Print

ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သော အစာအိမ်နှင့်အူလမ်းကြောင်း ရောင်ရမ်းခြင်...

  25-Apr-2019
Preview Image

ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သော အစာအိမ်နှင့်အူလမ်းကြောင်း ရောင်ရမ်းခြင်း ရောဂါဝေဒနာ ဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ တစ်မျိုးပါပဲ။ အင်္ဂလိပ်လို အခေါ်အရ ဆို Stomach flu/ ဆေးပညာအခေါ်အရ ဆို Viral Gastroenteritis လို့ခေါ်ပါတယ်။

အဓိကကတော ့ ဗိုင်းရပ်စ် ရောဂါပိုးမွှားတွေပါဝင်တဲ့အစားအသောက်၊ရေ တွေ သောက်သုံးစားသောက်မိတာကတစ်ဆင့် ကူးစက်တာပါ။ ရောဂါကူးစက်ခံထားရတဲ့လူနာကို အနီးကပ်ဘေးကနေ ပြုစုပေးနေတဲ့သူတွေလည်း ကူးစက်နိုင်ပါတယ်။

အသက်ကြီးတဲ ့အဘိုးအဘွားတွေ၊ ကလေးငယ်တွေ၊ ခုခံအားကျနေတဲ့သူတွေသာ ဒီဝေဒနာကိုရုတ်တရတ်ခံစားရမယ်ဆိုလျှင် အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။

ဒီ ရောဂါကို ဖြစ်မှ ကုသတာထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တာက ပိုထိရောက်ပါတယ်။


ရောဂါလက္ခဏာတွေကတော့--

·         အရည်ဝမ်းသွားခြင်း ( အကယ်၍ဝမ်းသွားတဲ့ထဲမှာ သွေးပါပါလာပြီး သွေးဝမ်းသွားပြီ ဆိုရင်တော့ စိုးရိမ်ရတဲ့လက္ခဏာဖြစ်ပါတယ် )

·         ပျို ့ခြင်း၊ အန်ခြင်း။

·         ဗိုက်အောင့်၊ ဗိုက်ရစ်ရစ်နာခြင်း။

·         ခေါင်းကိုက်ခြင်း၊ တငွေ့ငွေ့ဖျားခြင်း။

ဒီလို လက္ခဏာတွေကတော့ သင်ရောဂါပိုးကူးစက်ခံရပြီး ၁ ရက်ကနေ ၃ ရက်အတွင်းပေါ်နိုင်ပါတယ်။ များသောအားဖြင့် သိပ်မဆိုးရွားတတ်ပေမဲ ့ တချို့သူတွေမှာတော့ ဆိုးရွားပြင်းထန်တတ်တာတွေ့ရပါတယ်။

ဒီရောဂါလက္ခဏာတွေ ကတော့ ၂ ရက်ကနေ ၁၀ ရက်အထိကြာတတ်ပါတယ်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ ့ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ဘတ်တီးရီးယားပိုးကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တာနဲ့ ဆင်တူပါတယ်။

Viral gastroenteritis ဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးတွေကတော့ နိုရိုဗိုင်းရပ်စ် (Noro virus)၊ ရိုတာဗိုင်းရပ်စ် (Rota Virus)၊ အဒီနိုဗိုင်းရပ်စ် (Adeno Virus) ၊ အစထရိုဗိုင်းရပ်စ်(Astro Virus) တို့ကြောင့်ဖြစ်တာပါ။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ ့ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ဗိုင်းရပ်စ်ကြောင့်အဓိက ဖြစ်တဲ့အတွက် ဘတ်တီးရီးယားကို သတ်တဲ ့ပဋိဇီဝဆေးဝါးတွေ (Antibiotics) သုံးရင် မသက်သာနိုင်ပါဘူး။အဲ့ဒါကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်တိုင်း Antibiotic စသောက်တာထက် ရေဓါတ်ကို ဖြည့်ပေးတဲ့ဓါတ်ဆားရည် သောက်ခြင်းက ရောဂါ မြန်မြန်သက်သာစေပါတယ်။


ဘယ်အချိန်မှာ ဆေးရုံဆေးခန်းသွားပြသင့်လဲဆိုရင်--

·         ၂၄ နာရီအတွင်း ဆက်တိုက်အန်နေလျှင်

·         အန်လျှင်သွေးပါခြင်း

·         ဝမ်းသွားတာ ၂ရက်ထက်ကြာနေခြင်း

·         သွေးဝမ်းသွားခြင်း

·         ရေဓါတ်ဆုံးရှုံးတဲ ့လက္ခဏာတွေဖြစ်တဲ့ရေဆာခြင်း၊ ပါးစပ်ခြောက်ခြင်း၊ ဆီးရောင်ရင့်ခြင်း၊ ဆီးမသွားတော့ခြင်း၊ အားအင်ချိနဲ့နုံးချိခြင်း။

