Print

တီဘီ - အိတ်ချ်အိုင်ဗီ ဆေးယဉ်ပါးခြင်း ပြဿနာ

  27-Jun-2019
Preview Image

ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေ ၉ ဒဿမ ၆ သန်းခန့် တီဘီရောဂါဖြစ်ပွားနေပြီး ၁ ဒဿမ ၅ သန်းခန့် သေဆုံးနေသည်။ မြန်မာနိုင်ငံ နှစ်စဉ် လူဦးရေ နှစ်သိန်းခန့် တီဘီရောဂါ ကူးစက်ခံစားနေရသည်။ ကမ္ဘာပေါ်ရှိ တီဘီနှင့် အိတ်ချ်အိုင်ဗီရောဂါ ပူးတွဲအဖြစ်များဆုံးနှင့် ဆေးယဉ်ပါးတီဘီ အဖြစ်များဆုံး နိုင်ငံ ၃၀ ထဲတွင် မြန်မာနိုင်ငံသည် အဆင့် (၁၁) နေရာ တည်ရှိပြီး အရှေ့တောင်အာရှနိုင်ငံများထဲတွင် အဆင့် (၄) နေရာရှိနေသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ် ဆေးယဉ်ပါးတီဘီဖြစ်သူ ကိုးထောင် ခန့်ရှိကာ တီဘီရောဂါလူနာအသစ် ၅ ရာခိုင်နှုန်းမှာ ဆေးယဉ်ပါးတီဘီ ဖြစ်ပွားနေသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် အခြေအနေဆိုးရွားသည့် ပြင်းထန်ဆေးယဉ်ပါးတီဘီဖြစ်ပွားသူဦးရေ ၃၀ ခန့်ရှိနေသည်။ ပြင်းထန်ဆေးယဉ်ပါးတီဘီရောဂါ (XDR-TB) ဆိုသည်မှာ ဆေးယဉ်ပါးတီဘီထက် ထပ်ဆင့် ဆိုးရွားပြင်းထန်သော တီဘီရောဂါဖြစ်ပြီး ကုသရာတွင် အောင်မြင်မှုနည်းပါးသည့် ရောဂါတစ်ခုဖြစ်သည်။ ယင်းကဲ့သို့သော လူနာများကို ကုသရာတွင် လပေါင်း ၂၀ ကျော် ကြာမြင့်မည်ဖြစ်သည်။


တီဘီရောဂါသည် ပိုးကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်သော ရောဂါမျိုးဖြစ်သည်။ ရောဂါပိုးရှိသူမှတစ်ဆင့် မိသားစုဝင်များသို့လည်းကောင်း၊ ရောဂါဝေဒနာရှင်အနီးရှိ အခြားသူများသို့ လည်းကောင်း၊ ရောဂါပိုးပါရှိသော လေကို ရှူရှိုက်မိခြင်းမှတစ်ဆင့် ကူးဆက်ခြင်းဖြစ်သည်။ ရောဂါပိုးရှိသူတို့၏ တံတွေး၊ သလိပ်အစရှိသည့် အရည်တို့တွင် ပါရှိသော တီဘီရောဂါပိုးတို့သည် ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ကျယ်လောင်စွာစကားပြောခြင်း၊ သီချင်းဆိုခြင်း၊ တံတွေးထွေးခြင်းအားဖြင့် လေထဲသို့အလွယ်တကူ ပျံ့နှံ့သွားပြီး ဘေးပတ်ဝန်းကျင်လူများက ရှူရှိုက်မိရာမှ ရောဂါပိုးကူးစက် ခံရနိုင်ပေသည်။


          လူစုလူဝေးများပြားသော နေရာများဖြစ်သည့် စတိုးဆိုင်၊ ကုန်တိုက်၊ ဈေးဆိုင်၊ ရထားဘူတာရုံ၊ ကားဂိတ်၊ ဗီဒီယိုရုံ၊ ရုပ်ရှင်ရုံ ၊ လူများပြန့်ကျက်နေသော နေရာများ၊ ဘတ်စ်ကားများ၊ ရထား၊ သင်္ဘော၊ လေယာဉ်စီးခရီးသွားသည့် ဝေဒနာရှင်မှ ပတ်ဝန်းကျင်ရှိလူများသို့လည်းကောင်း၊ လူအများ စုဝေးရာ ရုံးခန်း၊ စာသင်ခန်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဆေးလိပ်ခုံ၊ တီဗီဂိမ်းဆိုင်၊ ကျူရှင်၊ ကျောင်း၊ ဝိုင်းကျူရှင်၊ ဘော်ဒါဆောင် စသည့်နေရာများတွင် ဝေဒနာရှင်ထံမှတစ်ဆင့် လုပ်ဖော်ကိုင်ဖက်များ သို့လည်းကောင်း ကူးစက်နိုင်ပါသည်။ သို့သော်လည်း တီဘီရောဂါပိုး ကူးစက်ခံရတိုင်း တီဘီရောဂါကူးစက်ဖြစ်ပွားလေ့ မရှိပါချေ။


