Print

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

  08-Aug-2020
Preview Image

          ခန္ဓာကိုယ်တည်ဆောက်ပုံအရ ဆီးထုတ်ပြွန်ကြောင်းလမ်းကြောင်းဟာ ကျင်ကြီးစွန့်တဲ့ စအိုဝနဲ့ နီးစပ်နေတဲ့အတွက် ပိုးတွေက အများအားဖြင့် ဆီးထုတ်ပြွန်ကြောင်းအတွင်းထဲကို ဝင်တတ်တယ်။ အမျိုးသမီးတွေမှာ ဆီးထုတ်ပြွန်ကြောင်းတိုတဲ့အတွက် ဆီးလမ်းကြောင်းပိုးဝင်ခြင်းက ပိုပြီးအဖြစ်များပါတယ်။  အမျိုးသမီးတွေ သက်တမ်းတစ်လျှောက်မှာ အနည်းဆုံး တစ်ကြိမ်တော့ ဆီးလမ်းကြောင်းပိုးဝင်တာတွေ ဖြစ်နိုင်တယ်လို့ တွေ့ရှိမှုတွေရှိတယ်။ ပြွန်ကြောင်းနဲ့ ဆီးအိမ်ထဲကို ပိုးဝင်တာက ဆီးလမ်းကြောင်းအောက်ပိုင်းပိုးဝင်ခြင်း၊ ဆီးထွက်ပြွန်နဲ့ ကျောက်ကပ်ထဲကို ရောက်သွားရင်တော့ ဆီးလမ်းကြောင်းအပေါ်ပိုင်းပိုးဝင်ခြင်းလို့ အကြမ်းဖျင်းပြောနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာရှိတဲ့သူတွေကို ဆရာတို့က ဆီးပိုးဝင်ခြင်းလို့ သတ်မှတ်တယ်။


          ဆီးလမ်းကြောင်းထဲ ပိုးဝင်ရင် ဆီးသွားတဲ့အချိန်မှာ ဆီးသွားလမ်းကြောင်း ကျင်ငယ်လမ်းကြောင်းကနေ ကျဉ်မယ်၊ စပ်မယ်၊ အောင့်မယ်ဒါမျိုးတွေ ဖြစ်တတ်တယ်။ တချို့တွေက ဆီးသွားရတာမဝဘူး။ ဆီးကျန်တယ်လို့ ပြောတယ်။ ဆီးနည်းနည်းကို မကြာခဏသွားတယ်။ တချို့ဆို အိမ်သာထဲက ဆီးသွားပြီး ပြန်ထွက်လာချိန်မှာတောင် ဆီးသွားချင်စိတ်ပြန်ပေါ်တယ်။ ဆီးပြန်သွားတော့လည်း ဆီးက နည်းနည်းပဲထွက်တယ်။


          ဒါကတော့ တိတိကျကျပြောရင် ဆီးလမ်းကြောင်း အောက်ပိုင်းပိုးဝင်ခြင်းလက္ခဏာ (သို့မဟုတ်) ဆီးလမ်းကြောင်း ပိုးဝင်ခြင်းလက္ခဏာတွေပါ။

          ဆီးလမ်းကြောင်းရဲ့ အမြှေးပါးမှာ ကိုယ်ခံစနစ်က သွေးဖြူဥလေးတွေက စောင့်ပြီးတော့ ပိုးမွှားတွေကို တားဆီးထားတယ်။ ဝင်လာတဲ့ ပိုးကများတာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်က ကိုယ်ခံစနစ်က ကျတာပဲဖြစ်ဖြစ် ဥပမာ ဆီးချိုသမားတွေပေါ့။ ကိုယ်ခံစနစ်ကလည်း ကျတယ်၊ ဆီးကလည်းချိုနေတော့ ဘက်တီးရီးယားပိုးတွေတွယ်ဖို့ လွယ်တယ်။ ပြီးတော့ ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်ဖို့ လွယ်တယ်။ အဲ့လို ထိုးဖောက်ဝင်ရောက်တာကို ပြန်ကြည့်မယ်ဆိုရင် ဆီးလမ်းကြောင်း၊ မွေးလမ်းကြောင်း၊ စအိုဝတို့နဲ့ နီးစပ်နေတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး၊ လိင်အင်္ဂါသန့်ရှင်းရေးအားနည်းတဲ့သူများပေါ့၊ ဝမ်းသွားတဲ့အခါ ပါလာတဲ့ ပိုးတွေက ကျင်ကြောင်းကနေ ဆီးအိမ်ထဲကိုဝင်ပြီးတော့ ပိုးတွေ ပွားလာတဲ့အခါမှာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာတွေပေါ်လာတယ်။ အထူးသဖြင့် အမျိုးသမီးတွေ လစဉ်သွေးပေါ်တဲ့အချိန်တွေမှာ သန့်ရှင်းရေးအားနည်းတဲ့အခါ ပိုးတွေက ပွားဖို့လိုပါတယ်။ ပိုးတွေများများစားစားဆီးလမ်းကြောင်းအောက်ကနေ အပေါ်တက်လာတဲ့အခါမှာ ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ဖြစ်တယ်။ နောက်ပြီး လိင်ဆက်ဆံမှုများတဲ့သူတွေမှာလည်း ပိုဖြစ်တတ်တယ်။

