Print

အသည်းရောင်အသားဝါ “ဘီ” ပိုးဟာ ဘယ်လိုမျိုးလဲ၊ ဘယ်လိုရောဂါကူးစက်နိုင်ပါသလ...

  17-Apr-2019
Preview Image

အသည်းရောင် အသားဝါ ရောဂါဘီပိုးဟာ မြန်မာနိုင်ငံမှာ အတော်လေး လူသိများနေတာ ကြာပါပြီ။ ဘီပိုးကူးစက်ခံရလို့ အသည်းရောင်သူတွေ ၊အသည်းခြောက်တဲ့သူတွေ ၊ အသည်းကင်ဆာဖြစ်တဲ့သူတွေ များလာလို့ ဘီပိုးကို ပိုပြီး သတိပြုမိလာကြပါတယ်။ နောက်တစ်ချက်ကတော့ ဘီပိုး ကူးစက်ခံရရင် ဆေးစစ်ဆေးမှု မအောင်မြင်တဲ့အတွက် အခွင့်အရေးဆုံးရှူံးမှု ရှိလာပါတယ်။ တချို့သော လုပ်ငန်းများမှာလည်း ဘီပိုးရှိနေသူတွေကို အလုပ်က ရပ်စဲခံရလို့ လူတွေပိုပြီး ကြောက်လန့် စိုးရိမ်နေရတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

အသည်းရောင်အသားဝါ ဘီပိုးကို စတင်တွေ့ရှိခဲ့တဲ့ သမိုင်းကြောင်းဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ ၁၉၆၅ ခုနှစ်မှာ Blumberg ဆိုတဲ့ အမေရိကန်ပြည်ထောင်စု ၊ ဖီလာဒဲဖီးယားမြို့က ဆေးသိပ္ပံပညာရှင်တစ်ဦးက စိတ်ဝင်စားဖွယ် တွေ့ရှိမှုတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ Haemoplilia လို့ခေါ်တဲ့ သွေးအားနည်းရောဂါကြောင့် သွေးခဏခဏသွင်းနေရတဲ့ ရောဂါရှင်ရဲ့ ကိုယ်ခံအား Antibody တစ်မျိုးဟာ သြစတီးလျ ရိုးရာတိုင်းရင်းသားများရဲ့သွေးရည်ကြည်ထဲက လှုံ့ဆော်ဓာတ်ပစ္စည်း Antigen တစ်မျိုးနဲ့ ဓာတ်ပြုမှုရှိတာကို တွေ့ရခြင်းပါပဲ။ အဲဒီ “Australian Aboriginc” လို့ခေါ်ဆိုပြီး အသည်းရောင်ရောဂါဖြစ်ပွားစေတဲ့ ရောဂါပိုးတစ်မျိုးအဖြစ် သတ်မှတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီ Antigen ဟာ အသည်းရောင်ဘီပိုးလို့ သတ်မှတ်ခံရတဲ့ ဗိုင်းရပ်စ်ပိုးရဲ့ အကာနံရံ မျက်နှာပြင်ပေါ်မှာ ရှိတဲ့ HBs Ag (Hepatitis B Surface Antigen) ဖြစ်မှန်း သိလာကြပါတယ်။ အဲဒီတွေ့ရှိမှု အတွက် Blumbergen ဟာ ၁၉၇၇ ခုနှစ် မှာ ဆေးသိပ္ပံ ပညာ နိုဘယ်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

တကယ်တော့ အသည်းရောင် ဘီပိုးလို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးဟာ အလွန်တရာမှ သေးငယ်တဲ့ Encapsulated DNA Virus တစ်မျိုး ဖြစ်ပါတယ်။ သူ့ရဲ့ Nucleus ထဲမှာ ရှိတဲ့ DNA Structure ထဲမှာ Nucleotides လို့ ခေါ်တဲ့ မျိုးရိုးဗီဇ ပစ္စည်း ၆၀၀ ကနေ ၂၁၀၀ လောက်အထိ ပါရှိပါတယ်။ အဲဒီမျိုးရိုး ဗီဇပစ္စည်းတွေရဲ့ ဖြစ်ပျက်ပြောင်းလဲမှုကို DNA Polymerase လို့ခေါ်တဲ့ Enzyme တစ်မျိုးက စီစဉ် ဖန်တီးပေးလျက် ရှိနေပါတယ်။

ဘီပိုးရဲ့ Cytoplasm ထဲမှာ အကာဓာတ်ပစ္စည်း HBs Ag တွေရှိနေသလို Core လို့ခေါ်တဲ့ အတွင်းက Nucleus အနှစ်ထဲမှာတော့ Core Antigen လို့ခေါ် “HBcAg” နဲ့ “HBe Ag” တွေရှိနေပါတယ်။

