Print

တီဘီပိုးနှင့် သလိပ်ခပ်ခြင်း

  29-Oct-2016
Preview Image

 

တီဘီပိုးအတွက် သလိပ်စစ်ရအောင် သလိပ်ခပ်ပေးပါလို့ ဆိုလာတဲ့ သူနာပြု ဆရာမလေးရဲ့ စကားအဆုံးမှာ သလိပ်ထည့်တဲ့ ခွက်ကို ခပ်မြန်မြန်လှမ်းယူလိုက်ကာ အလျှင်စလို တံတွေးထွေးထည့်လိုက်တဲ့ ဝေဒနာရှင်တစ်ဦးရဲ့ အပြုအမူကြောင့် ကျွန်မရင်ထဲ ကျင်ခနဲ ခံစားလိုက်ရသေးသည်။ ward ထဲမှာ လူနာတော်တော်များများ ကျန်သေးတာမို့ နောက်ထပ် သလိပ်ခွက်အသစ်ပေးပြီး သလိပ်ခပ်ပုံကို သေချာသင်ပေးဖို့ သူနာပြုဆရာမလေးကို ပြောရင်း လူနာတွေ ဆက်ကြည့်နေဖြစ်လိုက်သည်။ ဆေးရုံ၊ ဆေးခန်းတွေမှာ မကြာခဏ မြင်နေရတတ်တဲ့ အဖြစ်အပျက်ပေမယ့် သလိပ်ခွက်ကလေး တခွက်က ဘယ်လောက် အရေးကြီးတယ်ဆိုတာ ဝေဒနာရှင် ကိုယ်တိုင်လည်း သိဖို့အရေးကြီးတယ် မဟုတ်လား။ တကယ်ဆို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ၂၀၅၀ ခုနှစ်မှာ တီဘီရောဂါ ဖြစ်ပွားမှုနှုန်းကို တစ်မီလီလျှံမှာ တစ်ယောက်နှုန်းအထိ လျှော့ချကာ တီဘီရောဂါကို တိုက်ဖျက်ဖို့ ရည်မှန်းချက်များ ထားခဲ့သလို၊ ထောင်စုနှစ် ရည်မှန်းချက်များထဲမှ တစ်ခုဖြစ်တဲ့ ၂၀၁၅ ခုနှစ်မှာ တီဘီရောဂါဖြစ်ပွားမှုနှုန်းနဲ့ သေဆုံးမှုနှုန်းကို ၁၉၉၀ ခုနှစ်များထက် ထက်ဝက် လျော့ကျအောင် လျာထားချက်ထားလျှက်ရှိတဲ့ တီဘီရောဂါဟာ အရှေ့တောင်အာရှမှာ ၂၀၁၀ အတွင်း အသစ်ဖြစ်ပွားမှုနှုန်း ၃၅% ရှိနေဆဲပါ။

 

အဲဒီလို သက်ဆိုးရှည်ရှည်နဲ့ ကမ္ဘာကို ချိမ်းခြောက်နေတဲ့ ရောဂါပိုးကြီးကို ရောဂါစစ်ဆေးမှုတွေက အစ ပေါ့ပျက်ပျက် လုပ်နေမယ်ဆို တကယ်ပဲရည်မှန်းချက်တွေ အချိန်မှီပြည့်မှီ လာနိုင်ပါမလားလို့ စိုးထိတ်မိတာ ကျွန်မလွန်များ နေသလားရှင်။ ဒီလို အန္တရာယ်များတဲ့ ရောဂါဆိုလည်း ဘာလို့များ ရှေးရိုးစွဲပြီး သလိပ်ပဲ စစ်နေမလဲ၊ ပိုးမွေးတာတို့ မျိုးရိုးဗီဇစစ်တာတို့စတဲ့ခေတ်မှီစမ်းသပ်စစ်ဆေးမှု တွေတိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံကြီးတွေနဲ့ အထူးကုဆေးရုံကြီးတွေမှာ စစ်ဆေးနိုင်နေတာပဲ မဟုတ်လားလို့ မေးစရာရှိလာပါတယ်။  ဟုတ်ပါတယ်။တီဘီပိုးမွေးပြီးအဖြေရှာတာဟာပိုမိုတိကျတဲ့စစ်ဆေးမှုဖြစ်ပေမယ့်ပုုံမှန် တီဘီပိုးမွေးခြင်းဟာ၆ပတ်က၈ပတ်ထိကြာတတ်တာ၊ ကျန်းမာရေးအရင်းအမြစ်တွေ ပိုမိုလိုအပ်တာတွေအပြင်ခေတ်မှီစမ်းသပ်မှုတွေနဲ့သလိပ်ပိုးမွေးလျှင်ရက်သတ္တပတ်တစ်ပတ်ကျော်တဲ့အခါ အဖြေသိနိုင်ပေမယ့် ကုန်ကျစရိတ်များတာရယ် ခေတ်မှီနည်းစနစ်တွေ လိုအပ်ပြန်ပါတယ်။  ဒါကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရော အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ တီဘီရောဂါပိုးကိုစစ်ဆေးရာမှာ ရောဂါလက္ခဏာ ၊ ဓါတ်မှန်၊ သလိပ် စတဲ့အခြေခံ စစ်ဆေးမှုများကို အသုံးပြုဆဲဖြစ်ပါတယ်။

