Print

ကလေးများအတွက် သွေးလွန်တုပ်ကွေးအန္တရာယ်

  06-Dec-2017
Preview Image

 မိုးရာသီရောက်လာရင် ခြင်တွေ ပိုပေါလာတာကြောင့် သွေးလွန်တုပ်ကွေး ဖြစ်မှာကို ကလေးမိဘတွေ စိတ်ပူကြသလို၊ ဆရာဝန်တွေလည်း အရေးပေါ်လူနာအတက်များလာတာကြောင့် စိတ်ပန်းလူပန်းဖြစ်ကြရလေ့ရှိပါတယ်။ ကလေးတွေမှာ ပိုအဖြစ်များလေ့ရှိပါတယ်။ ကလေးတွေမှာ ပိုအဖြစ်များလေ့ရှိပေမဲ့ လူငယ်လူရွယ် လူကြီးပါမကျန် ဒီရောဂါဖြစ်ပွားနိုင်ပါတယ်။ 


သယ်ဆောင်သူခြင်

 အေဒီးစ် အီဂျစ်ပ်တိုင်း (Aedes Aegypti) ဆိုတဲ့ ခြင်ပုန်း ခေါ် ခြင်ကျားက လူတစ်ဦးကနေ နောက်တစ်ဦးဆီ ကူးစက်စေတယ်။ ခြင်ကျားဆိုတာ အရွယ်သေးငယ်ပြီး ကိုယ်ခန္ဓာပေါ်နဲ့ ခြေ၊ လက်တွေပေါ်မှာ အဖြူအစင်းကြားတွေ ပါတဲ့အတွက် မြင်ရင် သိသာလွယ်တယ်။ 


ဖြစ်ပွားပုံ

 သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်က (Type 1,2,3,4) လေးမျိုးတောင် ရှိပါတယ်။ အဲဒီဗိုင်းရပ်စ်ပိုး ရှိနေတဲ့ ခြင်ကျားအကိုက်ခံရတဲ့အခါ အကိုက်ခံရသူရဲ့ သွေးထဲမှာ ဗိုင်းရပ်စ်တွေ ရောက်ရှိလာပြီး ပွားများလာကာ တစ်ပတ် ၁၀ ရက်အတွင်း ရောဂါလက္ခဏာတွေ ခံစားလာရပါတယ်။ 


 နှစ်စဉ် ကမ္ဘာပေါ်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူက သန်းတစ်ရာကျော် ရှိပါတယ်။ တခြားရောဂါတွေဆိုရင် တစ်ခါဖြစ်ဖူးရင် ရောဂါခံနိုင်ရည် ရသွားပြီ နောက်တစ်ခါ ရောဂါထပ်ရလာခဲ့ရင် အသက်အန္တရာယ် ထိခိုက်လာအောင် မပြင်းထန်တော့ပါဘူး။ သွေးလွန်တုပ်ကွေးကတော့ အဲဒါနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ တစ်ခါလောက်သာ သွေးလွန်တုပ်ကွေးဖြစ်ဖူးခဲ့ပြီး နောက်တစ်ခါ ထပ်ဖြစ်လာရင် ကိုယ်တွင်းမှာ ဖြစ်ပေါ်ထားပြီးသား ပဋိပစ္စည်း (Antiboby) တွေရဲ့ တုံ့ပြန်မှုကြောင့် ရောဂါပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ပေးပါတယ်။ 


ရောဂါလက္ခဏာများ

 သွေးလွန်တုပ်ကွေးအဖျားရောဂါအဆင့်မှာဆိုရင်တော့ လက္ခဏာတွေက အလွန်အမင်း မပြင်းထန်သေးဘဲ သွေးလွန်တုပ်ကွေး အပြင်းစား မပြင်းထန်သေးရင် သွေးလွန်တုပ်ကွေး အပြင်းစား သွေးထွက်များတဲ့အဆင့်ထိ ရောက်လာပြီဆိုရင် ခံစားရတာ ပိုပြင်းထန်လာတယ်။ လူနာက ဂနာမငြိမ်ဖြစ်လာကာ တလှုပ်လှုပ်တရွရွ ဖြစ်လာတယ်။ ချွေးထွက်များပြီး ချွေးစေးတွေပြန်လာတယ်။ ခြေဖျား၊ လက်ဖျား အေးလာတယ်။ အချိန်မီ မှန်ကန်တဲ့ ကုသမှုမရခဲ့ရင်တော့ အသက်ဘေးအလွန်နီးကပ်ပါတယ်။ သွေးပေါင်ချိန်အလွန်အမင်းကျတဲ့ ရှော့ (Shock) ရတာက အချိန်ကြာလေ ပိုကောင်းအောင် ကုသဖို့က အလွန်ခက်ခဲပြီး အထွေထွေထိခိုက်ယိုယွင်းမှုတွေနဲ့ အသက်သေဆုံးရတတ်ပါတယ်။ 