နောက်ဆက်တွဲဆိုးကျိုးများ

ရေဓါတ်ဆုံးရှုံးခြင်းအပြင် တက်ခြင်း၊ ခန္ဓာကိုယ်တွင် ရေဓါတ်ဆုံးရှုံး၍ သတိလစ်ခြင်း (Hypovolaemic shock)၊ ဦးနှောက်ရောင်ရမ်းခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ သတ်လစ်မေ့မြောခြင်း (Coma)၊ အသက်ဆုံးရှုံးခြင်း ထိဖြစ်နိုင်ပါတယ်။


ကုသမှုပုံစံ

ကုသမှုပုံစံအနေနဲ ့ကတော့ ဝမ်းသွားပြီဆိုတာနဲ့ရေဓါတ်ကို ပြန်ဖြည့်တင်းပေးဖို့က နံပါတ်တစ်အရေးကြီးဆုံးပါ။ ရေဓါတ်ဖြည့်တင်းပေးတဲ့နေရာမှာလည်း ဝမ်းပျက်ဝမ်းလှျှောအတွက် သီးသန့်ထုတ်ထားတဲ့ ဓါတ်ဆားကို သောက်ပေးသင့်ပါတယ်။

ဓါတ်ဆားရည်မဝင်ဘူး အန်နေလျှင်တော့ သွေးကြောကနေ ရေဓါတ်ဖြည့်တင်းပေးဖို့ လိုအပ်လို့ နီးစပ်ရာ ဆေးရုံဆေးခန်း ကို အမြန်ဆုံးသွားပြပေးရမှာပါ။


ဘာတွေစားသင့်လဲ? ဘာတွေရှောင်သင့်လဲ?

·         အပူအစပ်ရှောင်ပါ။

·         အဆီများတဲ ့အစာတွေ၊ နို့နှင့် နို့ထွက်ပစ္စည်းများ ရှောင်ပါ။

·         ကဖင်းဓါတ်များတဲ ့အစားအသောက်တွေ၊ ကော်ဖီ ၊ လက်ဘက်ရည်၊ ချောကလက်၊ ကိုကာကိုလာ သောက်သုံးခြင်းမှ ရှောင်ပေးပါ။

·         အရက်လုံးဝမသောက်ပါနဲ ့။

·         ထမင်းဖြူ ပူပူ ပျော့ပျော့ပျောင်းပျောင်း စားပေးပါ။

·         ဆန်ပြုတ်၊ စွပ်ပြုတ်၊ ကြက်ပြုတ်ရည် သောက်ပေးပါ။


ဘယ်လို ကာကွယ်ကြမလဲ?

·         လက်ကို မကြာခဏဆေးခြင်းအလေ့အထကိုကျင့်သုံးပါ။ အထူးသဖြင့် အစာမစားခင်၊ အစားအသောက်မပြင်ဆင်ခင်၊ အိမ်သာအသုံးပြုပြီး အချိန်မျိုးမှာ ဆပ်ပြာနှင့် စင်ကြယ်စွာဆေးရပါမယ်။

·         မကျက်သေးသော အသားဟင်း ငါးဟင်းများစားခြင်းမှ ရှောင်ကြဉ်ပါ။

·         ဟင်းသီးဟင်းရွက် အသီးအနှံများကို သေချာဆေးပါ။

·         ရေကို ကျိုချက်သောက်ပါ။

·         ကလေးငယ်လေးတွေကို အသက် ၂လမှ စ၍ Rota virus ကာကွယ်ဆေး တိုက်ကျွေးလို့ရပါတယ်။

ဝမ်းပျက်ဝမ်းလျှော ဖြစ်ပြီဆိုလျှင် မပေါ့သင့်ပါ။ ဓါတ်ဆားရည်သောက်ခြင်းအားဖြင့် ဝမ်းပျက်ဝမ်းလျှော ဝေဒနာရဲ့နောက်ဆက်တွဲရောဂါတွေကို ကာကွယ်ပြီးသားဖြစ်မှာပါ။ အရေးပေါ်လက္ခဏာ တွေတွေ့ရင်ဆေးရုံဆေးခန်း အမြန်သွားပါ။ ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်း၏ ဆိုတဲ့စကားကိုလည်း အမြဲနှလုံးသွင်းထားဖို့လိုအပ်ပါတယ်။

 

ကျန်းမာသုခနဲ ့ပြည့်စုံကြပါစေ။

 

Dr.Khaing

Ref. healthline.com

      Mayo clinic.com

 

 

 



Related Articles


Advertisment 18