Print

သားအိမ်ခေါင်းကင်ဆာအတွက် လမ်းညွှန်ချက်

  29-Oct-2016
Preview Image

 

အမျိုးသမီးများ၏ သားအိမ်အောက်ဘက်ရှိ သားအိမ်ခေါင်းတွင် ပုံမှန်မဟုတ်သည့် ဆဲလ်များ ဖြစ်ပေါ်လာကာ ပျံ့နှံ့သွားပါက သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်သည်။ သားအိမ်ခေါင်းကင်ဆာဖြစ်နေကြောင်း စောစောစီးစီး စမ်းသပ်သိရှိပါက အပြည့်အဝ ပြန်လည်ကောင်းမွန်နိုင်ခြေ မြင့်မားကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ကံမကောင်းသည်မှာ သားအိမ်ခေါင်းကင်ဆာ၏ ရောဂါ လက္ခဏာများမှာ ကနဦးအခြေအနေတွင် ပြသခြင်းနည်းပါးလေ့ရှိသည်။ ကင်ဆာရောဂါ လျင်မြန်စွာ ပြင်းထန်လာချိန်မှသာ ရောဂါလက္ခဏာများ စတင်ပြသလေ့ရှိသည်။ ရောဂါလက္ခဏာများတွင် ပုံမှန်မဟုတ်သည့် မမျိုးပွားအင်္ဂါဆိုင်ရာအရည်များ ကျဆင်းလာခြင်း၊ မမျှော်လင့်ဘဲသွေးဆင်းခြင်း၊ သွေးဆုံးချိန်ရောက်ပြီး နောက်ပင် သွေးဆင်းခြင်း နှင့် လိင်ဆက်ဆံချိန်တွင် မခံမရပ်နိုင်လောက်အောင် နာကျင်ခြင်း (သို့မဟုတ်) သွေးထွက်ခြင်းတို့ ပါဝင်သည်။

 

ကြွက်နို့ (သို့မဟုတ်) အသားပိုများကို ဖြစ်စေသော မျိုးရိုးဗီဇ(DNA)ဆိုင်ရာ ဗိုင်းရပ်စ် အုပ်စုကြီးတစ်မျိုးဖြစ်သည့် HPV ဗိုင်းရပ်စ်များက သားအိမ်ခေါင်းကင်ဆာကို အများဆုံးဖြစ်စေကြောင်း သိရသည်။ HPV ဗိုင်းရပ်စ် အမျိုးပေါင်း ၄၀ နီးပါးမှာ မျိုးပွားအင်္ဂါနားတစ်ဝိုက် ကူးစက်နိုင်သည်။ ယင်း HPV ဗိုင်းရပ်စ်များ ကူးစက်ခြင်းမှာ သူ့အလိုလို ပျောက်သွားလေ့ရှိသည်ဟု ကျွမ်းကျင်သူများက ပြောသည်။ သို့သော် ယင်းဗိုင်းရပ်စ်များအသစ်အသစ်ဖြစ်ပေါ် ပွားများလာပါကသားအိမ်ခေါင်း ၏ ဆဲလ်များအတွင်း ပြောင်းလဲမှုများဖြစ်လာနိုင်ပြီး ကင်ဆာရောဂါ ဖြစ်နိုင်သည်။ လိင်ဆက်ဆံမှု မကင်းသူတိုင်းတွင် တွေ့ရမြဲဖြစ်သည့် HPV ဗိုင်းရပ်စ်ကို တစ်သက်တာတွင် အနည်းဆုံးတစ်ကြိမ် ကူးစက်ခံရလေ့ရှိသည်ဟု ကျွမ်းကျင်သူများက ပြောသည်။ HPV ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သည့် အန္တရာယ်များကို ကွန်ဒုံးသုံးခြင်းဖြင့် လျှော့ချနိုင်သော်လည်း ယင်းဗိုင်းရပ်စ်ကို အပြည့်အဝ ကာကွယ်ပေးနိုင်ခြင်း မရှိပေ။

 