 

         ဒီပိုးတွေက ခန္ဓာကိုယ်အတွင်းပိုင်းထဲကလာတာ မဟုတ်ဘူး၊ ခန္ဓာကိုယ်အပြင်ပိုင်းကနေဝင်ရတာဖြစ်တဲ့အတွက်ကြောင့် ကျင်ကြောင်းရှည်တဲ့သူတွေမှာ ဆီးကို မကြာခဏသွားတယ်ဆိုရင် ပိုးတွေက ဆီးအိတ်ထဲကို မရောက်ဘဲနဲ့ အပြင်ကို ပြန်ထွက်သွားနိုင်တယ်။ ကျင်ကြောင်းတိုတဲ့အမျိုးသမီးတွေမှာကျတော့ ဆီးအိတ်ထဲကို ပိုးတွေက ဝင်ပွားပြီးတော့ ဆီးအိတ်ရောင်တာဖြစ်ပြီး ဆီးလမ်းကြောင်းထဲပိုးဝင်တဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာတယ်။ နောက်ပြီး ကိုယ်ခံအားစနစ်ကျဆင်းတဲ့သူတွေမှာ ပိုးဝင်ရောက်မှု ပိုများတယ်။ နောက်တစ်ခုပိုပြီးဖြစ်တဲ့အထဲမှာ ဆီးလမ်းကြောင်းက အကြောင်းအမျိုးမျိုးကြောင့် ပိတ်ဆို့တာပေါ့။ အမျိုးသားတွေ အသက်ကြီးလာတဲ့အခါမှာ ဆီးကျိတ်က ပိုကြီးလာတယ်။ ဆီးအိတ်ရဲ့အဝမှာဖြစ်တဲ့ အတွက် ဆီးက ရှောရှောရှုရှုမထုတ်နိုင်ဘဲ ဆီးအိတ်ထဲမှာ ဆီးကကျန်နေတယ်။ အဲဒီအခါမှာ ပိုးကပွားနိုင်တယ်။ ဒီလိုပဲ ဆီးလမ်းကြောင်းမှာ ကျောက်တည်တဲ့သူတွေမှာ ဆီးကျန်တယ်ဆိုရင်လည်း ပိုးဝင်ရောက်ဖို့ အခွင့်အလမ်းပိုများတာကို တွေ့ရတယ်။


          မကုဖြစ်ဘူးဆိုရင် ဆီးပြွန်ကနေတစ်ဆင့် ကျောက်ကပ်အထိ ရောက်နိုင်တယ်။ အထူးသဖြင့် ဆီးလမ်းကြောင်းမှာ ကျောက်လိုတစ်ခုခုပိတ်ဆို့နေတာမျိုးဖြစ်တဲ့ လူတွေမှာ ဆီးလမ်းကြောင်းအထက်ပိုင်း ပိုးဝင်ခြင်းပိုဖြစ်နိုင်တယ်။ ကျောက်ကပ်ထဲကို ပိုးရောက်သွားပြီး ကျောက်ကပ်ရောင်တယ်၊ ကျောက်ကပ်ထဲမှာ ပြည်တည်မယ်၊ ဒါမျိုးဆိုရင်တော့ ချမ်းတုန်အဖျားကြီးပြီး ကယောင်ကတမ်းဖြစ်တယ်၊ သွေးဆိပ်တက်ခြင်း ဖြစ်နိုင်တယ်။ ဒါက ဆီးလမ်းကြောင်းအထက်ပိုင်း ပိုးဝင်တဲ့အခါမှာ တွေ့ရတဲ့ လက္ခဏာတွေပေါ့။