 

အဲဒီထဲမှာမှသလိပ်ပိုးစစ်ခြင်းဟာ စ်တစ်ရာကျော်ကတည်းကစတင်သုံးစွဲခဲ့ကာ အခြေခံကျပြီးစျေးသက်သာ လျှင်မြန်တဲ့ စနစ်တစ်ခုဖြစ်တဲ့အပြင် ထိရောက်တဲ့ စစ်ဆေးမှုအဖြစ်လည်း တွင်တွင်ကျယ်ကျယ် ရှိနေဆဲပါ။ဒါ့အပြင်သလိပ်စစ်တာဟာကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ထုတ်ပြန်ထားတဲ့ ဝေးလံခေါင်သီတဲ့ ကျန်းမာရေး အရင်းအမြစ်ရှားပါးရာ နေရာတွေမှာ အသုံးပြုဖို့ ထောက်ခံထားတဲ့ စစ်ဆေးမှု တရပ်လည်း ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ ဓတ်ခွဲခန်း ပညာရှင်တယောက်ရဲ့ စေ့စပ်တဲ့ စစ်ဆေးမှုနဲ့လုပ်မယ်ဆိုရင် လူအယောက်တစ်ရာမှာ သိလွယ်မှု ၇၂ % ခန့် ရှိပြီး တိကျခိုင်လုံမှု ၉၉% ရှိတဲ့ သလိပ်ပိုးစစ်ခြင်း ဟာ လျှင်မြန်တဲ့စစ်ဆေးမှု တစ်ခုလည်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တစ်ရက်ကနေ နှစ်ရက်အတွင်း အဖြေထုတ်ပေးနိုင်လေ့ရှိတဲ့ သလိပ် စစ်ဆေးမှုဟာ အလျှင်မြန်ဆုံးအနေနဲ့ နာရီပိုင်းအတွင်း ပြုလုပ်နိုင်တာဖြစ်ပါတယ်။ဒါဆို သလိပ်စစ်တဲ့အဖြေပေါ်မူတည်ပြီး ဘယ်လို အကျိုးဆက်တွေ ရနိုင်မှာမို့လို့ပါလို့ မေးလာရင်တော့ ။ တီဘီပိုးကို ပထမအကြိမ်သလိပ်ထဲမှာပဲ တွေ့ရမယ်ဆိုရင် တီဘီရောဂါနဲ့ သက်ဆိုးမရှည်စေတော့ဘဲ ကုသမှု အမြန်ဆုံးရနိုင်မှာပါ ။ မတွေ့ရသေးဘူးဆိုရင်တော့ အဆုတ်အအေးပတ်မှု အနေနဲ့ကုသနေစဉ် တီဘီပိုးဟုတ်မဟုတ် သေချာတဲ့အထိ တခြား စစ်ဆေးမှုတွေ လုပ်ရမှာဖြစ်ပြီး မလိုလားအပ်တဲ့ အချိန်နှောင့်နှေးမှုတွေနဲ့ ကြုံရပြန်ပါတယ်။

 

