Print

အိမ်မွေးတိရစ္ဆာန်များမှတဆင့် ကူးစက်နိုင်သော ရောဂါများ

  03-Mar-2018
Preview Image

အိမ်မွေးတိရစ္ဆာန်များဖြစ်သော ခွေး၊ ကြောင်၊ ကြက်တူရွေး၊ စသည် တိရစ္ဆာန်များကို တိရစ္ဆာန်ချစ်တတ်သူများက အလှအပအဖြစ် လည်းကောင်း၊ အဖော်အဖြစ်လည်းကောင်း၊ စိတ်၏ ထွက်ပေါက်တစ်ခုအဖြစ်လည်းကောင်း မွေးမြူးထားလေ့ရှိသည်။ သို့သော် မိမိချစ်ခင်ကြင်နာ၍ ယုယပြုစုထားသော တိရစ္ဆာန်များမှတစ်ဆင့် မိမိနှင့် ရင်သွေးငယ်များအား အန္တရာယ်ဖြစ်စေသည့် ရောဂါများ ကူးစက်ဖြစ်ပေါ်စေနိုင်သည်ကိုမူ အများစုက မသိ၍လည်းကောင်း၊ အချို့ကသိလျက်နှင့် လစ်လျူရှုထားခြင်းဖြင့်လည်းကောင်း အမှုမဲ့ အမှတ်မဲ့ နေလေ့ရှိသည်။ နှစ်စဉ်က အိမ်မွေးတိရစ္ဆာန်မှတစ်ဆင့် ရောဂါကူးစက် ပြန့်ပွားမှုများ တိုးတက်ဖြစ်ပေါ်လျက်ရှိသည်။ သို့ဖြစ်၍ ဖြစ်လေ့ဖြစ်ထရှိသော ကူးစက်ရောဂါ အချို့ကို ဗဟုသုတအဖြစ် အောက်တွင် ဖော်ပြအပ်ပါသည်။


ကြက်တူရွေးအဖျားရောဂါ (Parrot Fever)

လူသားများသည် ကြက်တူရွေး၊ ကျေးငှက်၊ ခို၊ စာနှင့် ကြက်တို့၏ အမွေးအတောင်နှင့် အညစ်အကြေးများမှ မကောင်းသော အမှုန်တို့ကို ရှုရှိုက်မိခြင်းဖြင့် ဗက်တီးရီးယားပိုးများ ဝင်ရောက်ပြီး ကာ(လ်)မိုင်ဒီယာပစ်စတာစီ Chlamydia Pisttaci ဟု ခေါ်သည့် အဖျားရောဂါတစ်မျိုး ခံစားရနိုင်သည်။ ၎င်းကို ကြက်တူရွေး အဖျားရောဂါဟူ၍လည်းကောင်း ခေါ်ဝေါ်လေ့ရှိပါသည်။ လူသားများသည် ကြက်တူရွေး အဖျားရောဂါခံစားရပါက တုပ်ကွေးရောဂါ ခံစားရသည့် ရောဂါလက္ခဏာမျိုး ပြသလေ့ရှိသည်။ ရောဂါရှိသောငှက်များ ကိုယ်တိုင်မူ ဖျားလေ့ဖျားထမရှိပေ။ ငှက်များ မစင်ကို ဓာတ်ခွဲစစ်ဆေးခြင်းဖြင့် ရောဂါရှိမရှိ သိရှိနိုင်သည်။ တက်ထရာ ဆိုက်ကလင်း Tetracycline ထိရောက်စွာ ကုသနိုင်သည်။ 


ပွေး (ယားနာ) (Ringworm) 