ဘီပိုးရဲ့ DNA Structure ဟာ လူတွေအသည်းမှာ ရှိတဲ့ အသည်းဆဲလ်တွေရဲ့ DNA ထဲမှာ ဝင်ရောက်ပူးပေါင်းပြီး ဗိုင်းရပ်စ်ပိုး အသစ်များ ပွားများလာအောင် စွမ်းဆောင်နိုင်တဲ့ သတ္တိထူး ရှိနေပါတယ်။ အသည်းဆဲလ် Hepatocyte များက မှတ်မိအောင် ပုံပြောင်းနိုင်တဲ့ ဓာတ်ပစ္စည်းများပါရှိလို့ အသည်းဆဲလ်တွေထဲ အလွယ်တကူဝင်ရောက်သွားနိုင်ပါတယ်။ အသည်းဆဲလ်တွေထဲ ရောက်ရှိပြီး ခန္ဓာကိုယ်ခုခံအားရဲ့ ရှာဖွေတိုက်နိုင်တဲ့ အစွမ်းကို ပုန်းရှောင်နေနိုင်လို့ နာတာရှည် ရောဂါပိုး Chronic Hepatitis B အဖြစ်ပြောင်းလဲ ရောက်ရှိနိုင်ပါတယ်။

အသည်းရောင် ဘီပိုးဟာ ထူးခြားတဲ့ အစွမ်းသတ္တိတွေ ရှိနေသလို နာတာရှည် ရောဂါပိုး ဖြစ်ပွားလာရင်လည်း နောက်ဆက်တွဲ ရောဂါဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါတယ်။ ကုသရခက်ခဲတဲ့ အမျိုးအစားဖြစ်ပြီး ခန္တာကိုယ်ထဲက ဗိုင်းရပ်စ်ပိုး လုံးဝ ပျောက်ကင်း ကင်းစင်သွားအောင် လုပ်ဖို့လည်း ခက်ခဲပါတယ်။

အသည်းရောင်ရောဂါပိုး ဘီ အမျိုးအစားဟာ တကယ်တော့ ရောဂါရှိသူတစ်ဦးကို ကူးစက်နိုင်တာဖြစ်ပါတယ်။ ရောဂါပိုးသယ်ဆောင်ထားသူရဲ့ သွေး ဒါမှ မဟုတ် ချွေး၊ တံတွေး၊ ဆီး၊ သုက်ရည်မှ တစ်ဆင့် ခန္ဓာကိုယ်ထဲ ရောက်ရှိနိုင်သလို သွေးသွင်းတာတွေ ၊ ဆေးထိုးတာတွေ ၊ နားဖောက်တာတွေ ၊ ဆေးမင်ကြောင်ထိုးတာတွေ ၊ သွားနှုတ်တာတွေ ၊ ခွဲစိတ်ရာတွေ ပြုလုပ်ရာမှာ ဗိုင်းရပ်စ်ပိုး သန့်စင်မထားတဲ့ ပစ္စည်းကိရိယာတွေကို အသုံးပြုရာက တစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။

ဒါ့အပြင် ရောဂါပိုးရှိနေတဲ့ မိခင်က ကိုယ်ဝန်ဆောင်စဉ်မှာ ရင်သွေးငယ်ကို ကူးစက်နိုင်သလို မွေးဖွားရာမှာလည်း သွေးနဲ့ ထိမိပြီး ကူးစက်နိုင်ပါတယ်။ မူးယစ်ဆေးဝါးကို အကြောထဲ ထိုးသွင်းတဲ့ သူတွေမှာ ဆေးထိုးအပ်တွေကို တစ်ဦးနဲ့ တစ်ဦး မျှဝေပြီး ပူးတွဲအသုံးပြုကြလို့ ကူးစက်နှုန်း အလွန်များပါတယ်။

မကြာခဏ သွေးသွင်းကုသနေရတဲ့ မွေးရာပါ သွေးအားနည်းရောဂါ ဝေဒနာရှင်တွေနဲ့ ကျောက်ကပ်မကောင်းလို့ စက်ကိရိယာတွေနဲ့ သွေးသန့်စင်ပေးနေရသူတွေမှာလည်း ရောဂါကူးစက်မှု များပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းများ အစားထိုးမှု ပြုတဲ့အခါမှာလည်း ရောဂါပိုးရှိသူရဲ့ အစိတ်အပိုင်းကို အသုံးပြုမိရင် ကူးစက်နိုင်ပါတယ်။ အနောက်နိုင်ငံတွေရဲ့ သုတေသနပြုချက်အရ ဒီလိုခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးပြုလုပ်သူများမှာ သာမန်စစ်ဆေးမှုနဲ့ မသိနိုင်တဲ့ Occult Hepatius B ဘီ ရောဂါပိုး ကူးစက်နေသူ ၃၀ ရာခိုင်နှုန်းက ၅၀ ရာခိုင်နှုန်းခန့်အထိ ရှိနေတာတွေ တွေ့ရပါတယ်။