ခန္ဓာကိုယ်ထဲတွင် အန္တရာယ်များသော HPV ဗိုင်းရပ်စ် အများအပြားရှိနေချိန်တွင် သားအိမ်ခေါင်းထဲ၌ ပုံမှန်မဟုတ်သော ဆဲလ်များ ဖြစ်ပေါ်လာကာ အချိန်ကြာလာပါက ကင်ဆာရောဂါပါ စဖြစ်လာနိုင်သည်။ သားအိမ်ခေါင်းကင်ဆာရောဂါကို စောစောစီးစီး စမ်းသပ်သိရှိနိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ အသားစ ထုတ်ယူစစ်ဆေးသောနည်း (Pap Smear) ဖြင့် စမ်းသပ်မှု ဖြစ်သည်။ ယင်းစမ်းသပ်မှုက ပုံမှန်မဟုတ်သော ဆဲလ်များကို ဖော်ထုတ်နိုင်ပြီး တစ်ခါတစ်ရံတွင် ကင်ဆာမဖြစ်မီ အချိန်၌ပင် ဖော်ထုတ်သိရှိနိုင်သည်။ အမျိုးသမီးများ အသက်(၃၀)နှစ် ကျော်လာသည်နှင့် Pap Smear စစ်ဆေးမှု သုံးနှစ်တစ်ကြိမ် ခံယူရန် ကျွမ်းကျင်သူများက လမ်းညွှန်ထားသည်။ ယင်းသို့ စမ်းသပ်မှုခံယူပြီး ကင်ဆာဖြစ်နိုင်ခြေ ရှိသော ပုံမှန်မဟုတ်သည့် ဆဲလ်များရှိကြောင်း တွေ့ရှိပါက ဆရာဝန်က ဖယ်ရှားပေးနိုင်ပြီး ကင်ဆာအဖြစ်သို့ ယင်းဆဲလ်များ ပြောင်းလဲမည် မဟုတ်ပေ။

 

အန္တရာယ်မြင့်မားသော HPV ဗိုင်းရပ်စ်ရှိ၊ မရှိစစ်ဆေးမှု နောက်တစ်ခုမှာ HPV မျိုးရိုးဗီဇ စစ်ဆေးမှု ဖြစ်သည်။ ပုံမှန်မဟုတ်သော အသားစများကို ထုတ်ယူစစ်ဆေးပြီးနောက် ပုံမှန်မဟုတ်သည့် ပြောင်းလဲမှုများ၊ ကင်ဆာဖြစ်နိုင်သော ဆဲလ်များ၊ ကင်ဆာဆဲလ်များကို စိစစ်လေ့လာနိုင်ရန် သားအိမ်ခေါင်းတစ်သျှူးများကို ခွဲစိတ်ဖယ်ရှားရနိုင်သည်။ သားအိမ်ခေါင်းကင်ဆာကို အဆင့် ၅ဆင့် သတ်မှတ်ထားသည်။ သားအိမ်ခေါင်း၏ မျက်နှာပြင်၌သာ ကင်ဆာဆဲလ်များတွေရသည့် အဆင့်ကို သုညဟုသတ်မှတ်သည်။ သားအိမ်ခေါင်းနေရာထက် ကျော်လွန်၍ ကင်ဆာဆဲလ်များ ပျံ့နှံ့မှုမရှိသေးသော အဆင့်ကို အဆင့်တစ်ဟု သတ်မှတ်သည်။ ကင်ဆာအကျိတ် မျိုးပွားအင်္ဂါ အပေါ်ပိုင်းသို့ ပျံ့နှံ့နေသော အဆင့်ကို အဆင့်နှစ်ဟုသတ်မှတ်သည်။ အဆင့်သုံးရောက်ချိန်၌ ကင်ဆာအကျိတ်မှာ မျိုးပွားအင်္ဂါအောက်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ နောက်ဆုံးအဆင့်ဖြစ်သည့် အဆင့် ၄ တွင် ကင်ဆာအကျိတ်သည် ဆီးအိမ်(သို့မဟုတ်)၊ အူမကြီးနေရာသို့ ရောက်ရှိနေပြီ(သို့မဟုတ်) ကင်ဆာဆဲလ်များ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့နေပြီဖြစ်သည်။ကင်ဆာဆဲလ် ပါဝင်နိုင်သော တစ်သျှူးများကို ဖယ်ရှားပစ်ရန် ခွဲစိတ်မှုခံယူရမည်ဟု ကျွမ်းကျင်သူများက လမ်းညွှန်ထားသည်။ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းနှင့် ဓာတုကုထုံးဖြင့် ကုသခြင်းတို့ နှစ်မျိုးပေါင်း၍လည်း ကုသနိုင်ကြောင်း သိရသည်။

 

Ref: 7daydaily No.514 Saturday, September 27, 2014



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18