများကို ကုသခြင်းထက် အချိန်ပိုကြာပါသည်။သောက်ဆေးဖြင့် ကုသရ ပါသည်။ ပဋိဇီဝ သောက်ဆေးများကို အနည်းဆုံး ၆ လမှ ၉ လ အထိ သောက်ရ လေ့ရှိပါ သည်။ 

 

တီဘီ ရောဂါရှင်၏ အသက်အရွယ်၊ ကျန်းမာရေး အခြေအနေ၊ မတိုးတော့သောဆေးဝါးများ၊ တီဘီရောဂါ အမျိုးအစားနှင့် တီဘီ ရောဂါ ဖြစ်သည့် ခန္ဓာကိုယ် အစိတ်အပိုင်း တို့အပေါ် မူတည်ကာ သောက်ရမည့် ဆေးပမာဏ၊ သောက်ရမည့် ကာလ အပိုင်းအခြားတို့ ကွဲပြားခြားနားသွားပါသည်။ ရောဂါလက္ခဏာ မပြသေးသော တီဘီလူနာများသည် တီဘီဆေး အမျိုးအစားတစ်မျိုးတည်းကို သောက်သုံးရုံဖြင့် လုံလောက်နိုင်ပါသည်။ ရောဂါလက္ခဏာပြသည့် တီဘီလူနာများတွင်မူ တစ်ခါ သောက်လျှင် တီဘီဆေး တစ်မျိုးထက်ပိုကာ သောက်ရလေ့ရှိပြီး ဆေးယဉ် တီဘီ လူနာများတွင်မူ အမျိုးအစား ပိုမိုသောက်ရလေ့ ရှိပါသည်။ အသုံး အများဆုံးသော တီဘီဆေးများမှာ-

(၁) Isoniazid
(၂) Rifampicin
(၃) Ethambutol
(၄) Pyrazinamide တို့ ဖြစ်ကြပါသည်။

 

တီဘီဆေးများတွင် အခြားသော ဆေးများ နည်းတူ ဘေးထွက်ဆိုးကျိုး ရှိပါသည် ။ ယေဘုယျအားဖြင့် ဘေးထွက်ဆိုးကျိုးကို မပြတတ်သော်လည်း ဘေးထွက်ဆိုးကျိုးခံစား ရပြီ ဆိုပါက ပြင်းထန်နိုင်ပါသည်။ တီဘီဆေး သောက်သုံးနေစဉ်အတွင်း-

 

(၁) ပျို့အန်ခြင်း
(၂) ခံတွင်းပျက်ခြင်း
(၃) အသားဝါခြင်း
(၄) ဆီးနီ/ဝါခြင်း
(၅) အကြောင်းအရင်း မသိဘဲ သုံးရက်ထက် ပိုဖျားခြင်း စသည်တို့ကို ခံစားရပါက ဆရာဝန်နှင့် အမြန်ဆုံး တွေ့ဆုံသင့်ပါသည်။

 

တီဘီဆေး သောက်သုံးပြီး ရက် သတ္တပတ် နှစ်ပတ်ကျော် ကြာလာသောအခါ သူတစ်ပါးသို့ တီဘီရောဂါ မကူးစက်နိုင်တော့ပါ။ ထို့ပြင် ရောဂါလက္ခဏာများ သက်သာသွားပြီး နေရထိုင်ရသည်မှာ သက်တောင့်သက်သာ ဖြစ်လာပါသည်။ ဤအချိန်သည် အလွန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် တီဘီလူနာ သည် နေထိုင်ကောင်းလာပြီး တီဘီဆေးကို ဆက်မသောက်လိုတော့သည့် စိတ်ဆန္ဒ ဖြစ်ပေါ်လာတတ်သောကြောင့် ဖြစ်ပါသည်။

 

တီဘီဆေးအမျိုးအစား အားလုံးကို သတ်မှတ်ထားသည့် ကာလ ပြည့်မီအောင် တိတိကျကျ သောက်ဖို့ အလွန်အရေးကြီးပါသည်။ တီဘီဆေး သောက်ခြင်းကို ရပ်ချိန် မတိုင်မီ ရပ်ခြင်းနှင့် တီဘီဆေးကို အချိန်မှန်မှန် မသောက်မိခြင်းများကြောင့် တီဘီပိုးကို ဆေးယဉ်တီဘီပိုးအဖြစ်သို့ ရောက်ရှိစေပါသည်။ ဆေးယဉ်တီဘီဖြစ်ပြီဆိုပါက ဆေးမတိုးတော့ဘဲ ပိုမိုအန္တရာယ်ရှိပြီး ပိုမိုကုသရ ခက်ခဲသော တီဘီပိုးအဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်ပါသည်။

 

တီဘီဆေးသောက်ဖို့ မမေ့စေရန် အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက် လျက်ရှိရာ လူနာကို နေ့စဉ် တိုက်ရိုက်တွေ့ထိဆေးတိုက်သော စနစ် (DOTS) ကို ကျင့်သုံးရလေ့ ရှိပါသည်။

 

“ တီဘီရောဂါအား ကြိုတင်ကာကွယ်ခြင်း ”