 

         လူနာတစ်ယောက်မှာ ခုနက ပြောတဲ့ ဆီးပိုးဝင်တဲ့ လက္ခဏာတွေလည်းရှိမယ်၊ စစ်လိုက်လို့ ဆီးမှာသွေးဖြူဥလေးတွေလည်း ရှိနေမယ်ဆိုရင် ဆီးပိုးဝင်တယ်လို့သတ်မှတ်လိုက်တာပေါ့နော်။ နောက်တစ်မျိုးကတော့ ဆီးပိုးမွေးတာပေါ့။ ဆီးစစ်တာက ပိုးဝင်တာပဲသိနိုင်မယ်၊ ဘယ်ပိုးကြောင့်ဘယ်ဆေးနဲ့ပျောက်မယ်ဆိုတာကို မသိနိုင်ဘူး။ ဆီးပိုးမွေးလိုက်တယ်ဆိုရင်တော့ ပါလာတဲ့ပိုးက ဘာအမျိုးအစားဖြစ်မလဲဆိုတာကို ဖော်ထုတ်နိုင်တဲ့အပြင် အဲဒီပိုးက ဘယ်ဆေးနဲ့ သေစေနိုင်လဲဆိုတာကို တစ်ခါတည်းသိနိုင်တယ်။


          အမျိုးသမီးဆိုရင် တစ်ကြိမ်ဝင်ရုံဆိုရင်တော့ ဆီးစစ်၊ ဆီးပိုးမွေး ပိုးသတ်ဆေးပေးပြီး ကုသလိုက်တယ်။ အမျိုးသားတွေဆိုရင်တော့ တော်ရုံတန်ရုံဆီးပိုးဝင်ဖို့က မလွယ်တဲ့အတွက် အမျိုးသားဆီးပိုးဝင်တယ်ဆိုရင်တော့ ဘာကြောင့်ပိုးဝင်ရသလဲဆိုပြီး ထပ်မံစစ်ဆေးပေးဖို့လိုတယ်။

   

       အမျိုးသမီးတွေကျတော့ ဆီးပိုးဝင်တယ်။ ဆေးသောက်တယ်၊ ပျောက်သွားတယ်။ နောက်တစ်လ၊ နှစ်လနေတော့ ပြန်ဖြစ်လာတယ်။ အဲ့လိုပြန်ဖြစ်လာတဲ့ အမျိုးသမီးတွေကိုလည်း ဆရာတို့က စမ်းသပ်စစ်ဆေးတယ်။


          ပိုးတွေကတော့ အများကြီးရှိပါတယ်။ အဖြစ်အများဆုံးကတော့ ဝမ်းထဲကနေလာတဲ့ ပိုးတွေဖြစ်တဲ့အတွက် E.coli (အီးကိုလိုင်) ပေါ့။ ဒီပိုးတွေက ဆီးလမ်းကြောင်းမှာ ၈၀ ရာခိုင်နှုန်းက အဲဒီပိုးကြောင့် ဖြစ်တယ်လို့သိရတယ်။

 

        ဘက်တီးရီးယားပိုးဟာ ပဋိဇီဝပိုးသတ်ဆေးပေးရင် ပျောက်ပါတယ်။ တစ်ခုရှိတာက ဝင်သွားတဲ့ပိုးဟာ ဆေးကိုနည်းနည်းလေးယဉ်နေတာ ဒါမှမဟုတ် ဆိးပိုးဝင်ထားသူကိုယ်တိုင်က ပိုးသတ်ဆေးတွေကို ဆေးပတ်လည်အောင် မသောက်ဘဲနဲ့ တစ်ရက်နှစ်ရက်သောက်ပြီး သက်သာပြီလုပ်လိုက်ရင်ပဲဖြစ်ဖြစ် တစ်ခါတစ်လေမှာ ပိုးသတ်ဆေးပေးတိုင်းလည်း မသက်သာတာတွေရှိတယ်။