          အောက်ပါပုဂ္ဂိုလ်များမှာ တီဘီရောဂါကူးစက်ခံရပါက အလွယ်တကူ တီဘီဝေဒနာရှင် ဖြစ်ပွားနိုင်ပါသည်။ (၁) အာဟာရချို့တဲ့ခြင်း၊ (၂) ခုခံအားကျဆင်းနေခြင်း၊ (၃) ဆေးလိပ်၊ အရက် အလွန်အကျွန်သောက်သုံးခြင်း၊ (၄) အသက်အရွယ်ကြီးရင့်သူနှင့် ငါးနှစ်အောက်ကလေးငယ်များဖြစ်ခြင်း၊ (၅) ဆီးချိုရောဂါရှိသူများ၊ (၆) အစာအိမ်ဖြတ်တောက်ခံထားရသူများ စသည်တို့ဖြစ်သည်။ နေအိမ်အကျယ်အဝန်းနှင့် နေထိုင်သူဦးရေ မမျှတခြင်း၊ မိသားစုဝင်ဦးရေ အများအပြား စုပေါင်းနေထိုင်သောအိမ် သို့မဟုတ် အလုပ်လုပ်သည့်နေရာမှာ လေဝင်လေထွက်နှင့် အလင်းရောင်ကောင်းမွန်စွာ မရရှိခြင်း စသည်တို့မှာလည်း ရောဂါဖြစ်ပွားစေရန် အခြေအနေများဖြစ်နေသည်။


          တီဘီရောဂါ၏ ယေဘုယျလက္ခဏာနှင့် အဓိကလက္ခဏာများမှာ ရက်သတ္တပတ် သုံးပတ်ကျော်မျှ ချောင်းဆိုးခြင်း၊ အများအားဖြင့် ညနေပိုင်းတွင် အဖျားတက်ပြီး ကိုယ်နွေးနွေးပူခြင်း၊ အဖျားတာရှည်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ၂၁ ရက်ကျော်မျှ ချောင်းဆိုးပြီး ချောင်းဆိုးစဉ် သလိပ်ထဲသွေးပါခြင်း၊ ရင်ဘတ်နှင့် ကျောအောင့်ခြင်း အင်အားချည့်နဲ့ပြီး မောပန်းလွယ်ခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်လေ့ရှိပါသည်။


          အထက်ဖော်ပြပါလက္ခဏာများရှိလျှင် ကျန်းမာရေးဌာနသို့ သွားရောက်ပြီး သလိပ်ပေးပို့စစ်ဆေးခြင်း၊ ရင်ခေါင်းဓာတ်မှန်ရိုက်စစ်ဆေးခြင်း ပြုလုပ်ရပါမည်။ အကယ်၍မိမိတွင် တီဘီရောဂါပိုး စစ်ဆေးတွေ့ရှိပါက မိမိအိမ်ရှိကျန်သော မိသားစုဝင်အားလုံး ရောဂါပိုးရှိမရှိ တစ်ယောက်မကျန် စစ်ဆေးရပါမည်။ သို့မှသာ မိသားစုအတွင်း ကူးစက်ခံထားရမှု အခြေအနေကိုသိရှိပြီး ပြုစုကုသမှု လုပ်ငန်းကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။