တီဘီရောဂါ လက္ခဏာ မပြသေးသော်လည်း စမ်းသပ် စစ်ဆေးချက်များ အရ တီဘီပိုး ကူးစက်ခံရသည်ဟု တွေ့ရှိရပါက ရောဂါလက္ခဏာ ပြသည့် အဆင့်သို့ မရောက်စေအောင် ဆေးဝါးများ ကြိုတင် သောက်သုံးထားဖို့ လိုအပ်ပါသည်။ ရောဂါ လက္ခဏာ ပြမှ အခြားသူများသို့ ရောဂါ ကူးစက်နိုင်မည် ဖြစ်သောကြောင့် ရောဂါ လက္ခဏာ မပြအောင် ဆေးဝါးများ သောက်သုံးခြင်းဖြင့် တီဘီလူနာ၏ ပတ်ဝန်းကျင်မှ သူများကို တီဘီရောဂါ မကူးစက်အောင် ကာကွယ်ထားနိုင်မည် ဖြစ်ပါသည်။ 

 

အကယ်၍ တီဘီရောဂါ လက္ခဏာပြသော တီဘီလူနာ ဖြစ်ပါက အခြားသူများသို့ မကူးစက် နိုင်သည် အထိ ဆေးဝါးများ သောက်သုံးနေစဉ် အတွင်း အောက်ပါ အချက်များကို ပြုလုပ်ခြင်းဖြင့် တီဘီလူနာ ပတ်ဝန်းကျင်မှ သူများကို ကူးစက်မှု လျော့နည်းအောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

 

(၁) အိမ်မှာ နေပါ။

လူထူ ထပ်သည့် နေရာများ ဖြစ်သော အလုပ်၊ ကျောင်း စသည်တို့ကို မသွားဘဲ တစ်သီးတစ်သန့် နေထိုင်ခြင်းဖြင့် အခြားသူကို ကူးစက်မှု လျှော့ချနိုင်ပါသည်။

(၂) လေဝင် လေထွက် ကောင်းပါစေ။

အလုံပိတ် အခန်းအတွင်း နေထိုင်ခြင်းဖြင့် အခန်းထဲတွင် တီဘီရောဂါပိုးများ ပိုမို သိပ်သည်းစွာ ပျံ့နှံ့နေနိုင်ပါသည်။ ထို့ကြောင့် အခန်းအား လေဝင်လေထွက်
ကောင်းအောင် တံခါးချပ်များ ဖွင့်ဟ ထားသင့်ပါသည်။ တံခါးဖွင့်ပြီး ပန်ကာ ဖွင့်ထားပါက ပိုမို ထိရောက်မှု ရှိပါသည်။

(၃) ပါးစပ်ကို ကာကွယ်ထားပါ။

တီဘီလူနာ ရယ်မောသောအခါ၊ နှာချေသောအခါ၊ ချောင်းဆိုးသောအခါ တစ်ရှူ း သို့မဟုတ် လက်ကိုင်ပဝါ ဖြင့် ပါးစပ်ကို ဖုံးအုပ်ထားရပါမည်။ ထို့နောက် လုံအောင်ပိတ်ကာ စွန့်ပစ်ရပါမည်။

(၄) နှာခေါင်းစည်း စည်းပါ။

ခွဲစိတ်ခန်းများတွင် အသုံးပြုသည့် နှာခေါင်းစည်းကဲ့သို့ နှာခေါင်းနှင့် ပါးစပ်ကို လုံအောင် ကာကွယ်နိုင်သည့် နှာခေါင်းစည်းများ စည်းထားသင့်ပါသည်။ တစ်ခါ သုံး နှာခေါင်းစည်းများကို စျေးပေါပေါဖြင့် ဝယ်ယူ ရရှိနိုင်ပါသည်။ 

 

အထက်ပါ အချက်များကို ဆောင်ရွက်ရမည့် အပြင် တီဘီလူနာသည် ဆေးကို သတ်မှတ်ရက် ရောက်သည်အထိ အပြည့် သောက်ရပါမည်။ ဆေးကို လိပ်ပတ် လည်အောင် သောက်ခြင်းသည် တီဘီလူနာ နှင့်တကွ ဘေးပတ်ဝန်းကျင်ရှိလူများ အားလုံးကို ကောင်းကျိုး ဖြစ်စေပါသည်။ ကလေးသူငယ်များတွင်ပြင်းထန်သော တီဘီရောဂါ မဖြစ်ပွားစေရန် အတွက် တီဘီရောဂါ ကာကွယ်ဆေး ထိုးထားသင့်ပါသည်။ 

 

သတိပြုရန်မှာ BCG ကာကွယ်ဆေးသည် ကလေးသူငယ် များတွင်သာ အာနိသင် ထိရောက်မှု ရှိပြီး လူကြီးများတွင် အာနိသင် အပြည့်အဝ မရရှိသောကြောင့် လူကြီးများတွင် ကာကွယ်ဆေး အနေနှင့် အသုံးမပြုသင့်ပါ။

 

ပိုမိုအစွမ်းထက်သော တီဘီရောဂါ ကာကွယ်ဆေးများ ရရှိရန်အတွက်သိပ္ပံပညာရှင်များက သုတေသန ပြုလုပ်လျှက် ရှိပါသည်။ ပရိသတ်များ
ကြောက်မက်ဖွယ် ကောင်းသော တီဘီရောဂါအန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ဒေါက်တာကောင်းမြတ်သာ
Momo Pharmacy Myanmar Facebook Page
Friday, January 17, 2014



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18