 အဖျားတာရှည်လာလျှင် နှာခေါင်းသွေးယိုတာ အန်တဲ့အထိ သွေးစတွေပါလာပြီး ကော်ဖီရောင်နီနီတွေ အန်လာတာ၊ ဝမ်းမည်းမည်းသွားတာတွေ၊ ဖြစ်ပေါ်လာပါတယ်။ အရေပြားပေါ်မှာ အနီးစက်သေးသေးလေးတွေကလည်း အမဲကွက် အညိုကွက်ကြီး တွေအထိ ပေါ်လာတာတွေ့ရတယ်။

 

သွေးလွန်တုပ်ကွေးရဲ့ အစောဆုံးလက္ခဏာများ

 အပြင်းဖျားတယ်။ မြင့်မားလွန်းတဲ့ ကိုယ်အပူချိန်က ရေဖတ်တိုက်တုန်း ပါရာစီတမောတိုက်တုန်း၊ ခဏပဲအဖျားကျပြီး ချက်ချင်းအပူပြန်တက်လာတယ်။ အစားအသောက်ပျက်လာတယ်။ စဖျားဖျားချင်းအချိန်မှာ နည်းနည်းစားနိုင်သေးပေမယ့် မိဘတွေက ဖျားရင် ပိုဖျားမှာစိုးလို့ဆိုပြီး အစာအဖတ်မကျွေးကြ ကလေးကစားချင်လို့ တောင်းနေရင်တောင် မကျွေးကြ။ အဲဒီအခါ သွေးတွင်းသကြားဓာတ် ပိုကျလာစေပြီး ရောဂါကိုပိုဆိုးဖို့ ရှော့ရဖို့တောင် ပိုလွယ်ကူသွားစေပါတယ်။ ဒါကြောင့် အလျဉ်းသင့်လို့ ပြောချင်တာက ထမင်းခေါက်ဆွဲ ဆန်ပြုတ်၊ စွပ်ပြုတ်၊ ဓာတ်ဆားရည်၊ သစ်သီးဖျော်ရည်၊ မုန့်ဟင်းခါး စတာတွေကို နည်းနည်းချင်း မကြာခဏ ကျွေးပေးသင့်ပါတယ်။ အန်နေပေမဲ့ တစ်ခါအန်ပြီးရင် ဆယ့်ငါးမိနစ်လောက် ခဏစောင့်အပြီး နည်းနည်းချင်း ပြန်တိုက်ကျွေးဖို့ မမေ့သင့်ပါဘူး။ 


 တချို့ကလေးတွေမှာ ခေါင်းကိုက်တတ်တယ်။ ကိုယ်လက်ကိုက်သလို၊ အဆစ်အမြစ်တွေ၊ ကြွက်သားတွေပါ နာကျင်လာကြတယ်။ အပူကြီးတဲ့အတွက် ရေဖတ်မတိုက်ပေးရင်၊ အစာရေစာလည်း မကျွေးရင်၊ မစားရင် ကလေးက မလန်းမဆန်းနှင့် နှံးချိပင်ပန်းနေတယ်။ မကြာခဏလည်း အန်နေတတ်တယ်။ 


 အဖျားရက်ရှည်လာပြီး တစ်ပတ်လောက်အထိဖျားနိုင်တယ်။ အဖျားကာလတစ်ရက်၊ နှစ်ရက်နောက်ပိုင်းမှာ အရေပြားပေါ်မှာ အနီကွက်၊ အနီစက်လေးတွေ ပေါ်လာသလို နှာခေါင်းသွေးယို၊ သွားဖုံးသွေးယိုတာနဲ့ ဆေးထိုးရင်၊ ခိုက်မိရင်၊ သွေးထွက်လွယ်၊ သွေးထွက်များလာပါတယ်။ ရောဂါရင့်လာတာနဲ့အမျှ တစ်ကိုယ်လုံးအနှံ အရေပြားအောက်မှာ အနီကွက်၊ အမည်းကွက်နှင့် သွေးခြေဥတာတွေ ပေါ်လာတယ်။ နဂိုပေါ်လာတဲ့ လက္ခဏာအားလုံးကလည်း ပိုမိုဆိုးရွားလာပါတယ်။


