Print

ဉာဏ်ရည်ထက်မြက်သော ရင်သွေးရရှိရန် ကိုယ်ဝန်ဆောင်ချိန် လိုက်နာသင့်သည်များ

  05-Sep-2020
Preview Image

ကိုယ်ဝန်ဆောင်မိခင်တိုင်း မိမိတို့ရဲ့ရင်သွေးလေးကို ကျန်းမာပြီး ဉာဏ်ရည်ထက်မြတ်လိုကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အောက်ပါအချက်တွေကို လိုက်နာမယ်ဆိုရင် သန္ဓေသားလေးရဲ့ ဉာဏ်ရည်ကိုထိခိုက်မှုမဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။


ညစ်ညမ်းတဲ့ပတ်ဝန်းကျင်ကိုရှောင်ပါ

          ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးငယ်အသက်တစ်နှစ်အရွယ်မှာ ညစ်ညမ်းတဲ့ပတ်ဝန်းကျင်နဲ့ထိတွေ့နေထိုင်နေရပါက အော်တစ်ဇင်ဖြစ်နိုင်ခြေများတယ်လို့ သုတေသနတွေအရ သိရပါတယ်။ ကားအိတ်ဇောငွေ့တွေ၊ မီးခိုးငွေ့တွေနဲ့ တခြားလေထုညစ်ညမ်းစေတဲ့အရာတွေ ထိတွေ့ရတဲ့ကလေးငယ်တွေဟာ တခြားကလေးတွေထက် အော်တစ်ဇင်ဖြစ်နိုင်ခြေ ၂ - ၃ ဆ ပိုများပါတယ်။


နေရောင်ခြည်နဲ့ ထိတွေ့ပါ

          သြစတြေးလျတက္ကသိုလ်ရဲ့ လေ့လာမှုအရ ကိုယ်ဝန်ဆောင်ပထမသုံးလအတွင်းမှာ မိခင်က နေရောင်ခြည်နဲ့ ထိတွေ့မှုမရှိတာကြောင့် ကလေးငယ်မွေးဖွားလာပြီးနောက်ပိုင်းမှာ အရိုးပျော့ရောဂါဖြစ်ပွားနိုင်ခြေကို များစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ နေရောင်ခြည်ကိုရယူပြီး အရေပြားမှာ ဗီတာမင်D ကို ထုတ်လုပ်ပါတယ်။ ဗီတာမင် D က သန္ဓေသားရဲ့ ဗဟိုအာရုံကြောစနစ် ဖွံ့ဖြိုးမှုအတွက် အဓိကလိုအပ်ပါတယ်။


စိတ်ဖိစီးမှုတွေကို လျှော့ချပါ

          ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က စိတ်ဖိစီးမှုများတာကြောင့် မွေးလာတဲ့ ကလေးငယ်မှာ မွေးရာပါ ဦးနှောက်ချို့ယွင်းမှုတွေ ဖြစ်နိုင်ခြေများပါတယ်။ မွေးဖွားလာပြီးနောက်ပိုင်းမှာလည်း ကလေးငယ်မှာ စိတ်ပိုင်းဆိုင်ရာရောဂါတွေ ပါလာတတ်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ စိုးရိမ်ပူပန်တာတွေလောက်ကို ဆိုလိုတာမဟုတ်ဘဲ ကြီးမားတဲ့ရှော့ရလောက်အောင် ကိစ္စမျိုးတွေကို ဆိုလိုတာပါ။ မိခင်မှာ စိတ်ဖိစီးမှုကြောင့်ထွက်လာတဲ့ ကော်တီစောဟော်မုန်းက သန္ဓေသားရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။


အာဟာရပြည့်ဝစွာ စားသုံးပါ

          ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လ်စီယမ်၊ သံဓာတ်၊ အိုင်အိုဒင်းနဲ့ ဗီတာမင်တွေချို့တဲ့ပါက မွေးဖွားလာတဲ့ ကလေးငယ်က သင်ယူမှုအရည်အသွေးကျဆင်းပြီး စကားပြောနောက်ကျတာ၊ အပြုအမူဆိုင်ရာပြဿနာတွေဖြစ်တာ၊ ကြွက်သားတွေ ဖွံ့ဖြိုးမှုအားနည်းတာ၊ I.Q နိမ့်တာ စတာတွေ ဖြစ်ပွားနိုင်ပါတယ်။ ကလေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်ရာမှာ အိုင်အိုဒင်းဓာတ်မရှိမဖြစ် လိုအပ်ပါတယ်။ ကလေးငယ်ရဲ့ ခန္ဓာကိုယ်ကြီးထွားဖို့၊ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အောက်ဆီဂျင်သယ်ပို့ပေးရာမှာ လုပ်ဆောင်တဲ့ သွေးနီဥတွေ ထုတ်လုပ်ဖို့အတွက်လည်း သံဓာတ်မရှိမဖြစ် လိုအပ်ပါတယ်။


