Print

အသည်းရောင်အသားဝါ ဘီပိုး ကူးစက်ခြင်း

  24-Jan-2017
Preview Image

အသည်းရောင်ရောဂါပိုး ဘီ အမျိုးအစားဟာ ရောဂါရှိသူတစ်ဦးကနေ အခြားတစ်ဦးကို ကူးစက်နိုင်တာဖြစ်ပါတယ်။ ရောဂါပိုး သယ်ဆောင်ထားသူရဲ့ သွေး၊ ဒါမှမဟုတ် ချွေး၊ တံတွေး၊ ဆီး၊ သုက်ရည်မှတဆင့် ခနွာကိုယ်ထဲရောက်ရှိနိုင်သလို၊ သွေးသွင်းတာတွေ၊ ဆေးထိုးတာတွေ၊ နားဖောက်တာတွေ၊ ဆေးမင်ကြောင်ထိုးတာတွေ၊ သွားနှုတ်တာတွေ၊ ခွဲစိတ်တာတွေကို ပြုလုပ်ရာမှာ ဗိုင်းရပ်စ်ပိုး သန့်စင်မထားတဲ့ ပစ္စည်းကိရိယာတွေကို အသုံးပြုရာကတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။

ဒါ့အပြင် ရောဂါပိုးရှိနေတဲ့ မိခင်က ကိုယ်ဝန်ဆောင်စဉ်မှာ ရင်သွေးငယ်ကို ကူးစက်နိုင် သလို၊ မွေးဖွားရာမှာလည်း သွေးနဲ့ထိမိပြီး ကူးစက်နိုင်ပါတယ်။ မူးယစ်ဆေးဝါးကို အကြောထဲ ထိုးသွင်းတဲ့ သူတွေမှာ ဆေးထိုးအပ်တွေကို တစ်ဦးနှင့်တစ်ဦး မျှဝေပြီး ပူးတွဲအသုံးပြုကြလို့ ကူးစက်နှုန်း အလွန်များပါတယ်။ 

မကြာခဏ သွေးသွင်းကုသနေရတဲ့ မွေးရာပါ သွေးအားနည်းရောဂါရှင်တွေနဲ့ ကျောက်ကပ် မကောင်းလို့ စက်ကိရိယာတွေနဲ့ သွေးသန့်စင်ပေးနေရသူတွေမှာလည်း ရောဂါ ကူးစက်မှု များပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းများ အစားထိုးမှု ပြုတဲ့အခါမှာလည်း ရောဂါပိုးရှိသူရဲ့ သုတေသနပြုချက်များအရ ဒီလိုခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုးပြုလုပ်သူများမှာ သာမန်စစ်ဆေးမှုနဲ့ မသိနိုင်တဲ့ (occult Hepatitis B) ဘီရောဂါပိုး ကူးစက်နေသူ ၃၀ ရာခိုင်နှုန်းက ၅၀ ရာခိုင်နှုန်းခန့်အထိ ရှိနေတာတွေ တွေ့ရပါတယ်။

ရောဂါပိုးရှိနေသူတွေကို ထိတွေ့ဆက်ဆံနေရတဲ့ ဆရာဝန်တွေ၊ သူနာပြုဆရာ၊ ဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးကျောင်းသားတွေမှာ ရောဂါကူးစက်နိုင်မှုဟာ အင်မတန်များ ပါတယ်။ ခွဲစိတ်ဆရာဝန်များ၊ သွားရောဂါဆရာဝန်များ၊ ကျောက်ကပ်သန့်စင်စက် ကိရိယာ ဌာနမှာ လုပ်ကိုင်နေရသူများမှာ ပိုပြီးအန္တရာယ်ကြီးမားပါတယ်။ မတော်တဆ ဆေးထိုး အပ်နှင့် စူးမိသွားတာ၊ ခွဲစိတ်ဓား၊ ချုပ်အပ် စူးမိတာတွေ၊ အရေပြားပွန်းပဲ့ ဒဏ်ရာကတစ်ဆင့် ကူးစက်မှုတွေ များပါတယ်။

ရောဂါပိုးရှိသူနဲ့ လိင်တူ၊ လိင်ကွဲဆက်ဆံမှုကနေတဆင့် ရောဂါ ကူးစက်ခံရသူတွေလည်း ရှိပါတယ်။ ဒီလိုကူးစက်ရာမှာ လိင်တူဆက်ဆံမှုပြုသူတွေ ၊ စအိုမေထုန်မှီဝဲသူတွေမှာ ပိုပြီးကူးစက်မှု များတတ်ပါတယ်။ အကာအကွယ်ပစ္စည်း (condom) စတာတွေ အသုံးပြုနိုင် ရင်တော့ ကူးစက်မှု နည်းနိုင်ပါတယ်။

ဒါ့အပြင် သွေးမသွင်းဘူး၊ ခွဲစိတ်မခံရဘူး၊ ဆေးမထိုးဖူးဘဲနဲ့ ရောဂါပိုးရှိသူနဲ့ အတူတကွ ပူးတွဲနေထိုင်ရာကလည်း ကူးစက်နိုင်ပါတယ်။ အာဖရိကနဲ့ အရှေ့တောင်အာရှိဒေသလို ရောဂါပိုးသယ်ဆောင်သူ (Carrier rate) များပြားတဲ့နေရာတွေမှာ သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓား၊ ပန်းကန်ခွက်ယောက်၊ ဇွန်း၊ သောက်ရေခွက်၊ အလှပြင်ပစ္စည်း ကိရိယာများ၊ တစ်ကိုယ်ရေသန့်ရှင်းမှု ကိရိယာများကို အတူတကွ သုံးဆောင်ရာမှာလည်း ကူးစက်နိုင်ပါတယ်။ 

