Print

အသည်းရောင်အသားဝါ “ စီ ” ရောဂါပိုးနှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများ

  14-Feb-2019
Preview Image

ယနေ့အချိန်ခါမှာ အသည်းရောင် “ စီ ” ရောဂါပိုးဟာ လူသိများလာပြီး ကူးစက်ခံထားရသူများလည်း အများအပြား တွေ့လာရပါတယ်။ ၁၉၉၀ ပြည့်နှစ်လောက်ကမှ စတင် ဖော်ထုတ်နိုင်တဲ့ အသည်းရောင် “ စီ ” ပိုးဟာ ယခင်ကတည်းက ရှိနေပြီး အေ မဟုတ်၊ ဘီ မဟုတ် အသည်းရောင် ရောဂါပိုး (Non A, Non B Virus) အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။


အသည်းရောင် စီပိုးကြောင့် ဖြစ်တဲ့ နာတာရှည် အသည်းရောဂါများ Chronic Liver disease ဟာ ယနေ့ အခါမှာ အဓိက ကျန်းမာရေး ပြဿနာ ကျန်းမာရေး ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုအဖြစ်သို့ ရောက်နေပြီ ဖြစ်ပါတယ်။


သို့သော်လည်း လူတိုင်းကို အသည်းရောင် “ စီ ” ရောဂါပိုး ရှိမရှိ စစ်ဆေးသင့်သလားဆိုတာကတော့ ခက်ခဲတဲ့ မေးခွန်းတစ်ခုပါပဲ။ အဓိကကျတဲ့ အချက်ကတော့ Cost Benefit ဖြစ်မဖြစ် ဆိုတာပါပဲ။ ဆိုလိုတာက နိုင်ငံတစ်နိုင်ငံလုံးမှာ ရှိတဲ့ လူတိုင်းကို “ စီ ” ရောဂါပိုး ရှိမှန်းသိလို့  ဒီလူတွေကို ကုသပေးမယ်၊ သူတို့ကနေ တခြားသူကို မကူးစက်အောင် ပညာပေးမယ် စသည်ဖြင့် “ စီ ” ရောဂါပိုးထိန်းချုပ်ရေးမှာ နိုင်ငံတော်က ပြန်လည်ရရှိမယ့် အကျိုးကျေးဇူးနဲ့ နှိုင်းယှဉ်ကြည့် ရပါတယ်။


အကြမ်းဖျင်းအားဖြင့်တော့ “ စီ ” ရောဂါပိုး ကူူးစက်ခံရနိုင်ခြေ ရှိတယ်၊ “ စီ ” ရောဂါပိုး ကူးစက်ဖို့ အန္တရာယ် (Rick Factor) ရှိသူတွေမှာ ပိုစစ်ဆေးသင့်တယ်လို့ သတ်မှတ်ကြပါတယ်။ နာတာရှည် အသည်းရောဂါ ရှိသူတွေမှာတော့ မဖြစ်မနေ စစ်ဆေးသင့်ပါတယ်။ သွေးသွင်းခံထားရသူများမှာလည်း စစ်ဆေးသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ “ စီ ” ရောဂါပိုးဟာ သွေးသွင်းရာကနေ တစ်ဆင့် ကူးစက်ခံရမှု ပိုများလို့ပါပဲ။


မူးယစ်ဆေးဝါးကို အကြောထဲ ထိုးသွင်းတဲ့သူတွေ၊ ဆေးမင်ကြောင်ထိုးသူတွေ၊ အရေပြားဖောက်ပြီး အလှဆင်ထည့်ထားသူတွေ၊ မကြာခဏ ကျောက်ကပ်ဆေးရသူတွေ၊ သွေးအားနည်းရောဂါကြောင့် မကြာခဏ သွေးသွင်းခံရသူတွေ၊ သွေးကို ကိုင်တွယ်စစ်ဆေးရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ ဓာတ်ခွဲခန်း လုပ်သားတွေဟာ “ စီ ” ရောဂါပိုးအတွက် စစ်ဆေးသင့်ပါတယ်။

         

လိင်ကိစ္စဆိုင်ရာ ရှုပ်ထွေးသူများ၊ လိင်ဆက်ဆံဖက်များ သူများ (Multiple Sexual Partners) မှာလည်း စစ်သင့်ပါတယ်။ ရောဂါရှိသော ဇနီး၊ ခင်ပွန်းများရဲ့ အိမ်ထောင်ဖက်များလည်း စစ်ဆေးသင့်ပါတယ်။ ရောဂါပိုးရှိသော မိခင်မှ မွေးဖွားလာသော ကလေးငယ်များကိုလည်း စစ်ဆေးသင့်ပါတယ်။

         

ဒီလို ပိုးရှိမရှိ စစ်ဆေးထားခြင်းဖြင့် ပိုးမကူးစက်သေးတဲ့သူ တွေမှာလည်း စိတ်သက်သာရာရရှိပြီး (reassurance) နောက်ထပ် မကူးစက်အောင် ကာကွယ်မှု ပြုနိုင်ပါတယ်။ ကူးစက်ခံထားရသူများမှာလည်း နောက်ဆက်တွဲရောဂါများ မဖြစ်ပွားအောင် ကြိုတင်ကုသမှု ပြုနိုင်သလို အန္တရာယ်ရှိတဲ့ အနေအထိုင် အပြုအမူများကိုလည်း ဆင်ခြင်နိုင်ခြင်းဖြင့် ရောဂါပိုမဆိုးလာအောင် ထိန်းထားနိုင်ပါတယ်။