ဖောလစ်အက်စစ်လုံလောက်ပါစေ

          ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်စစ်ချို့တဲ့ပါက သန္ဓေသားရဲ့ အခေါင်းပါတဲ့ပြွန် (Neural Tube) က မပိတ်ဘဲ ကျန်တာမျိုးဖြစ်တတ်ပါတယ်။ ဖောလစ်အက်စစ်ချို့တဲ့တာကြောင့် Neural Tube က ချို့ယွင်းရင် ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းက ဖွဲ့စည်းပုံမှားယွင်းတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်စစ်မချို့တဲ့အောင် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက်၊ ပဲအမျိုးမျိုး၊ အချဉ်ဓာတ်ပါတဲ့ သစ်သီးတွေ၊ အသည်းစတာတွေကို စားသုံးပါ။ လိုအပ်ပါက ဖောလစ်အက်စစ်ကို ဖြည့်စွက်သောက်သုံးပါ။


ဗီတာမင် လုံလောက်ပါစေ

          ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင် D ချို့တဲ့တာကြောင့် သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သလို ကလေးငယ်မှာ မွေးရာပါပန်းနာရင်ကျပ်ရောဂါလည်း ပါလာနိုင်ပါတယ်။ ဗီတာမင် D ချို့တဲ့တဲ့ မိခင်က မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ ကျောင်းနေအရွယ်မှာ ပညာသင်ယူတဲ့အခါ အလွန်အမင်းခက်ခဲတာကို တွေ့ရပါတယ်။


အော်ဂဲနစ်နည်းပညာနဲ့ စိုက်ပျိုးထားတဲ့အစာတွေစားသုံးပါ

          ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ လေ့လာမှုအရ ကိုယ်ဝန်ဆောင်ချိန်မှာ အသီးအရွက်တွေ စိုက်ပျိုးရာမှာသုံးတဲ့ အောဂန်နိုဖောစဖိတ်ပိုးသတ်ဆေးနဲ့ ထိတွေ့တာကြောင့် မွေးလာတဲ့ ကလေးငယ်မှာ ဦးနှောက်ဉာဏ်ရည်ကို ထိခိုက်စေပါတယ်။ မိခင်စားသုံးလိုက်တဲ့ ဟင်းသီးဟင်းရွက်တွေမှာကပ်ပါလာတဲ့ ပိုးသတ်ဆေးတွေက သန္ဓေသားဆီ ရောက်ရှိနိုင်ပါတယ်။


အရက်သောက်သုံးခြင်း

          ကိုယ်ဝန်ဆောင်မိခင်တွေ အရက်သောက်သုံးပါက အချင်းကတစ်ဆင့် သန္ဓေသားဆီရောက်ပါတယ်။ မိခင်အရက်သောက်သုံးတာကြောင့် မွေးလာတဲ့ကလေးငယ်မှာ I.Q နိမ့်တာ၊ အာရုံစူးစိုက်နိုင်မှုမရှိတာ၊ တွေးခေါ်မှုအားနည်းတာ၊ မှတ်ဉာဏ်မကောင်းတာ၊ အပြုအမူပိုင်းဆိုင်ရာ လွဲချောတာ၊ ကြွက်သားတွေအားနည်းတာ စတာတွေဖြစ်နိုင်ခြေများပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အရက်အလွန်အကျွံသောက်သုံးပါက ကလေးငယ်မှာ ဦးနှောက်မဖွံ့ဖြိုးဘဲ ဦးခေါင်းပုံမှန်ထက် သေးနေတာ၊ ဗဟိုအာရုံကြောစနစ်ပျက်ယွင်းတာ စတာတွေ ဖြစ်နိုင်ပါတယ်။

Credit : ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18