တီဘီပိုး သလိပ်ထဲမှာ မတွေ့ဘဲ တီဘီဖြစ်နိုင်တယ်ဆိုတာ သိထားကြသလို ခုခံအားကျဆင်းမှု ရောဂါများပြားလာတာနဲ့အမျှ တီဘီပိုး သလိပ်မှာမတွေ့တဲ့ ဝေဒနာသည်တွေ များလာတာကိုလည်း အများပြည်သူ သိပြီးဖြစ်မှာပါ။ တီဘီပိုးကိုသလိပ်မှာမတွေ့သူများ အတွက် ရောဂါဝေဒနာကို ကျွမ်းကျင်သူများမှ စမ်းစစ်ပြီး ကုသနိုင်ဖို့ပြဌာန်းချက်များ ရှိပေမယ့် ကမ္ဘာအနှ့့ံအပြားမှာ အခက်အခဲများစွာ ရှိနေသေးတာကို တွေ့ရပါတယ်။  ဒါကြောင့်သလိပ်ပိုးစစ်ခြင်းဟာထိရောက်တဲ့အကျိုးဆက်များရှိတာမို့သလိပ်စစ်ဖို့သလိပ်ခပ် ခြင်းဟာလည်း အရေးပါတဲ့အခန်းက ပါဝင်ပြန်ပါတယ်။ ပုံမှန်အားဖြင့် အဆုတ်တီဘီ၊ လည်ချောင်းတီဘီ၊ အဆုတ်မဟုတ်တဲ့အခြားနေရာတွေမှာ တီဘီဖြစ်ပြီးချောင်းဆိုးနေတဲ့ သူတွေ၊ ဓါတ်မှန်မှာ မသင်္ကာစရာ အမှတ်အသားများ တွေ့ရှိတဲ့သူများ၊ တီဘီရောဂါပိုးကို အရေပြားမှတဆင့် စမ်းသပ်စစ်ဆေးတွေ့ရှိပြီး ချောင်းဆိုးနေတဲ့သူများ ဒါမှမဟုတ် ဓါတ်မှန်မှာ တီဘီရောဂါဖြစ်နိုင်ချေရှိတဲ့ လက္ခဏာတွေ့သူများ စသည်တို့ကို သလိပ်ကို တီဘီပိုးစစ်ဆေးသင့်ပါတယ်။ 

 

၁။ သလိပ်ခပ်ခြင်းနှင့် ကျန်းမာရေး ပညာပေး

ကျန်းမာရေးဝန်ထမ်းအနေနဲ့ သလိပ်ခပ်ဖို့ ဗူးလေးတွေကို မပေးခင် လူနာနဲ့ လူနာရဲ့အဖော်ကို သလိပ်ဘယ်လို ခပ်ရမလဲဆိုတာကို သေချာရှင်းပြပေးရပါမယ်။ ဒါ့ပြင် သလိပ်ပိုး စစ်ဆေးခြင်းဟာ ရောဂါရှာဖွေဖို့ ကုသနေစဉ်အတွင်း အခြေအနေကို ဆုံးဖြတ်ဖို့ ဘယ်လောက် အရေးကြီးတဲ့နေရာက ပါတယ်ဆိုတာကို ရှင်းပြရပါမယ်။ 

 

၂။ သလိပ်ကို ဘယ်နှစ်ခါ ယူရပါမလဲ

မနက်ခင်းခပ်တဲ့ သလိပ်ဟာ ပိုးအများဆုံး ပါဝင်နို်င်တာမို့ မနက်ခင်း သလိပ်ခပ်ခြင်းဟာ အသင့်လျှော်ဆုံး ဖြစ်ပါတယ်။ အိပ်ရာထပြီးခါစ အစာမစားခင် ရေနဲ့ (အခြားအာလုပ်ကျင်းရည်များ မသုံးစေလိုပါ ) အာလုပ်ကျင်းပြီး သလိပ်ခံရပါမယ်။ အခက်အခဲကြောင့် အခြေအနေ အချိန်အခါကိုလိုက်ပြီး တီဘီပိုးသလိပ်မှာ စစ်ဆေးဖို့ လိုလာတဲ့သူဆီကတော့ ၈နာရီ မှ ၂၄နာရီ ခြားပြီး သလိပ်ကို သုံးခါ ဆက်တိုက် ယူရမှာဖြစ်ပြီး အနည်းဆုံး မနက်လင်းခပ်တဲ့သလိပ် တစ်ခါပါရမှာဖြစ်ပါတယ်။ 

 

၃။ သလိပ်ခပ်တဲ့ဗူးကို ဘယ်လိ်ုကိုင်တွယ်ရပါမလဲ

သလိပ်ခပ်ဖို့ အဆင်သင့်မဖြစ်မချင်း သလိပ်ဗူးကို မဖွင့်တာ အကောင်းဆုံးပါပဲ။ သလိပ်ခံပြီးရင်တော့ သလိပ်ဗူးကို စနစ်တကျပိတ်ပြီး အပြင်ဘက်ကိုဆေးကြော သန့်စင်ကာ သလိပ်ဗူးထည့်တဲ့ အိတ်ထဲပြန်ထည့်ရပါမယ်။ 