“ စီ ” ရောဂါပိုး ကူးစက်ခံထားရသူ တစ်ဦးကိုတော့ သူ့ဆီကနေ အခြားသူများထံ “ စီ ” ရောဂါပိုး ထပ်မကူးစက်နိုင်ခြင်းကို တားဆီးဖို့အတွက် ပညာပေး ဆွေးနွေးရပါမယ်။ သူတို့ကို “ စီ ” ရောဂါပိုးဆိုတာ ဘယ်လိုမျိုးလဲ။ တစ်ဦးနဲ့တစ်ဦး ဘယ်လို ကူးစက်တတ်သလဲ။ မိမိရောဂါပိုး အခြားသူ တစ်ဦးဦးထံ ကူးစက်ခံရပါက ကူးစက်ခံရသူမှာ ဘယ်လို ဆုံးရှုံးမှုရှိနိုင်မလဲ။ အခြားသူများကို မကူးစက်အောင် ဘယ်လိုနေထိုင် ပြုမူရမယ်ဆိုတာ ပြောပြထားသင့်ပါတယ်။


အဓိက ကူးစက်မှုက သွေးကနေ တစ်ဆင့် ဖြစ်တဲ့အတွက် သွေးထွက်နိုင်တဲ့ နေရာအားလုံးကို သတိပြုရပါမယ်။ တတ်နိုင်သမျှ မိမိသွေးကို အခြားသူများနဲ့ မထိအောင် ကြိုစားထိန်းချုပ်ထားရပါမယ်။ သွေးစွန်းပေနိုင်တဲ့ မုတ်ဆိတ်ရိတ် ကိရိယာ၊ အမွေးရိတ်ပစ္စည်း၊ သွားပွတ်တံ၊ လက်သည်းညှပ် စတာတွေကို တစ်ဦးနှင့် တစ်ဦး မျှပြီး မသုံးသင့်ပါဘူး။ မူးယစ်ဆေးအကြောထဲ ထိုးသူများမှာလည်း အပ်တစ်ချောင်းတည်း မသုံးသင့်ပါဘူး။ မူးယစ်ဆေးအကြောထဲ ထိုးသူများမှာလည်း အပ်တစ်ချောင်းတည်း မသုံးသင့်ပါဘူး။ ဆေးထိုးအပ် တစ်ချောင်းတည်းဖြင့် လူနာများစွာကို ဆေးထိုးတာမျိုး၊ အရက်ပြန်ဆွတ်ထားတဲ့ ဂွမ်းစကို မလဲဘဲ လူပေါင်းများစွာ သုံးတာမျိုး၊ သုံးပြီးသား ဆေးထိုးအပ်နဲ့ ဆေးထိုးပြွန်ကို ပြန်အသုံးပြုတာမျိုး ရှောင်ကြဉ်ရပါမယ်။


“ စီ ” ရောဂါပိုးရှိသူ တစ်ဦးဟာ မိမိရဲ့ လိင်ဆက်ဆံဖက်ကို “ စီ ” ရောဂါပိုးရှိကြောင်း ပြောပြထားသင့်ပါတယ်။ တစ်လင်တစ်မယား စနစ်မဟုတ်ဘဲ အိမ်ထောင်ဖက် မများအောင်လည်း ဆင်ခြင်စေသင့်ပါတယ်။ အထူးသဖြင့် “ စီ ” ရောဂါပိုးရှိသူ တစ်ဦးဟာ သွေးလှူခြင်း၊ အသားစလှူခြင်း၊ သုတ်ရည်လှူခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်း လှူခြင်းတို့ကို ရှောင်ကြဉ်ရပါမယ်။


“ စီ ” ရောဂါပိုး ကူးစက်နိုင်တဲ့ နည်းတွေကို ရှင်းပြပြီး မိမိအိမ်ထောင်ဖက်ကို မကူးစက်နိုင်အောင် ကာကွယ်ပေးရပါမယ်။ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံနည်းများကို အသုံးပြုပြီး ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်သည်ဘဝကို တည်ဆောက်နိုင်ပါတယ်။ သားသမီးယူလိုကလည်း ယူနိုင်ပါတယ်။ သို့သော် မိမိရင်သွေးကို ကူးစက်နိုင်ခြေ အနည်းငယ်ရှိတဲ့အတွက် တတ်ကျွမ်းနားလည်သော အထူးကု ဆရာဝန်ကြီးများနဲ့ ဆွေးနွေးပြီး အကောင်းဆုံး၊ အသင့်တော်ဆုံး စီမံနိုင်ပါတယ်။


ယနေ့အခါမှာ “ စီ ” ရောဂါပိုးကို အမြစ်ပြတ်အောင် ပျောက်ကင်းနိုင်သော ဆေးစွမ်းကောင်းများလည်း ရှိနေပြီ ဖြစ်တဲ့အတွက် “ စီ ” ရောဂါပိုးကုသပျောက်ကင်းမှ အိမ်ထောင်ပြုခြင်း၊ ကလေးယူခြင်းများကိုလည်း ပြုလုပ်မယ် ဆိုကလည်း ပြုလုပ်နိုင်ပါတယ်။

 

Credit : ပါမောက္ခ ဒေါက်တာဝင်းနိုင် (အသည်းရောဂါအထူးကုဆရာဝန်ကြီး)

No.108, health for All, January 2016. Pg No. 113 - 115



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18