Print

ကလေးငှက်ဖျား အလေးထားက မမှားသည်သာမှတ်ကြရာ

  23-Mar-2018
Preview Image

ငှက်ဖျားအဖြစ်များသော ဒေသများဖြစ်သည့် တောခြေတောင်ခြေ စိမ့်ရေစမ်းရေ ပေါများသော အရပ်များတွင် ငှက်ဖျားပိုးကို သယ်ဆောင်သော ခြင်များများပြားစွာ ရှိကြပါသည်။ ထို အနောဖီးလီးစ် Anopheles ခြင်များသည် ညစ်ပတ်သော ချောင်းမြောင်းများအတွင်း၌ ပေါက်ဖွားတတ်ကြပါသည်။ ခြင်ဦးရေများလာလေ၊ ငှက်ဖျားပိုးကို သယ်ဆောင်နိုင်နှုန်းပို၍ များလာလေပင်။


ထို့ကြောင့် အထက်ဖော်ပြပါ အရပ်ဒေသများတွင် ငှက်ဖျား အဖြစ်များရခြင်း ဖြစ်ပါသည်။ ငှက်ဖျားပိုးမှာလည်း လေးမျိုးရှိရာ Plasmodium Falciparum ငှက်ဖျားပိုးသည် များစွာသော ဆိုးကျိုးများကို ပေးတတ်ပါသည်။ အထူးသဖြင့် ငှက်ဖျားပိုး ဦးနှောက်ထဲသို့ရောက်သွားပြီး ဦးနှောက်ကို ဖျက်ဆီးတတ်ပါသည်။ အသက်နှစ်နှစ်အောက် ကလေးများသည် ဦးနှောက်ဖွံ့ဖြိုးမှု အထူးမြန်ဆန်သော အရွယ်ဖြစ်ပြီး ထိုအချိန်တွင် ဦးနှောက်အား ပိုးအမျိုးမျိုးကြောင့်သော်လည်းကောင်း၊ ထိခိုက်လျှင် ဦးနှောက်သည် ဆက်လက်ဖွံ့ဖြိုးခြင်း မရှိဘဲ ဉာဏ်ရည်မမီသောသူ အဖြစ်သို့ ရောက်သွားတတ်ပါသည်။ သို့မဟုတ်လျှင်လည်း လမ်းမလျှောက်၊ မထိုင်နိုင်၊ စကားမပြောနိုင်သဖြင့် ဒုက္ခိတဘဝသို့လည်း ရောက်သွားနိုင်ပါသည်။ ရောဂါပိုး အလွန်ဆိုးပါက သေဆုံးသွားနိုင်ပါသည်။


ငှက်ဖျားပိုး ဦးနှောက်ထဲသို့ ရောက်သွားသောကြောင့် ကယောင်ကတမ်း ပြောဆိုခြင်း၊ မိမိမည်သည့်နေရာကို ရောနေသည်ကို မသိခြင်း၊ မိဘမောင်နှမများကို မမှတ်မိခြင်း၊ အကြိမ်ကြိမ်တက်ခြင်း၊ သတိရတစ်ချက် မရတစ်ချက်ဖြစ်ခြင်း လုံးဝ သတိလစ်သွားခြင်း စသည်တို့ ဖြစ်ရပါသည်။


ကလေးငှက်ဖျားဖြစ်ကြောင်း သိရန် မလွယ်လှပါ။ လူကြီးငှက်ဖျားကဲ့သို့ ချမ်းတုန်တက်ခြင်း၊ အချိန်မှန်ဖျားခြင်း အစရှိသော ပုံမှန်လက္ခဏာများဖြင့် ပြသသော ရာခိုင်နှုန်းမှာ အလွန်နည်းလှပါသည်။ တစ်ဖန် ချမ်းတုန်တတ်တိုင်းလည်း ငှက်ဖျားရောဂါဟု သတ်မှတ်၍မရနိုင်ပါ။ ဆီးလမ်းကြောင်း၌ ပိုးရှိခြင်း၊ သွေးဆိပ်တက်ခြင်း Sepsis စသည့် အခြားရောဂါတို့ကြောင့်လည်း ချမ်းတုန်တက်နိုင်ပါသည်။ ကလေးငှက်ဖျားသည် ရံဖန်ရံခါ အပြင်းဖျားခြင်း၊ ပဋိဇီဝဆေးများ တိုက်သော်လည်း အဖျားမကျခြင်း စသော လက္ခဏာများဖြင့်သာ ပြသသောကြောင့် ငှက်ဖျားဟု မထင်တတ်ကြပေ။


သွေးစစ်ကြည့်လျှင်လည်း သွေးထဲ၌ ငှက်ဖျားပိုးသည် အမြဲရှိမနေတတ်သဖြင့် ငှက်ဖျားရောဂါဟု မထင်မှတ်ဘဲ ကုသမှုပေးရန် နောက်ကျတတ်ပါသည်။ ငှက်ဖျားရောဂါပိုးသည် ကုသမှုကို စောင့်နေမည် မဟုတ်ပါ။ ထိုအခါတွင် ကလေးသည် မလိုအပ်သော ဆိုးကျိုးများကိုရရှိပြီး အသက်ဆုံးရှုံးသည်အထိ ဒုက္ခရောက်နိုင်ပါသည်။ သို့မဟုတ်ပါကလည်း ဦးနှောက်ထိခိုက်ပြီး ဒုက္ခီတဘဝဖြင့် ဘဝပျက်ရရှာပါသည်။