          တီဘီရောဂါသည် ကုသပျောက်ကင်းနိုင်သော ကူးစက်ရောဂါ ဖြစ်သော်လည်း ရောဂါ ဝေဒနာရှင်အများစုမှာ ညွှန်ကြားထားသည့်အတိုင်း စနစ်တကျ လိုက်နာသောက်သုံး ကျင့်ကြံနေထိုင်ခြင်းမရှိ၍ နှစ်စဉ် လူဦးရေ ၉ ဒဿမ ၆ သန်းခန့် ရောဂါဖြစ်နေပြီး ၁ ဒဿမ ၅ သန်းခန့် သေဆုံးနေသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ် လူဦးရေ နှစ်သိန်းခန့် တီဘီရောဂါပိုး ကူးစက်ခံနေရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ထုတ်ပြန်သည့် စာရင်း ဖော်ပြထားခဲ့သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ် ဆေးယဉ်ပါးတီဘီဖြစ်သူ ကိုးထောင်ခန့်ရှိပြီး တီဘီရောဂါအသစ် ၅ ရာခိုင်နှုန်းမှာ ဆေးယဉ်ပါးတီဘီ (MDR – TB) ဖြစ်ပွားနေသည်။ ထို့အပြင် ဆေးယဉ်ပါးတီဘီ ထက်ပို၍ ပြင်းထန်သော ဆေးယဉ်ပါးတီဘီ (XDR – TB) ဝေဒနာဖြစ်သူ ၃၀ ဦးခန့်ရှိပြီး ယင်းပြင်းထန်သော ဆေးယဉ်ပါးတီဘီရောဂါမှာ ကုသရာတွင် အောင်မြင်မှုနည်းပါးသည့် ရောဂါတစ်ခုလည်းဖြစ်သည်ဟု ပညာရှင်တို့ သုံးသပ်ထားပေရာ လူတိုင်း ကျန်းမာရေးအသိ ၊ ကျန်းမာရေးသတိဖြင့် အမျိုးသားရေး တာဝန်အဖြစ် ကုသရေး၊ ကာကွယ်ရေးတို့တွင် ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါသည်။


          ထို့အတူပင် အိတ်ချ်အိုင်ဗီ ရောဂါပိုးရှိသူတို့၏ ၇၀ ရာခိုင်နှုန်းမှာ တီဘီရောဂါဖြစ်ပွားခံစားနေရသည်ကို မှတ်တမ်းအရလည်း သိရသည်။ အိတ်ချ်အိုင်ဗီပိုးရှိသူတို့မှာလည်း သတ်မှတ်ညွန်ကြားသည့် ဆေးအတွဲ (Combination Drug) ကို အချိန်မှန်မှန်၊ အကြိမ်မှန်မှန်၊ ပမာဏ မှန်မှန် ဆေးတွဲမှန်မှန် မသောက်သုံးခြင်းကြောင့် တီဘီရောဂါပိုးဆေး ယဉ်သကဲ့သို့ ဆေးယဉ်ပါးသူများမှာ တစ်နေ့တခြား တိုးပွားလျက်ရှိပေသည်။


          သို့ပါ၍ တီဘီရောဂါမဖြစ်သေးသော အိတ်ချ်အိုင်ဗီပိုးရှိသူတို့အား အေအာဗီဆေး တိုက်ကျွေးခြင်းနှင့်အတူ တီဘီရောဂါကာကွယ်ဆေးကိုပါ တိုက်ကျွေးခြင်း၊ တီဘီရောဂါကို ကြိုတင်ကာကွယ်ရန် အိတ်ချ်အိုင်ဗီပိုးရှိသူတို့အား အေအာဗီဆေးပေးကုသသည့် ပြည်သူဆေးရုံများ နှင့် NGO , NGO အဖွဲ့တို့က တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက် လျက်ရှိနေပေသည်။ အိတ်ချ်အိုင်ဗီပိုး၏ ဖျက်ဆီးမှုကြောင့် မိမိတို့၏ ကိုယ်ခံအားကျဆင်းလာပြီး တီဘီရောဂါမှာ အချိန်မရွေး ကူးစက်ခံရပါက ရောဂါဖြစ်မှ ကုသရသည်မှာ ပို၍ ခက်ခဲတာရှည်ရုံမျှမက ရံဖန်ရံခါ အသက်ကို ကယ်တင်နိုင်ခြင်း မရှိတော့သည်ကို မကြာခဏတွေ့ရပါသည်။ အထူးသဖြင့် ဆေးယဉ်ပါးတီဘီပိုး (MDR – TB) သို့မဟုတ် ပြင်းထန်ဆိုးရွားသော တီဘီ (XDR – TB) ဖြစ်ပါမူကား ထိုသူသာမက သူတို့၏ မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်နှင့် သူ၏ ပတ်ဝန်းကျင်ရှိလူတို့အတွက် အလွန်ကြီးမားသော အန္တရာယ်ဖြစ်စေတော့မည်ဖြစ်သည်။


          ဆေးယဉ်ပါးတီဘီ၊ ပြင်းထန်ဆိုးရွားသော ဆေးယဉ်ပါးတီဘီနှင့် ARV ဆေးယဉ်ပါးသူ၊ TB.HIV ဆေးယဉ်ပါးသူတို့၏ ပြဿနာကား အမျိုးသားရေးဆိုင်ရာ အရေးကြီးသော ကျန်းမာရေးပြဿနာ အဖြစ် မရောက်ရှိစေရန် စီမံဆောင်ရွက်ရမည့် ကျန်းမာရေးပြဿနာ ဖြစ်ပေသည်။

Credit : မောင်ခေတ်သစ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18