 သွေးပေါင်ချိန်တွေကျလာပြီး ကိုယ်တွင်းသွေးယိုမှုတွေ ဖြစ်လာတဲ့အခါ ကလေးက နုံးခွေလာပြီး ခြေ၊ လက် မသယ်ခြင်း ဖြစ်လာသလို အိပ်ပြီးရင်း အိပ်နေကာ မှိန်းနေတော့တယ်။ ကိုယ်အပူချိန်လည်း ကျဆင်းလာပြီး ခြေဖျားလက်ဖျားတွေ အေးလာတယ်။ ချွေးထွက်များလာလို့ တစ်ကိုယ်လုံးလည်း အေးစက်လာတယ်။ အစားအသောက်လည်း ဘာမှမစားမသောက်ချင်ဘဲ ခွေခေါက်နေပါတော့တယ်။


 ဒီနေရာမှာ မိဘတွေ အမှတ်မှားတတ်တာက အဖျားကျလာလို့ ကိုယ်လုံးနှင့် ခြေလက်တွေ အေးလာတာကို အကောင်းထင်တတ်ကြတယ်။ အရင်ရက်တွေ ကောင်းကောင်းမအိပ်ရလို့ အခုမှ အတိုးချအိပ်ပျော်နေတယ်လို့ တွေးကာ စိတ်ချလက်ချနေတတ်ကြပါတယ်။ တကယ်အဖျားကျပြီး ရောဂါသက်သာလာရင် ခံတွင်းလိုက်ကာ အစားအသောက် ကောင်းကောင်းစားလာရမှာဖြစ်ပါတယ်။ အပူချိန်ရုတ်တရက်ကျလာပြီး မှိန်းနေ မစားမသောက်ဖြစ်နေတာ၊ ခြေဖျားလက်ဖျား အေးစပြုနေရင်ကို ဆေးရုံ၊ ဆေးခန်း ပြေးပြသင့်ပါတယ်။ အဲလိုဖြစ်နေတာကြာလေ ရှော့ (Shock) ရတာကြာလွန်းလို့ အရေးကြီးကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပိုမိုထိခိုက်ပျက်စီးလေ ဖြစ်ပါတယ်။ ပြန်ကောင်းလာဖို့လည်း ခဲယဉ်းလေဖြစ်ပါတယ်။ အသက်သေဆုံးလွယ်တာဖြစ်လို့ အဖျားရက်ရှည်နေကတည်းက အပေါ့ဆပဲ သေချာဂရုစိုက်ကာ ဆေးခန်းပြသင့်၊ ဆေးရုံတင်သင့်ပါတယ်။ 


ကုသနည်း

 အစောပိုင်းရက်တွေဖြစ်တဲ့ ပထမသုံးရက်အတွင်းကတော့ ဆရာဝန်ညွှန်ကြားချက်နှင့်အညီ ဆေးတိုက် အစာကျွေး၊ ရေဖတ်တိုက်၊ စသဖြင့် လိုအပ်သလို ပြုစုသင့်ပါတယ်။ သုံးရက်နောက်ပိုင်းမှာ အန္တရာယ်ရှိတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာနိုင်တာမို့ ဆေးရုံတက်ဖို့ လိုအပ်တယ်ပြောရင် မလွဲမသွယ် တက်ရောက်ကုသသင့်ပါတယ်။ အချိန်မီသာ ဆေးရုံရောက်ရှိခဲ့ရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ကြီး/ ငယ် နှင့် ကျွမ်းကျင်ဆရာမတွေနဲ့ အနီးကပ်ဂရုစိုက် ကြည်းကြပ်မှုအောက်မှာ လိုအပ်တဲ့ကုသမှုများကိုသာ ခံယူထိုက်ပါတယ်။ ရောဂါအတိုအဆုတ်နှင့် ပြောင်းလဲမှုအပေါ် မူတည်ပြီး ဆေးရည်သွင်းတာ သွေးနှင့် သွေးရည်ကြည်သွင်းရတာတွေသာ ကျွမ်းကျင်ပိုင်နိုင်တဲ့ ဆုံးဖြတ်မှုနှင့် သေချာကုသရတာမို့ အထူးအရေးကြီးပါတယ်။ သွေးနှင့်သွေးရည်ကြည် မလိုအပ်သေးဘဲနှင့် သွေးသွင်းကုသလို့လည်း မဖြစ်ပါဘူး။ ဒါကြောင့် ဆိုးရွားစပြုလာတဲ့ သွေးလွန်တုပ်ကွေးတွေကို အခြေအနေမလွန်ခင် နောက်မကျခင် ဆေးရုံတက်ခိုင်းဖို့ အထူးအရေးကြီးပါတယ်။