ရောဂါပိုးရှိနေသူတွေကို ထိတွေ့ဆက်ဆံနေရတဲ့ ဆရာဝန်တွေ၊ သူနာပြု ဆရာ၊ ဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးကျောင်းသားတွေမှာ ရောဂါကူးစက်နိုင်မှု အင်မတန်များပါတယ်။ ခွဲစိတ်ဆရာဝန်များ၊ သွားရောဂါဆရာဝန်များ၊ ကျောက်ကပ်သန့်စင်စက် ကိရိယာဌာနမှာ လုပ်ကိုင်နေရသူများ ကင်ဆာရောဂါနဲ့ ကိုယ်ခံအားကျ ရောဂါများ ကုသမှုဌာနမှာ လုပ်ကိုင်နေရသူများမှာ ပိုပြီး အန္တရာယ်ကြီးမားပါတယ်။ မတော်တဆ ဆေးထိုးအပ်နဲ့ စူးမိသွားတာ၊ ခွဲစိတ်ဓား၊ ချုပ်အပ်စူးမိတာတွေ၊ စအိုက တဆင့် မေထုန်မှီဝဲသူတွေမှာ ပိုပြီးကူးစက်မှု များတတ်ပါတယ်။ အကာအကွယ်ပစ္စည်း Condom စတာတွေ အသုံးပြုနိုင်ရင်တော့ ကူးစက်မှု နည်းနိုင်ပါတယ်။

ဒါ့အပြင် သွေးမသွင်းဖူး၊ ခွဲစိတ်မခံရဖူး၊ ဆေးမထိုးဖူးဘဲနဲ့ ရောဂါပိုးရှိသူနဲ့ အတူတကွ ပူးတွဲနေထိုင်ရာကလည်း ကူးစက်နိုင်ပါတယ်။ အာဖရိကနဲ့ အရှေ့တောင်အာရှဒေသလို ရောဂါပိုး သယ်ဆောင်သူ Carrier Rate များပြားတဲ့ နေရာတွေမှာ သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓား၊ ပန်းကန်ခွက်ယောက်၊ ဇွန်း၊ သောက်ရေခွက် အလှပြင်ပစ္စည်းကိရိယာများ၊ တစ်ကိုယ်ရေသန့်ရှင်းမှု ကိရိယာများကို အတူတကွ သုံးဆောင်ရာမှလည်း ကူးစက်နိုင်ပါတယ်။ ကလေးငယ်များကို ချစ်စဖွယ် နမ်းရှုပ်ပြုခြင်း၊ မူကြိုကျောင်းများမှာ အတူတကွ နေထိုင်စားသောက်ခြင်းများမှာလည်း ကူးစက်နိုင်ပါတယ်။

အသည်းရောင် ဘီပိုးဟာ ခန္ဓာကိုယ်အတွင်း ကူးစက်ရောက်ရှိသွားပြီး လေးပတ်ကနေ ခြောက်ပတ်အတွင်း အသည်းရောင်ခြင်းဖြစ်စေနိုင်ပါတယ်။ တချို့သော သူများမှာတော့ အလွန်ပြင်းထန်တဲ့ အသည်းရောင်ခြင်း လက္ခဏာတွေ ဖြစ်ပွားပါတယ်။ ဆီးဝါမယ်၊ မျက်လုံးဝါမယ်၊ ပျို့အန်မယ်၊ ညာနံစောင်းက စောင့်မယ်၊ အစားအသောက်ပျက်မယ်၊ အဆစ်အမြစ်ကိုက်ခဲမယ်၊ မအီမသာဖြစ်မယ်၊ မောပန်းနွမ်းနယ်မယ် စသည်တို့ဖြစ်ပါတယ်။ အလွန်ဆိုးရွားတဲ့ အခြေအနေမှာ ဆီးသွားနည်းလာမယ်၊ ကယောင်ကတမ်းဖြစ်မယ်။ နောက်အစာအိမ်၊ အစာရေမျို သွေးယိုမယ်၊ ရေဖျဉ်းစွဲမယ်၊ ဖောရောင်တတ်လေ့ရှိတာတို့ ဖြစ်တတ်ပါတယ်။

နောက် အသက်အန္တရယ် ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် အဲဒီလို ရောဂါပြင်းထန်သူတွေဟာ အဲဒီ အခြေအနေက ရောဂါပိုးကို တိုက်ထုတ်နိုင်တဲ့ ကိုယ်ခံအားတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ နာတာရှည် အသည်းရောင်အဆင့်ကို ရောက်ရှိသူ နည်းပါးပါတယ်။ လေးလကနေ ခြောက်လအတွင်း ဘီပိုး ပျောက်ကင်းသူ များပါတယ်။

Credit : ပါမောက္ခ ဒေါက်တာဦးဝင်းနိုင်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18