Print

လည်ချောင်းနာ၊အာသီးရောင်ရောဂါ (Tonsillitis)

  14-Feb-2018
Preview Image

 လည်ချောင်းနာ၊ အာသီးရောင်ရောဂါဆိုတာ လည်ပင်းအနောက်နား တစ်ဖက်တစ်ချက်မှာရှိတဲ့ ဘဲဥပုံ လည်ပင်းဂလင်းခေါ် အကြိတ် ၂ ခု ရောင်ရမ်းတာပါ။ အဖြစ်အများဆုံးကတော့ ဗိုင်းရပ်စ်ပိုးဝင်လို့ဖြစ်တာပါ။ ဒါပေမယ့် ဗက်တီးရီးယားပိုးဝင်ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ 


 ကုသမှုအနေနဲ့ လည်ချောင်းနာခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ဖြစ်စေတဲ့အကြောင်းရင်းကို သေသေချာချာရှာဖွေဖို့လိုပါတယ်။ ဗက်တီးရီးယားကြောင့်ဖြစ်တတ်တဲ့ လည်ချောင်းနာရောဂါဖြစ်ပြီး သောက်ဆေးနဲ့ကောင်းကောင်းကုသလို့မရတာ သို့မဟုတ် နောက်ဆက်တွဲရောဂါတွေ ၀င်လာတာဆိုရင် ဂလင်း ၂ ခုကို ခွဲစိတ်ကုသတာမျိုး ပြုလုပ်ရတတ်ပါတယ်။ 


ရောဂါလက္ခဏာများ

လည်ချောင်းနာရောဂါဟာ အများအားဖြင့် ကျောင်းမနေမီ ကလေးအရွယ်ကနေ ဆယ်ကျော်သက် အရွယ်တွေမှာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေးလည်း တွေ့ရတတ်ပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ 

- နီရဲရောင်ရမ်းနေတဲ့ လည်ပင်းအကြိတ်ဂလင်း

- ဂလင်းပေါ်တွင် အဖြူရောင် သို့မဟုတ် အဝါရောင် အဖတ်များတွေ့ရခြင်း

- လည်ချောင်းနာခြင်း

- မျိုချရခက်ခြင်း သို့မဟုတ် မျိုချစဉ် နာကျင်ခြင်း

- ဖျားနာခြင်း

- လည်ပင်းအောက်ပြန်ရည်ကြိတ်များ ရောင်ရမ်းခြင်း

- အသံဝင်ခြင်း၊ အသံသြခြင်း

- ခံတွင်းအနံ့နံခြင်း

- ကလေးများတွင် တစ်ခါတစ်ရံ ဗိုက်နာတတ်ခြင်း

- လည်ပင်းတောင့်တင်းခြင်း

- ခေါင်းကိုက်ခြင်း အစရှိသဖြင့် ဖြစ်တတ်ပါတယ်။


ကလေးငယ်ငယ်အရွယ်တွေမှာ ထမင်းကျွေးရင် စားဖို့ငြင်းတာ၊ အကြောင်းမဲ့ သွားရည်ကျနေတာ၊ မျိုချရင် နာတာ၊ ငိုတာ၊ ပုံမှန်မဟုတ်ပဲ ဂျီကျနေတာဆိုရင် လည်ချောင်းနာရောဂါကို သံသယဝင်သင့်ပါတယ်။ 


ဘယ်အချိန်မှာဆရာဝန်နဲ့ သွားပြရမလဲ

 ကလေးက အစားစားရ၊မျိုချရတာ အရမ်းနာကျင်နေလျှင်၊ လည်ချောင်းနာဝေဒနာက ၂၄ နာရီ သို့မဟုတ် ၄၈ နာရီကျော်အထိ ရှိနေသေးလျှင်၊ အဖျားကြီး၊ နုံးချိပင်ပန်းလွန်းလျှင် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။


ကာကွယ်ခြင်း

 လည်ချောင်းနာရောဂါကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးနဲ့ ဗက်တီးရီးယားပိုးတွေဟာ ကူးစက်ပြန့်နှံ့တတ်ပါတယ်။ ဒါကြောင့် ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းတယ်ဆိုတဲ့အတိုင်း သေသေချာချာကာကွယ်ဖို့အရေးကြီးပါတယ်။ ဘယ်လိုကာကွယ်မလဲဆိုတော့

- လက်ဆေးခြင်း။ အစာစားပြီး၊ အပြင်က ပြန်လာအပြီး၊ သန့်စင်ခန်းအသုံးပြုအပြီး လက်ကို ဆပ်ပြာနဲ့ သေသေချာချာဆေးကြောပါ။