ဆေးရုံတက်ကုသသင့်တဲ့ လူနာများ

 အစားအစာနှင့် အရည်လုံးဝမဝင်ပဲ တစ်ချိန်လုံးအန်နေသူတွေ ဆေးရုံ၊ ဆေးခန်းသို့ အချိန်မှန်အလွယ်လာမပြနိုင်ဘဲ အခြေအနေဆိုးလာနိုင်ခြေရှိသူတွေ၊ သွေးတွင်း ပလိတ်လက် (Platelet level) သိပ်ကျလွန်းနေသူတွေ သွေးတွင်းများနေသူတွေ ဗိုက်နာပြီး မှိန်းနေသူနဲ့ သွေးပေါင်ကျစ ပြုနေသူတွေ အဖျားကျတာက အလန်းဆန်းပဲ မှိန်းနေသူ ခြေဖျားလက်ဖျား အေးစပြုနေသူတွေနှင့် ဂနာမငြိမ်ဖြစ်နေသူတွေ အန်တဲ့အထဲ သွေးစပါသူ၊ ဝမ်းမည်းမည်းသွားနေသူတွေအနေနဲ့ အချိန်မဆိုင်းဘဲ ဆေးရုံဆေးခန်း အမြန်သွားရောက် ပြသသင့်ပါတယ်။ အဖျားပြင်းပြီး ရက်ရှည်ဖျားနေသူတွေကို ထူးခြားချက်ရှိမရှိ မိဘတွေအနေနဲ့ အမြဲတမ်းအနီးကပ် ခြေလက်အေးမအေးကအစ အမြဲစောင့်ကြည့်နေသင့်ပါတယ်။ စောစီးစွာ ပြသကုသရမဲ့ အချိန်တွေမှာ ပေါ့ဆနေလျှင် အချိန်လွန်မှ ကုရရင်တော့ ရောဂါက ကလေးကို အလွယ်တကူ ဇီဝိန်ခြွေယူသွားနိုင်ပါတယ်။ 


သွေးလွန်တုပ်ကွေးရောဂါရဲ့ နောက်ဆက်တွဲများ

 ဦးနှောက်အတွင်း သွေးယိုမှုကနေ သေဆုံးစေနိုင်တယ်။ တက်ချက်လာစေတယ်။ အဲဒီလိုဖြစ်ရာက ပြန်သက်သာလာရင်လည်း ဦးနှောက်ထိခိုက်မှုရလာစေတယ်။ အသည်းမှာလည်း ထိခိုက်ပျက်စီးစေတယ်။ ကုသမှုကောင်းစွာ အချိန်မီမရခဲ့ရင် သွေးလန့်တာနှင့် အသက်သေဆုံးလွယ်ပါတယ်။ ဒါကြောင့် မိုးရာသီအတွင်း ဒါမှမဟုတ် ခြင်၊ ကျား၊ အမြဲရှိတဲ့ ဒေသတွေမှာ တစ်နှစ်ပတ်လုံး ကလေးလူကြီးမရွေး အဖျားရက်ရှည် အတင်းဖျားပြီး သွေးထွက်တဲ့လက္ခဏာတွေ တွေ့နေရရင် ဆေးရုံဆေးခန်းရှိ နားလည်တတ်ကျွမ်းသူ ဆရာဝန်တွေနဲ့ ကြိုတင်စစ်ဆေးကုသဖို့ အရေးကြီးပါတယ်။


Credit: ဒေါက်တာမြမြချယ် (ကလေးအထူးကုဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18