          အဲ့လိုလူတွေကိုဆိုရင်တော့ ဆရာတို့က ပိုးမွေးပြီးတော့မှ တည့်မယ့်ဆေးကို ပြောင်းပေးရတာပေါ့။ နောက်ပိုင်းဆေးယဉ်ပါးခြင်းမဖြစ်အောင်တော့ ပိုးသတ်ဆေးတွေကို ကိုယ့်သဘောနဲ့ ကိုယ် မသောက်ဘဲနဲ့ ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း ဆေးပတ်လည်အောင် သောက်ဖို့လိုပါတယ်။


          ဆီးလမ်းကြောင်းထဲဝင်တဲ့ပိုးဟာ စအိုဝကနေလာတဲ့ပိုးဖြစ်တဲ့အတွက်ကြောင့် အလေးသွားပြီးတိုင်းရေသုံးတဲ့သူတွေက ရေနဲ့ ဆပ်ပြာသုံးပြီး သန့်ရှင်းရေးလုပ်သင့်တယ်။ တစ်ရှူးအသုံးပြုသူတွေမှာဆိုရင်လည်း အရှေ့ဘက်ကိုမသုတ်သင့်ဘဲ အနောက်ဘက်ကို သုတ်သင့်တယ်လို့ပြောတယ်။ ရေချိုးသန့်စင်တဲ့အခါမှာ စအိုဝန်းကျင်မှာ ပိုးတွေမကျန်ခဲ့အောင် သန့်ရှင်းရေးလုပ်ပေးသင့်တယ်။ ဒါကတော့ စအိုသန့်ရှင်းရေးပေါ့။ လိင်အင်္ဂါသန့်ရှင်းရေးကျတော့ အမျိုးသမီးတွေမှာ ဟော်မုန်းရှိတဲ့အတွက်ကြောင့် ဆီးလမ်းကြောင်းထဲကို ပိုးမဝင်အောင်တားဆီးတယ်။ ကာကွယ်ပြီးသားဖြစ်တယ်။ ဒါကြောင့် လိင်အင်္ဂါသန့်ရှင်းရေးလုပ်တဲ့အခါမှာ ရိုးရိုးသန့်တဲ့ရေနဲ့ သန့်စင်ပေးရင်ပဲ လုံလောက်တယ်လို့ ပြောနေတာတွေရှိတယ်။ တချို့က အသန့်လွန်ပြီး ဆပ်ပြာမှုန့်သုံးတာတွေရှိတယ်၊ အသန့်လွန်ရင်လည်း ကာကွယ်ထားတဲ့စနစ်တွေက ပျက်သွားပြီး ပိုတောင်ပိုးဝင်နိုင်တယ်။ ဒါကြောင့် လိင်အင်္ဂါသန့်ရှင်းတဲ့ နည်းစနစ်တွေက အရေးကြီးပါတယ်။

 