အရေးအကြီးဆုံး အချက်မှာ ငှက်ဖျားရောဂါမှန်း အချိန်မီသိမှ ကုသနိုင်မည် ဖြစ်ပါသည်။ ကလေးတစ်ယောက် အပြင်းဖျားလျှင် ရောဂါရာဇဝင်ကို မေးသောအခါ မည်သည့်ဒေသမှ လာသည်ကို မေးမိရန် အလွန်အရေးကြီးပါသည်။ သို့မဟုတ်ပါကလည်း ပြီးခဲ့သောကာလ၊ နှစ်လအတွင်း ခရီးသွားခဲ့သည့် ရာဇဝင်ကိုလည်း မေးသင့်ပါသည်။ ကလေးသည် အပြင်းဖျားပြီး ငှက်ဖျားထူထပ်သောဒေသမှ လာလျှင်သော်လည်းကောင်း၊ ထိုအရပ်သို့ ခရီးသွားခဲ့လျှင်သော်လည်းကောင်း ကလေးငှက်ဖျားဟု စဉ်းစားသင့်ပါသည်။ ငှက်ဖျားပိုးသွေးထဲ၌ မတွေ့၍ ငှက်ဖျားကို မကုသခဲ့လျှင် ဆိုးကျိုးများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်နိုင်ပါသည်။ အပြင်းဖျားရာမှ ရုတ်တရက် သတိလစ်သွားလျှင်လည်း ငှက်ဖျားပိုး ဦးနှောက်ထဲများ ရောက်သွားလေသလားဟူ၍ စဉ်းစားသင့်ပါသည်။


အကယ်၍ ငှက်ဖျားပိုး ဦးနှောက်ထဲသို့ ရောက်သဖြင့် အပြင်းဖျား၍ တက်ခြင်း၊ သတိလစ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း စသည်ရှိနေ၍ အချိန်မီရောက်လာပြီး အမြန်ငှက်ဖျားဆေး ထိုးပေးလျှင် တုံ့ပြန်မှု အလွန်မြန်ပါသည်။ ရိုးရိုးငှက်ဖျားပင်လျှင် ကလေးအတွက် အရေးကြီးပါသည်။ ရိုးရိုးငှက်ဖျားထက် လွန်ကဲသော ငှက်ဖျားပိုး ဦးနှောက်ထဲရောက်ခြင်း၊ သွေးနီဥများ ပျက်စီးပြီး ဆီးအမည်းရောင် သွားခြင်း Black water fever ၊ သွေးအားအလွန်နည်းခြင်းနှင့် နှလုံးထိခိုက်ခြင်း၊ ငှက်ဖျားပိုးကြောင့် ဝမ်းပျက်ခြင်း Algid Malaria တို့ဖြစ်ခဲ့ပါလျှင် အလွန်စိုးရိမ်ရမည်မှာ ဆိုဖွယ်ရာ မရှိပါ။ သို့ဖြစ်လျှင် ငှက်ဖျားဟု သံသယရှိလျှင် သော်လည်းကောင်း ဆေးရုံဆေးခန်းများသို့ အလျင်အမြန် လူနာအား ခေါ်ဆောင်လာသင့်ပါသည်။


ငှက်ဖျားပိုးကို သယ်ဆောင်သော ခြင် မကိုက်အောင် လုပ်ဆောင်ခြင်းသည် အဓိက သော့ချက်ပင်ဖြစ်ပါသည်။ ထိုခြင်သည် ချောင်းပုပ်၊ မြောင်းပုပ်၊ သစ်ပင်ချုံနွယ် ထူထပ်သော အရပ်များတွင် ပေါက်ဖွားတတ်သဖြင့် ရေစီးရေလာ ကောင်းမွန်အောင် ပြုလုပ်ခြင်း၊ ချုံနွယ်များကို ခြင် မခိုအောင်းနိုင်စေရန် ရှင်းလင်းခြင်း စသည်တို့ကို ပြုလုပ်ရမည် ဖြစ်ပါသည်။ ညအိပ်လျှင် ခြင်ထောင် ထောင်၍ အိပ်ရန်လည်း အလွန်အရေးကြီးလှပါသည်။ ငှက်ဖျားထူထပ်သည့်အရပ်တွင် နေသူများသည်လည်း သောက်ဆေးအပါအဝင် ကာကွယ်ခြင်းနည်းမျိုးစုံကို ပြုလုပ်သင့်သည်သာဖြစ်ကြောင်း စေတနာရှေ့ထား၍ တိုက်တွန်းလိုက်ရပါသည်။


Credit: ဒေါက်တာယုဇနစောမြင့်

(ကလေးအထူးကုဆရာဝန်ကြီး)




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18