 ခွေးများ၊ မြင်းများ၊ နွားများနှင့် ကြောင်များမှတစ်ဆင့် ဖန်းဂတ်(စ်) Fungus ပိုးကြောင့် အရေပြားတွင် ပွေး၊ ယားနာများ ဖြစ်ပေါ်ခံစားစေနိုင်သည်။ တိရစ္ဆာန်များမှ တစ်ဆင့်ကူးစက်သော ပွေး၊ ယားနာများ ဖြစ်ပေါ်ခံစားစေနိုင်သည်။ တိရစ္ဆာန်များမှ တစ်ဆင့်ကူးစက်သော ပွေး၊ ယားနာတို့သည် အထူးသဖြင့် ကလေးငယ်များတွင် ဖြစ်လေ့ရှိပြီး အများအားဖြင့် အဝတ်အစား ဖုံးလွှမ်းလေ့မရှိသော ခန္ဓာကိုယ်အစိတ်အပိုင်းတွင် ကူးစက်ဖြစ်ပွားတတ်သည်။ ရောဂါဖြစ်ပွားသော တိရစ္ဆာန်နှင့် ကူးစက်ခံရသော လူသားတို့အား ဖန်းဂတ်(စ်) ပိုးနှိပ်နင်းသော လိမ်းဆေးများ သုတ်လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်သည်။ 


သန်ကောင် (Roundworm)

 အိမ်မွေးတိရစ္ဆာန်များ၏ မစင်မှ သန်ဥများသည် ၎င်းတို့ ခန္ဓာကိုယ်ရှိ အမွေးအမှင်များတွင် တွယ်ကပ်နေတတ်ရာ ၎င်းတို့အား ယုယချီပွေ့သူတို့မှ တစ်ဆင့် လူသားထံ ကူးစက်ပျံနှံ့ရောက်ရှိသွားလေ့ရှိသည်။ သန်ကောင်များကြောင့် ရောဂါပြင်းပြင်းထန်ထန် ဖြစ်ပွားလေ့ မရှိသော်လည်း  အချို့ ရှားရှားပါးပါးကိစ္စရပ်များတွင် မျက်စိကွယ်သည်အထိ ဖြစ်ပွားနိုင်သည်ကို သတိပြုရမည်။ သို့ဖြစ်၍ လုံခြုံစိတ်ချမှုရှိစေရန် မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များအား သန်ရှိ၊ မရှိ စစ်ဆေးခြင်း၊ သန်ရှိက သန်ချခြင်း တိရစ္ဆာန်များကို ထိတွေ့ကိုင်တွယ်ပြီးပါက လက်ကိုစနစ်တကျ ဆေးကြောသန့်စင်ခြင်းတို့ ဆောင်ရွက်သင့်သည်။


တော့ဆိုပလာစမိုစစ် (Toxoplasmosis)

 တော့ဆိုပလာစမိုစစ်သည် ကပ်ပါး တစ်မျိုးဖြစ်ပြီး ကြောင်၏ မစင်မှတစ်ဆင့် လူသားထံ ကူးစက်ပြန့်ပွားစေသည်။ တော့ဆိုပလာစမိုစစ်ကပ်ပါးစွဲကပ်ခြင်း ခံရသူအများစုသည် ရောဂါကူးစက်ခံရမှုရှိမရှိ စမ်းသပ်စစ်ဆေးရန် မလွယ်ကူလှပေ။ တော့ဆိုပလာစမိုစစ်သည် ကလေးငယ်များနှင့် ကိုယ်ခံစွမ်းအား အားနည်းသော သူများအတွက် ပြင်းထန်သော ခံစားမှုကို ပြင်းထန်စေသော ရောဂါတစ်မျိုးဖြစ်သည်။ အကယ်၍ အမျိုးသမီးတစ်ဦးသည် ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း တော့ဆိုပလာစမိုစစ်ရောဂါ ကူးစက်ခံရပါက ကလေးမွေးဖွားရာတွင် ချို့ယွင်းချက်များ ဖြစ်ပေါ်ခြင်း သို့မဟုတ် ကလေးအသေ မွေးဖွားခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ သို့ဖြစ်၍ ကိုယ်ဝန်ဆောင်မိခင် လောင်းများသည် ကြောင်မှတစ်ဆင့် ကူးစက်ဒုက္ခပေးနိုင်သော တော့ဆိုပလာစမိုစစ် ရောဂါကို သတိပြုကာကွယ်ရန် လိုအပ်ပေသည်။


Credit: အောင်ဇင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18