အသည်းရောင်ဘီပိုး ရောဂါလက္ခဏာကြောင့် နောက်ဆက်တွဲပြဿနာများ
=================================================
အသည်းရောင်ဘီပိုးဟာ ခနွာကိုယ်အတွင်း ကူးစက်ရောက်ရှိသွားပြီး လေးပတ်ကနေ ခြောက်ပတ်အတွင်း အသည်းရောင်ခြင်းဖြစ်စေနိုင်ပါတယ်။ တချို့သော သူများမှာတော့ အလွန်ပြင်းထန်တဲ့ အသည်းရောင်ခြင်း လက္ခဏာတွေ ဖြစ်ပွားပါတယ်။ ဆီးဝါမယ်၊ မျက်လုံးဝါမယ်၊ ပျို့အန်မယ်၊ ညာနံစောင်းက အောင့်မယ်၊ အစားအသောက်ပျက်မယ်၊ အဆစ်အမြစ် ကိုက်ခဲမယ်၊ မအီမသာဖြစ်မယ်၊ မောပန်းနွမ်းနယ်မယ် စသည်တို့ဖြစ်ပါတယ်။ အဆိုးဝါးဆုံး အခြေအနေမှာ ဆီးသွားနည်းလာမယ်၊ ကယောင်ကတမ်းဖြစ်မယ်၊ နောက် အစာအိမ်၊ အစာရေမျို သွေးယိုမယ်၊ ရေဖျဉ်းစွဲမယ်၊ ဖောရောင်တတ်လေ့ ရှိတာတို့ဖြစ်တတ် ပါတယ်။

နောက်အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် အဲဒီလိုရောဂါပြင်းထန်သူတွေဟာ အဲဒီအခြေအနေက ရောဂါပိုးကို တိုက်ထုတ်နိုင်တဲ့ ကိုယ်ခံအားတွေ ပေါ်ပေါက်လာနိုင် ပါတယ်။ နာတာရှည် အသည်းရောင်အဆင့်ကို ရောက်ရှိသူ နည်းပါးပါတယ်။ လေးလ ကနေ ခြောက်လအတွင်း ဘီပိုး လုံးဝပျောက်ကင်းသူများပါတယ်။ 

တချို့သူများကတော့ ပြင်းထန်တဲ့ အသည်းရောင်လက္ခဏာ မပြဘဲ တဖြည်းဖြည်း၊ တငွေ့ငွေ့ဖြစ်ပွားတဲ့ နာတာရှည်အသည်းရောင် (Chronic Hepatitis) အဖြစ်သို့ ကူးပြောင်းရောက်ရှိသွားလေ့ရှိပါတယ်။ 

ဒီလိုလူမျိုးကတော့ နောက်ဆက်တွဲ ရောဂါများဖြစ်တဲ့ အသည်းခြောက်တာတို့၊ အသည်း ကင်ဆာဖြစ်တာတို့ စတဲ့ဆိုးကျိုးများဖြစ်နိုင်တဲ့သူတွေ ဖြစ်ပါတယ်။ နောက်တစ်ခါ ဘီပိုး ကူးစက်ခံရပြီးနောက်မှာ ဘီပိုးလက္ခဏာမပြဘဲ ဘီပိုးသယ်ဆောင်ထားသူတွေ (Asymptomatic Carrier) အဖြစ်ကို ကူးပြောင်းရောက်ရှိသွားပါတယ်။ ဒီလိုလူမျိုးကတော့ ဘီပိုးကူးစက်နေမှန်း မသိရှိနိုင်ဘဲ အမှတ်မထင် သွေးစစ်ဆေးတဲ့အခါ၊ ကျန်းမာရေး စစ်ဆေးတဲ့အခါ ကာကွယ်ဆေးထိုးဖို့ စစ်ဆေးတဲ့အခါများမှ မမျှော်လင့်ဘဲ တွေ့ရှိရ သူများဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး ပြုလုပ်ထားတဲ့ သုတေသနပြုချက်တွေ အရ မွေးစ ကလေးငယ်များမှာ ကူးစက်ခံရတဲ့ ဘီပိုးဟာ ၉၈ ရာခိုင်နှုန်းခန့်ထိ နာတာရှည် အသည်းရောင် ရောဂါဖြစ်ပွားနိုင်ပြီး လူကြီးများမှာ ကူးစက်သူတွေကတော့ ၁၀ ရာခိုင်နှုန်းခန့်သာ နာတာရှည်အသည်းရောင်ခြင်း ဖြစ်တာကို တွေ့ရှိရပါတယ်။ 

လက္ခဏာ လုံးဝမပြတဲ့ ဘီပိုးသယ်ဆောင်သူများနဲ့ နာတာရှည်အသည်းရောင် ဝေဒနာရှင် များဟာ ဘီပိုးကို တစ်ဆင့် ကူးစက်ဖြန့်ဖြူးနိုုင်သူတွေဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ အခုလို ဘီပိုးကူးစက် ခံထားရသူပေါင်း ငါးသန်းခန့်ရှိပြီဖြစ်တဲ့အတွက် ကျန်းမာရေးရှုထောင့်က ကြည့်ရင် အရေးကြီးတဲ့ရောဂါအခြေအနေ ဖြစ်လာပြီလို့ ဆိုနိုင်ပါတယ်။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါက်တာဦးဝင်းနိုင်
Health for all magazine, April 2013, Pg. 136



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18