Print

လိင်အင်္ဂါကြွက်နို့

  03-Apr-2018
Preview Image

လိင်အင်္ဂါကြွက်နို့ဆိုတာဘာလဲ။

 လိင်အင်္ဂါတစ်ဝိုက်၊ စအိုတစ်ဝိုက်မှာဖြစ်တဲ့ ကြွက်နို့ပါ။ ကာလသားရောဂါတစ်မျိုးပါ။ Human Papilloma Virus (HPV) ကြောင့် ဖြစ်တယ်။ ဗိုင်းရပ်စ် အမျိုးပေါင်း ၈၀ ကျော်ရှိတဲ့အနက် HPV – 16 နဲ့ HPV – 18 တို့က သားအိမ်ခေါင်းကင်ဆာ၊ စအိုကင်ဆာများ ဖြစ်စေတတ်တယ်။ ဒါကြောင့် ယောကျ်ားမှာ ရောဂါဖြစ်ရင် မိန်းမလည်းပဲ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသပြီး သားအိမ်ခေါင်းစစ်ဆေးမှု လုပ်သင့်ရင် လုပ်ရပါတယ်။ လိင်အင်္ဂါကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်များကတော့ ကင်ဆာဖြစ်ပွားမှု နည်းပါတယ်။ ကိုယ်ဝန်ဆောင်မွေးလမ်းကြောင်းမှာ ကြွက်နို့ရှိရင် ကလေးငယ်ကိုလည်း ကူးစက်နိုင်ပါတယ်။ လိင်အင်္ဂါကြွက်နို့ဟာ ကိုယ်ဝန်ဆောင်များနှင့် ခုခံအားကျဆင်းမှု ရှိနေသူများမှာ အလွယ်တကူ ဖြစ်ပွားတတ်တယ်။ ခုခံအားကျနေသူများကိုတာ ကင်ဆာရောဂါရှင်များ အေအိုင်ဒီအက်စ်၊ ကိုယ်အင်္ဂါအစားထိုးကုသမှု ခံယူထားသူ စတာတွေပါ။ တချို့ကျတော့ ရောဂါလက္ခဏာမပြဘဲ ပိုးထုတ်လွှတ်ပြီး တခြားသူကို ကူးစက်စေတယ်။ အများအားဖြင့် ပိုးဝင်ပြီး လအနည်းငယ်အကြာမှာ ရောဂါစဖြစ်တယ်။ နှစ်နှင့်ချီ ကြာတာလည်း ရှိတတ်သည်။ 


ဘယ်လိုတွေ့ရသလဲ

 တဖြည်းဖြည်း ကြီးထွားလာတဲ့ အသားရောင် အဖုလေးတွေ အနေနဲ့ပါ တစ်ခုချင်း သို့မဟုတ် အစုလိုက်၊ အသေးအကြီးအစုံ လိင်အင်္ဂါတစ်ဝိုက်မှာ ပေါ်လာတာပါ။ စအိုနဲ့ မိန်းမကိုယ်အတွင်းပိုင်းမှာလည်း ဖြစ်တတ်တယ်။ 


ကုသဖို့ လိုသလား

 လိင်င်္ဂါမှာ ကြွက်နို့ဖြစ်ရင် ပွားလာတတ်တာရယ်။ ကြည့်လို့မကောင်းတာရယ်၊ စိုးရိမ်တာရယ်ကြောင့် ကုသမှုပြုကြလေ့ရှိတယ်။ သွေးထွက်လွယ်တာ၊ ယားတာ၊ သန့်ရှင်းရေးလုပ်လို့ မကောင်းတာ၊ လိင်ဆက်ဆံလို့ မကောင်းတာတွေကြောင့်လည်း ကုသမှု ခံယူတတ်ကြတယ်။


ကုသပြီးရင် ကူးနိုင်သေးတယ် 

 ကြွက်နို့ အဖုပျောက်အောင် ကုသပြီးပေမယ့် ကူးနိုင်သေးတယ်။ လက္ခဏာမပြဘဲ ပိုးထုတ်လွှတ်ခြင်း ရှိတတ်လို့ပါ။ ဒါပေမဲ့ ကုသပြီးရင် ကူးစက်နှုန်းတော့ နည်းသွားပါတယ်။ 


ရောဂါဘယ်လို သတ်မှတ်သလဲ

 ဆရာဝန်က ကြည့်ရှုစစ်ဆေးပြီး ရောဂါသတ်မှတ်နိုင်ပါတယ်။ တစ်ခါတစ်လေ ခွဲစိတ်အသားစ စစ်ဆေးခြင်းလည်း လိုအပ်ပါတယ်။


ဘယ်လို ကုသသလဲ

နေရာပေးလိုက်ပြီး ကုသရခက်တယ်။ ပြန်ဖြစ်တာတွေလည်း ရှိတယ်။ ကြွက်နို့အရေအတွက်၊ ဖြစ်တဲ့နေရာနဲ့ အခြားအကြောင်းအရာတွေ ပေါင်းစပ်စဉ်းစားပြီး ကုသမှု ရွေးချယ်ရပါတယ်။ ခွဲစိတ်ကုသခြင်း၊ လျှပ်စစ်အပ်ဖြင့်တု့ိခြင်း၊ နိုက်ထရိုဂျင်အရည်ဖြင့် အေးခဲခြင်း၊ လေဆာဖြင့် ကုသခြင်းများဖြစ်တယ်။ ထုံဆေးလိုအပ်တယ်။ နာကျင်မှု၊ သွေးထွက်မှု အနာကျက်တုန်းပိုးဝင်မှုများဖြစ်တတ်တယ်။ လိမ်းဆေးများရှိသော်လည်း ဆရာဝန်ညွှန်ကြားချက်ပါမှ လိမ်းသင့်ပါတယ်။ 


ကာကွယ်တဲ့ နည်းလမ်းများက ဘာတွေလဲ

 ပြန့်ပွားမှုနည်းအောင် ရောဂါဖြစ်ရင် ကုသခြင်းနဲ့ ကွန်ဒုံးအသုံးပြုခြင်းတို့ဖြစ်တယ်။ ရာနှုန်းပြည့် ကာကွယ်ချင်ရင်တော့ အကြောင်းမသိသူနဲ့ လိင်ဆက်ဆံမှု ရောင်ကြဉ်ခြင်းပါ။


Credit: ဒေါက်တာစိုးဝင်းဦး

(အရေပြားအထူးကု ဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18