Print

လူကို ကူးစက်တက်သော ကြောင်၏ ဝဲရောဂါ

  08-Feb-2019
Preview Image

Scabies ဟုခေါ်သော ဝဲရောဂါသည် အလွန် ယားယံတက်သော ဝဲရောဂါဖြစ်သည်။ ရာသီဥတုပေါ် မူတည်ခြင်းမရှိ။ တစ်ကောင်နှင့် တစ်ကောင် ထိတွေ့ရင် ကူးစက်တတ်တဲ့ ရောဂါဖြစ်သည်။ ခွေးမှာဖြစ်တဲ့ ဝဲရောဂါသည် ခွေးမှာသာ ဖြစ်သည်။ ကြောင်မှာဖြစ်သော ဝဲရောဂါသည် ကြောင်၏ အရေပြားမှာသာ ရောဂါဖြစ်ပွားသည်။ သူတို့၏ ဘဝစက်ဝန်းသည် သူတို့ တည်မှီရာ တိရစ္ဆာန်မှာသာ ဖြစ်သော်လည်း အခြားတိရစ္ဆာန်တို့မှာ အရေပြားရောင်ရမ်းခြင်း ဖြစ်စေနိုင်သည်။


Scabies ဆိုတာ Mite လို့ခေါ်တဲ့ ဝဲရောဂါပိုးကြောင့် ဖြစ်ရသည်။ ကြောင်များတွင် ဖြစ်လျှင်လည်း အရေပြားပေါ်တွင် ရွှံ့ကပ်ထားသကဲ့သို့ မြေကြီးကျစ်စာခဲများလို ထူထဲရောင်ရမ်းလာတတ်သည်။ ယုန်များလျှင် ဖြစ်လျှင်လည်း ထိုကဲ့သို့ပင် အမွှေးများပင် မမြင်ရတော့ပေ။


ထိုဝဲရောဂါပိုးများ၏ ဘဝစက်ဝန်းသည် မှီခိုသော တိရစ္ဆာန်မျိုးရိုးတွင် ဖြစ်ပွားသော်လည်း အခြားတိရစ္ဆာန်နှင့် လူအား ရောဂါစွဲကပ်တတ်သည်။ ထိုအချိန်တွင် အရေပြားယားယံခြင်း၊ အရေပြားရောင်ရမ်းခြင်းများ ဖြစ်လာတတ်သည်။

         

Scabies ရောဂါသည် လူတွင် Sarcoptes Scabies ခေါ် ဝဲပိုးကြောင့်ဖြစ်ရသည်။ လတ်တလော မှတ်တမ်းများအရ နို့တိုုက်သတ္တဝါ မျိုးရိုးတစ်ခုချင်းစီတွင် သီးသန့် ဝဲပိုးများရှိကြောင်း သိရသည်။ အခြား တိရစ္ဆာန်များမှ ဝဲပိုးများသည် လူကို ကူးစက်နိုင်သည်။ လူကိုကူူးစက်သောအခါ အလွန် ယားယံတက်သည် ဟုဆိုပါသည်။

သို့သော် တိရစ္ဆာန်တစ်မျိုးချင်းစီ၏ ဝဲပိုးတို့သည် လူ၏ အရေပြားပေါ်တွင် ဘဝစက်ဝန်း မလည်နိုင်ပေ။


တိရစ္ဆာန်များတွင် ဖြစ်ပွားသောဝဲရောဂါ

တိရစ္ဆာန်များတွင်ဖြစ်သော ဝဲရောဂါများအနက် ခွေးများ၊ မြေခွေးများ၊ ကြောင်များ၊ မြင်းများနှင့် ဝက်များတွင် ဖြစ်ပွားသော ဝဲပိုးများသည် လူကို ကူးစက်တတ်သည်။

         

ဝဲရောဂါဖြစ်သော တိရစ္ဆာန်များနှင့် လက်ပွန်းတတီး နီးကပ်စွာ နေရာမှ တိုက်ရိုက်ထိတွေ့မှုဖြင့် ကူးစက်သည်။ တိရစ္ဆာန်များထံမှ ဝဲရောဂါကူးစက်သော်လည်း လူ၏အရေပြားထဲမှာ စွဲကပ်၍မရပေ။ ယားယံခြင်းနှင့် အရေပြားရောင်ရမ်းခြင်းတို့ကိုသာ ဖြစ်စေသည်။

 

ကြောင်တွင်ဖြစ်ပွားသော ဝဲရောဂါ

Notoedress Cati သည် အိမ်မွေးကြောင်များနှင့် တောရိုင်းကြောင်များတွင်ပါ ဖြစ်ပွားတတ်သော ကပ်ပါးကောင်ဖြစ်သည်။ ဤရောဂါသည် တိရစ္ဆာန်များကြားတွင် တိုက်ရိုက် ထိတွေ့ခြင်းဖြင့် ကူးစက်သည်။