         ကိုယ့်ရဲ့ အိမ်ထောင်ဘက်ကနေဝင်လာတဲ့ ပိုးမဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ဝမ်းသွားပြီး ကျန်ခဲ့တဲ့ ပိုးတွေက လိင်ဆက်ဆံလိုက်တဲ့အချိန်မှာ ဝင်သွားတယ်။ ဒါကြောင့် အကြံပေးချင်တာက ဝမ်းသွားပြီး သန့်ရှင်းရေးက ပိုအရေးကြီးတယ်လို့ ပြောချင်ပါတယ်။ နောက်တစ်ခါလိင်ဆက်ဆံတဲ့အခါမှာ ဆီးကိုကြိုသွားထားပေးပါလို့ ဆရာတို့က အကြံပေးတယ်။ ပြီးတော့ အတူနေပြီး ဆက်ဆံပြီးကာစ ချက်ချင်းကြီးကို ဆီးသွားခြင်းမလုပ်ပါနဲ့လို့ မတော်တဆ ပွန်းပဲ့နိုင်တဲ့အတွက်ကြောင့် ပိုးဝင်နိုင်ခြေပိုများတယ်။ ဒါလေးတွေကို လိုက်နာတဲ့အတွက် ဆီးလမ်းကြောင်း မကြာခဏပိုးဝင်ခြင်းကို ကာကွယ်နိုင်တယ်။ နောက်တစ်ခုက ရေကိုခါတိုင်းထက်များများသောက်ပြီး ဆီးသွားချင်ရင် မအောင့်ထားဘဲနဲ့ ဆီးသွားပေးတာကြောင့် ဝင်ချင်တဲ့ပိုးလေးတွေက ဆီးသွားရင်းနဲ့ အပြင်ကိုထွက်သွားတဲ့အတွက် အကာအကွယ်ရတယ်။ နောက်ပြီး ခရင်ဘယ်ရီဖျော်ရည် ဒါမှမဟုတ် ခရင်ဘယ်ရီဆေးပြားကို သောက်သုံးပေးတာပေါ့။ သူက ပိုးဝင်နေတဲ့အချိန်မှာတော့ ဘာမှမတတ်နိုင်ဘူး။ မကြာခဏပိုးဝင်တဲ့သူတွေက ဒီဖျော်ရည်ကိုသောက်မယ်ဆိုရင် ပိုးလေးတွေက ဆီးလမ်းကြောင်းနံရံမှာ တွယ်ကပ်တာကို အခက်အခဲဖြစ်စေတာကြောင့် ဆီးပိုးဝင်ရောက်မှုကို ကာကွယ်ပေးနိုင်တယ်။ နောက်ပြီးတော့ အခုအချိန်မှာ ခရီးသွားတဲ့ရာသီဆိုတော့ ခရီးသွားကြတာများတယ်။ လမ်းခရီးမှာ အပေါ့အပါးသွားရတာက အဆင်မပြေတာမျိုး၊ တောထဲမှာသွားလိုက်ရတာမျိုးရှိတယ်။ မှာချင်တာက ဆီးသွားချင်ရင်သွားပါ။ ရေသန့်တာမရှိရင် ရေမသုံးဘဲ ပြန်လာခဲ့၊ ရေချိုးတဲ့အချိန်မှ သန့်ရှင်းရေးလုပ်ပါ။ ဒါမှမဟုတ်ရင် ဘယ်ကိုသွားသွား Wet Tissue ဆောင်ထားပြီး သန့်ရှင်းရေးလုပ်ပါလို့ မှာတယ်။ မသန့်တဲ့ရေနဲ့ သန့်ရှင်းရေးလုပ်ပြီး ဆီးပိုးဝင်တဲ့လက္ခဏာတွေဖြစ်လို့ လာပြတဲ့လူနာတွေလည်း တွေ့ရတယ်။


          ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ရေများများသောက်တာနဲ့ ပျောက်တယ်ဆိုပြီးတော့ မလုပ်သင့်ဘူး။ လိုအပ်တဲ့အချိန်မှာ ပဋိဇီဝဆေးဝါးသောက်သုံးဖို့လိုတယ်။ ဒါကို သတိမပြုမိဘဲနဲ့ နေရင်းနဲ့ ဆေးထိုးရတဲ့အခြေအနေကိုရောက်မယ်။ ပိုးက ဆီးလမ်းကြောင်းအပေါ်ပိုင်းကို ရောက်ခဲ့ရင် အခန့်မသင့်တဲ့အခါ ကျောက်ကပ်တောင်ဖြတ်ထုတ်လိုက်ရတဲ့အထိ ဖြစ်နိုင်တယ်။ အခြေအနေက ပိုဆိုးရင် သွေးဆိပ်တက်မယ်။ အဲဒီအခါ ကိုယ်ပူကြီးမယ်၊ အဖျားတွေကြီးမယ်။ ကယောင်ကတမ်းဖြစ်မယ်။ သွေးပေါင်တွေ အရမ်းကို ကျဆင်းသွားပြီး အသက်အန္တရာယ်ပါ ထိခိုက်နိုင်တယ်။ ကိုယ်ဝန်ဆောင်သည်တွေမှာ ပိုဂရုစိုက်ရမယ် ဆီးလမ်းကြောင်းထဲကို ပိုးဝင်ဖို့ အရမ်းလွယ်တယ်။ ဒါကြောင့် ဆီးပိုးဝင်တဲ့လက္ခဏာတွေ့ရင် ဆရာဝန်နဲ့ သေချာပြသင့်တယ်လို့ ပြောချင်ပါတယ်။

Credit : ဒေါက်တာ မိုးအောင်ကျော်နိုင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18