 

၄။ သလိပ်ကို ဘယ်လိုခံရပါမလဲ

သလိပ်ဗူးထဲကို သလိပ်ခပ်ဖို့ ကြိုးစားစဉ် တခြားသူများကို တီဘီပိုး ကူးစက်နိုင်တာမို့ လူအများနဲ့ ဝေးရာနေရာမှာ သလိပ်ခပ်သင့်ပါတယ်။ ဒါ့အပြင် သလိပ်ပိုးကို ဓါတ်ခွဲခန်းထဲမှာ ဘယ်တော့မှ မခပ်သင့်ပါဘူး။ 

 

၅။ သလိပ်ကောင်းကောင်းရအောင် ဘယ်လိုခပ်ရမလဲ

သလိပ်ခပ်ခြင်းမှာ သွားရည် နည်းနိုင်သမျှနည်းပြီး သလိပ်များများပါဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အသက်ကိုပြင်းပြင်းထပ်ခါ ထပ်ခါရှုသွင်းရှုထုတ်ပြီး သလိပ်များပါအောင် ရင်ဘတ်တွင်းမှ ချောင်းဆိုးနိုင်တဲ့အထိ ပြုလုပ်ခြင်းဖြင့် သလိပ်ရနိုင်ပါတယ်။ အဲဒီနောက်မှာ လက်ဘက်စားဇွန်း တစ်ဇွန်း အပြည့်ရအောင် သလိပ်ခပ်ရပါမယ်။ လုံလောက်တဲ့ ပမာဏရမှသာ အဖြေကောင်းကောင်း ထွက်နိုင်မှာမို့ပါ။ 

 

၆။ သလိပ်ခွက်ကို သိမ်းဆည်းခြင်း

သလိပ်ခပ်ပြီးရင်တော့ သလိပ်ခွက်ကို အရစ်ကျအောင် သေချာပိတ်ပါ။ သလိပ်ခွက် အပြင်ဘက်ပိုင်းကို သေချာ သန့်စင်ရပါမယ်။ ထုတ်ပိုးပြီး ကျန်းမာရေး ဝန်ထမ်းတွေဆီကို ပြန်ပေးနိုင်ပါပြီ။ ကျန်းမာရေးဝန်ထမ်းတွေက သင့်နံမည်နဲ့ကျန်တဲ့ အချက်အလက်တွေကို ယူပြီးတဲ့နောက်မှတစ်နေ့တာ အတွက် သလိပ်ခပ်ခြင်း ပြီးဆုံးမှာဖြစ်ပါတယ်။ နောက်ရက်မှာတော့ ဒီလိုနည်းနဲ့ နောက်တနေ့စာ  သလိပ်ကို ခပ်ရမှာဖြစ်ပါတယ်။ နေ့ခင်းဘက် ထမင်းစားချိန်အပြီးမှာ တာဝန်ကျ သူနာပြုဆရာမလေးကို ခေါ်ပြီး ဝေဒနာရှင်ကို သလိပ်ခပ်နည်းနဲ့ စနစ်တကျ သလိပ်ခပ်ခြင်းက တဆင့်ရနိုင်တဲ့ အကျိုးဆက်တွေကို တစ်ခေါက်ရှင်းပြဖြစ်ခဲ့ပါတယ်။ တခြားအလုပ်တွေ ရှုပ်နေတဲ့ကြားက ဘာလို့ အဲလိုအသေးစိတ် ကိစ္စကလေးတွေကို ရေးကြီးခွင်ကျယ်လုပ်နေတာလဲလို့ မေးလာတဲ့ သူနာပြု အသစ်ကလေးကို ကျွန်မ ပြုံးပြရင်း စကားတစ်ခွန်းတော့ ဆိုဖြစ်ခဲ့ပါတယ်။ အပြောင်းအလဲ အကြီးကြီးတွေဆိုတာ အသေးအဖွဲ ကိစ္စကလေးတွေကနေ ဖြစ်ခဲ့တာမဟုတ်လား လို့။

 

Ref: မွန်းသက်ပန် (ဆေး ၁) မောက္ခ ပညာရေး မဂ္ဂဇင်း Public health in myanmar Monday, July 2, 2012



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18