ရောဂါလက္ခဏာများမှာ - အလွန်ယားယံခြင်း၊ အရေပြား ထူထဲလာခြင်း၊ အရေပြား အပေါ်ယံလွှာများ ကွာခြင်း၊ မျက်နှာနှင့် နားရွက်တို့မှ စတင်ဖြစ်ပွားသော ဝဲရောဂါသည် လည်ပင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားမည်။

         

ဝဲရောဂါဖြစ်ပွားပြီး ယားယံသောနေရာများကို ဘက်တီးရီးယားများ ဝင်ရောက်ပါက အခြေအနေပိုမို ဆိုးဝါးတတ်သည်။ ရောဂါရှာဖွေစမ်းသပ်ပုံမှာ အရေပြားကို ဖြစ်ယူပြီး မိုက်ခရိုစကုပ် အောက်တွင် ဝဲပိုးကို ရှာဖွေခြင်းဖြစ်သည်။

         

ကြောင်ဝဲရောဂါကို အနောက်နိုင်ငံအများစုတွင် မတွေ့ရပေ။ သို့သော် အီတလီ၊ ဆွစ်ဇာလန်၊ စပိန်၊ စလိုဗေးနီးယားနှင့် ခရိုအေးရှားတို့မှာ တွေ့ရသည်။ ချက်ကိုစလိုဗက်ကီးယား၊ ပိုလန်၊ ဂျပန်၊ ဘရာဇီးတို့မှာလည်း တွေ့ရသည်။

         

ကြောင်များတွင် Natoedricmange ဝဲရောဂါ စွဲကပ်သောအခါ အဓိကကုသမှုသည် ကြောင်၏ ခန္ဓာကိုယ်မှာ စွဲကပ်နေသော ဝဲပိုးများကို အမြစ်ပြတ်သုတ်သင် ဖယ်ရှားခြင်းပင်ဖြစ်သည်။

         

ဆေးရည်နှင့် စိမ်ခြင်းကိုပြုလုပ်လျှင် ကြောင်၏ လည်ပင်းမှာ Elizabethan Collan တပ်ဆင်ရမည်။ ဤသို့ ပြုလုပ်ခြင်းသည် ကြောင်က ဆေးရည်ကို ပြန်မလျက်အောင် ကာကွယ်ခြင်းဖြစ်သည်။

         

ယခု နောက်ပိုင်းတွင် ပိုမိုခေတ်မီသော ဆေးဝါးများ ပေါ်ထွန်းလာသဖြင့် ကုသပုံမှာလည်း တိုးတက်ပြောင်းလဲလာသည်။ အချို့ကြောင်များသည် ကုသမှုပေးပြီး နောက်ပိုင်းမှာ အမွေးများ ပြန်ထွက်လာပြီး ဝဲစွဲကပ်သည့် လက္ခဏာများ လုံးဝမရှိတော့ပေ။ ယားယံခြင်းလည်းမရှိတော့။ အချို့ကြောင် များတွင်မှု ပြင်းထန်သော ကြောင့် အနည်းငယ်သာ သက်သာမှုရသဖြင့် ဆက်လက်ကုသရန် လိုအပ်သည်။


လူကိုကူးစက်ခြင်း

          ကြောင်၏ ဝဲရောဂါ လူကိုကူးစက်သောအခါ အရည်ကြည်ဖုများ အနီရောင်အဖုများနှင့် အနာများဖြစ်တတ်သည်။ ထိုအနာများသည် လျင်မြန်စွာ ဖြစ်ပေါ်လာတတ်ပြီး အလွန်ယားယံတတ်သည်။ ထိုအနာများကို ကုတ်လိုက်ပါက အကြေးခွံသဖွယ် ထူထဲရောင်ရမ်းလာမည်။ ကြောင်ကို ပွေ့ပိုက်ထိတွေ့သမျှ လူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် အနာများဖြစ်တတ်သည်။ ထိုနေရာများသည် လက်မောင်းများ၊ ရင်ဘတ်၊ ခြေထောက်များနှင့် ဝမ်းဗိုက်တို့ဖြစ်ကြသည်။ ခွေး၏ ဝဲပိုးစွဲကပ်လျှင်လည်း လူ၏ အရေပြားမှာ ဤကဲ့သို့ အနာများ ဖြစ်ပေါ်တတ်ပါသည်။

          ထိုအနာများသည် ယားယံတတ်သောကြောင့် ကုတ်ခြစ်မိပါက နောက်ထပ် ဘတ်တီးရီးယား ရောဂါပိုးများ ဝင်ရောက်တတ်သဖြင့် မိမိကြောင်မှာ ဝဲရောဂါစွဲကပ်လျှင် ပျောက်ကင်းအောင် စနစ်တကျ ကုသသင့်ပါသည်။


Credit :

ဒေါက်တာခင်စန်းမော်

(No.135, April 2018)

Health for All

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18