Print

ကလေးမွေးဖွားပြီးနောက်စိတ်ကျခြင်း (Post-Partum Depression)

  21-Nov-2020
Preview Image

ကလေးမွေးဖွားပြီးနောက်စိတ်ကျခြင်း (Post-Partum Depression)

 

(၁) ဘာကြောင့်ဖြစ်တာလဲ

·         အမျိုးသမီးတစ်ယောက်ဟာ ကလေးမီးဖွားပြီးတဲ့အချိန်မှာ ကိုယ်ဝန်ဆောင်စဉ်က မြင့်တက်နေခဲ့တဲ့ ဟော်မုန်းတွေက ရုတ်တရက်ဆိုသလို ကျဆင်းသွားပါတယ်။

·         အဲဒီလို ရုတ်တရက်ဟော်မုန်းအပြောင်းအလဲကြောင့် ကလေးမီးဖွားပြီး မကြာခင် ရက်ပိုင်းမှာ “ စိတ်ကျခြင်း ” ဆိုတဲ့ ဝေဒနာကို ခံစားရတတ်ပါတယ်။

·         ဒီပြဿနာဟာ မီးဖွားပြီး အမျိုးသမီးအများစုမှာ ဖြစ်လေ့ရှိသော်လည်း ကြာချိန်နှစ်ပတ်ထက်ကျော်လာပြီဆိုရင်တော့ ဆရာဝန်နှင့် သေချာပြသတိုင်ပင်သင့်ပါတယ်။

 

(၂) မီးဖွားပြီးနောက်စိတ်ကျခြင်းရဲ့ လက္ခဏာတွေကတော့

·         စိတ်အတက်အကျမြန်ခြင်း

·         မကြာခဏ ငိုကြွေးခြင်း၊ ဝမ်းနည်းနေခြင်း

·         ကလေးနှင့်ပတ်သက်၍ စိုးရိမ်ကြီးခြင်း (သို့မဟုတ်) ကလေးကို လစ်လျူရှု့ခြင်း

·         မိသားစုဝင်၊ သူငယ်ချင်းများကို ရှောင်ဖယ်ခြင်း

·         ခံတွင်းပျက်နေခြင်း (သို့) ပုံမှန်ထက်ပိုစားနေခြင်း

·         အိပ်မပျော်ခြင်း (သို့) ပုံမှန်ထက်ပိုအိပ်နေခြင်း

·         အင်အားမရှိသလို ခံစားရခြင်း၊ နုံးနေခြင်း

·         ဒေါသကြီးလာခြင်း

·         မိမိကိုယ်ကို မိခင်ကောင်းတစ်ယောက်မဖြစ်မှာ စိုးကြောက်နေခြင်း

·         မိမိကိုယ်ကို အပြစ်တင်ခြင်း

·         မိခင်ဟာ ကိုယ့်ကိုကိုယ်(သို့) ကလေးကို အန္တရာယ်ပြုခြင်း (သို့) အန္တရာယ်ပြုရန်အတွေးများ တွေးမိနေခြင်း

·         မိခင်ဟာ ကိုယ့်ကိုယ်ကို သတ်သေချင်သည့် အတွေးများတွေးမိနေခြင်းစတဲ့ လက္ခဏာတွေဘဲ ဖြစ်ပါတယ်။

 

(၃) ဘယ်လိုမိခင်တွေမှာ စိတ်ကျခြင်းဖြစ်ဖို့အခွင့်အလမ်းများတာလဲ

·         မိခင်ဟာ ကိုယ်ဝန်ဆောင်စဉ် (သို့) ကိုယ်ဝန်မဆောင်ခင် ကာလတွေမှာ စိတ်ကျဝေဒနာခံစားခဲ့ဖူးခြင်း