- ကိုယ်ပိုင်အသုံးအဆောင်ကို မမျှဝေပါနဲ့။ မိမိကလေးရဲ့ ရေဘူး၊ ရေခွက်၊ ထမင်းပန်းကန် အစရှိတာတွေကို တစ်ခြားသူတွေကို ပေးမသုံးပါနဲ့။ 

- လည်ချောင်းနာရောဂါဖြစ်ဖူးတဲ့ ကလေးရဲ့ သွားတိုက်တံကို လဲလှယ်ပါ။ 

- ချောင်းဆိုး၊ နှာချေနေတဲ့သူ၊ ဖျားနာနေတဲ့သူနဲ့ ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ ဆေးပါ။


စမ်းသပ်စစ်ဆေးခြင်း

 ဆရာဝန်မှ လည်ချောင်းအကြိတ်ကို ပုံမှန်စမ်းသပ်စစ်ဆေးပြီးတော့ ရောင်ရမ်းခြင်းရှိမရှိ သိနိုင်ပါတယ်။ ရောဂါရာဇဝင်ကို မေးမြန်းပြီးတော့ ရောဂါအတည်ပြုနိုင်ပါတယ်။ Throat swab ခေါ် ရောင်ရမ်းနေသော ဂလင်းမှ အရည်ကိုယူပြီး ပိုးမွေးစစ်ဆေးခြင်းဖြင့်လည်း ရောဂါပိုးကို တွေ့နိုင်ပါတယ်။ သွေးစစ်ခြင်းများလည်း ပြုလုပ်နိုင်ပါတယ်။

 

ကုသခြင်း

 လည်ချောင်းနာခြင်းရောဂါဟာ ပုံမှန်ဆို ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့အတွက် ပဋိဇီဝဆေးကို ချက်ချင်းသောက်ဖို့ မလိုအပ်တတ်ပါဘူး။ ၁ ပတ်အတွင်း သက်သာပျောက်ကင်းတတ်ပါတယ်။ ဒါပေမယ့် နောက်ဆက်တွဲရောဂါများဖြစ်နိုင်တဲ့အတွက် ဆရာဝန်များမှတစ်ခါတစ်လေ ပဋိဇီဝဆေးဝါး ပေးလေ့ရှိပါတယ်။ ဆရာဝန်ညွှန်ကြားချက်ပါမှသာ ပဋိဇီဝဆေးကို ဆေးပတ်လည်အောင် ရက်ပြည့်စွာ သောက်သုံးသင့်ပါတယ်။ မိမိသဘောနဲ့မိမိ ရက်မပြည့်စွာ၊ ဆေးပတ်မလည်စွာ သောက်သုံးမိပါက ဆေးယဉ်ပါးတဲ့ရောဂါဖြစ်နိုင်ပြီး ခွဲစိတ်ထုတ်ယူရတဲ့အထိဖြစ်နိုင်တာကို သတိထားသင့်ပါတယ်။ နာကျင်ခြင်းအတွက် ပါရာစီတမော ကဲ့သို့ ဆေးဝါးများ၊ Mybacin ငုံဆေးကဲ့သို့ဆေးများ မှီဝဲနိုင်ပါတယ်။ 


 လည်ချောင်းနာတာကို သက်သာအောင် အောက်ပါနည်းလမ်းများနဲ့ ကလေးကို ပြုစုနိုင်ပါတယ်။

- ကောင်းကောင်းအနားယူစေပါ။ အိပ်ရေးဝပါစေ။

- ရေများများတိုက်ပါ။

- ဆားရည်နဲ့ အာလုပ်ကျင်းပါ။ ရေနွေးတစ်ဖန်ခွက်ထဲ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ဆားကိုထည့်ပြီး အာလုပ်ကျင်းပေးပါ။ ဆားရည်က ရောင်ရမ်းခြင်းကို သက်သာစေပြီး ပိုးမွှားများကိုပါ သေစေနိုင်ပါတယ်။

- စီးကရက်ငွေ့များ၊ မီးခိုးငွေ့များ ရှောင်ပေးပါ။

- အာဟာရပြည့်ဝစွာ စားသုံးပါ။ ကိုယ်ခံအားစနစ်ကောင်းမွန်လာလျှင် ရောဂါမြန်မြန်ပျောက်ကင်းသက်သာမှာ ဖြစ်ပါတယ်။ 


Credit : ဒေါက်တာကောင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18