·         ကိုယ်ဝန်ဆောင်စဉ် မကျန်းမာခြင်း

·         မွေးကင်းစကလေးမကျန်းမာခြင်း

·         မိခင်နို့တိုက်ကျွေးမှုမှာ အခက်အခဲရှိခြင်း

·         မီးဖွားပြီးစမိခင်ကို ကူညီဖေးမမည့်မိသားစုဝင်၊ အသိုင်းအဝိုင်းမရှိခြင်း

·         ငွေကြေးအခက်အခဲရှိခြင်း

·         မမျှော်လင့်ဘဲရသော ကိုယ်ဝန် (သို့) မလိုချင်ဘဲရသော ကိုယ်ဝန်ဖြစ်နေခြင်း

·         အိမ်ထောင်ရေးပြဿနာရှိနေခြင်း စတဲ့ အချက်တွေဟာ မိခင်စိတ်ကျရောဂါဖြစ်ဖို့ အခွင့်အလမ်းများစေပါတယ်။

 

(၄) ဘယ်လိုကုသလို့ရနိုင်မလဲ

·         မိခင်ဟာ မီးဖွားပြီး စိတ်ကျဝေဒနာခံစားနေရပြီဆိုတာ ကိုယ့်ကိုကိုယ်သိရင် မိသားစုဝင်တွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟတိုင်ပင်သင့်ပါတယ်။

·         မိခင်ဟာ ကိုယ့်ကိုကိုယ် သတိမထားမိဘူးဆိုရင်လည်း မိသားစုဝင်တွေက သိနေပြီဆိုရင် သေချာရှင်းပြပေးပြီး ဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

·         ကုသနည်းတွေကတော့ မိခင်ကို စိတ်ခံစားမှုပြန်လည်ကောင်းမွန်လာအောင် ဖေးမထောက်ပံ့ပေးရတာပါ။ ဒါကို Psychotherapy စိတ်ဖြင့်ကုသမှုပေးခြင်းလို့လည်း ခေါ်ပါတယ်။ ဒီနေရာမှာ ဆရာဝန်သာမက မိသားစုဝင်တွေ ဆွေမျိုးတွေကပါ ပါဝင်ကူညီပေးဖို့လိုအပ်ပါတယ်။ မိခင်ကို အားပေးနှစ်သိမ့်တာ၊ သူ့ရဲ့အခက်အခဲတွေကို ဝိုင်းဝန်းကူညီပေးတာ၊ စိတ်ဓာတ်ကျစရာအတွေးတွေရှိနေတဲ့အခါ အဲဒီအတွေးတွေဟာ အမှန်တကယ်မဟုတ်တဲ့အကြောင်း သေချာနားလည်အောင် ရှင်းပြပေးတာမျိုးတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

·         လိုအပ်မယ်ဆိုရင် Psychotherapy သာမက ဆရာဝန်မှ စိတ်ဓာတ်ကျခြင်းကို သက်သာလျော့ပါးစေတဲ့ ဆေးဝါးတွေပေးပြီး ကုသလို့ရနိုင်ပါတယ်။

·         မီးဖွားပြီးစိတ်ဓာတ်ကျခြင်းဝေဒနာကို စောစောသိရှိပြီး စောစောကုသမှုခံယူခြင်းက များစွာထိရောက်မှုရှိပါတယ်။

 

(၅) ဘယ်လိုကြိုတင်ပြင်ဆင်သင့်သလဲ

·         မိခင်လောင်းအနေနှင့် ဒီလိုမီးဖွားပြီးစိတ်ကျခြင်းဝေဒနာဟာ ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုတာကို သေချာစွာနားလည်ထားမည်ဆိုလျှင် မိမိကိုယ်တိုင် တွေ့ကြုံလာရပြီဆိုတဲ့ အခြေအနေမှာ လက္ခဏာတွေဟာ ဆိုးဆိုးရွားရွား ဖြစ်လာစရာ မရှိတော့ပါဘူး

·         စိတ်ဖိစီးမှုလျှော့ချပေးနိုင်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများလုပ်ခြင်း၊ သီချင်နားထောင်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ မိသားစုနှင့်သိုက်သိုက်ဝန်းဝန်းနေထိုင်ခြင်း၊ မိမိရင်သွေးနှင့် ကြည်နူးဖွယ်အချိန်အခိုက်အတန့်လေးများဖြစ်အောင် ဖန်တီးခြင်းတို့ဟာ မီးဖွားပြီး မိခင်တို့အတွက် များစွာအကျိုးကျေးဇူးရရှိစေပါတယ်။

 

Credit: Dr.Hsu

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18