Print

ရာသီလာရင် ရေချိုးခေါင်းလျှော်လို့ရလား

  13-Jun-2020
Preview Image

          ငယ်ငယ်လေးကတည်းက ရာသီလာရင် ခေါင်းမလျှာ်ရဘူးဆိုတဲ့ အသိတစ်ခုက ကျွန်တော်တို့လူနေမှု အသိုင်းအဝိုင်းထဲမှာ အမြစ်တွယ်နေပါတယ်။ ဒါကို ကျွန်တော် စိတ်ဝင်စားတဲ့အတွက် ဆေးရုံမှာ ဆရာမတွေ၊ ဆရာဝန်တွေကို လိုက်မေးပါတယ်။ လျှော်ရင် ဘာလို့လျှော်တာလဲ၊ မလျှော်ရင် ဘာလို့မလျှော်တာလဲ မေးပါတယ်။ ဆရာဝန်၊ ဆရာမ ကျန်းမာရေးအသိုင်းအဝိုင်းထဲက တစ်ဝက်လောက်ကတောင် ဒါကို အမှန်ပဲလို့ ယူဆနေကြတယ်။ လျှော်လိုက်ရင် တစ်ခုခုဖြစ်သွားမယ်လို့ ထင်နေကြတယ်။ ဒီကိစ္စတွေကို စဉ်းစားကြည့်လိုက်တော့ စိတ်က အင်မတန်ထူးဆန်းတဲ့ သဘာဝရှိပါတယ်။


အယူအဆအမှားတွေက ကြာလာရင် အမှန်လို့ ထင်လာတတ်ကြတယ်။

          အယူအဆတစ်ခုက ဟုတ်တာဖြစ်စေ၊ မဟုတ်တာဖြစ်စေ နှစ်ပေါင်းများစွာကြာအောင် ဒါပဲလို့ ပြောပါများရင် အဟုတ်လို့ ထင်သွားတတ်ကြပါတယ်။ လူတွေရဲ့ သဘာဝပါ။ ကျွန်တော်တို့ဆီမှာ မဟုတ်တာတစ်ခုကို လက်ဆင့်ကမ်းပြီး ဟုတ်တယ်လို့ပြောရင်းက တကယ်ဟုတ်တယ်လို့ ယုံကြည်လာကြတယ်။


ယုံကြည်တဲ့အတိုင်းဖြစ်လာတယ်

          ယုံကြည်ရင် ဘာမဆိုဖြစ်လာကြတာပဲ။ ဒီနေ့ရာသီလာတယ်၊ ရာသီလာရင် ခေါင်းလျှော်ရင် တစ်ခုခုဖြစ်မှာပဲဆိုတဲ့ စိတ်နဲ့ ခေါင်းလျှော်ကြည့် တကယ်ဖြစ်မှာပဲ။ ကျွန်တော်တို့ဆီမှာ ပြောင်းလဲဖို့ဆိုရင် အတွေးအခေါ်အယူအဆတွေကို အရင်ဆုံးပြောင်းလဲရပါမယ်။ ရာသီလာတာနဲ့ ခေါင်းလျှော်တာက ဘာမှမဆိုင်ပါဘူး။ လူကြီးတွေက ဘာကြောင့်မှန်းမသိ အဲဒီလိုပြောထားတာတွေရှိပါတယ်။ ကိုယ့်စိတ်ထဲမှာယုံကြည်ရင် ယုံကြည်တဲ့အတိုင်း ဖြစ်တာပါ။ ခေါင်းလျှော်တယ် ဘာမှမဖြစ်ဘူးဆိုတဲ့သူလည်းရှိတယ်။ တချို့လည်း ဖြစ်မယ်လို့ယုံကြည်နေတော့ လျှော်လိုက်တာနဲ့ ဖြစ်တယ်လို့ ပြောတဲ့သူတွေလည်းရှိတယ်။ ဒါဆို ဘာကိုရွေးချယ်မလဲ။ ရာသီလာရင် စိတ်ရှုပ်နေတာဆိုတော့ ရေချိုးလိုက်၊ ခေါင်းလျှော်လိုက်ရင် လန်းသွားမယ်။ အဲဒီအချိန်မှာ ရေမချိုး၊ ခေါင်းမလျှော်ရင် ခေါင်းတွေယားပြီး ပိုစိတ်ရှုပ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ လူတစ်ယောက်စိတ်ညစ်နေရင် ဘာလုပ်မလဲဆိုရင် ဆရာတော်ရဝေနွယ်(အင်းမ) ရေးထားတာက စိတ်ညစ်ရင်ရေချိုးပါတဲ့။ ဒါကြောင့် ကိုယ့်ရဲ့စိတ်က အရေးကြီးပါတယ်။ စိတ်ကိုပြောင်းလဲလိုက်ပါ။ ရာသီလာတဲ့အချိန် ခေါင်းလျှော်ရင်ဘာဖြစ်သွားမယ်ဆိုတဲ့ သိပ္ပံနည်းကျပြောထားတာ မရှိပါဘူး။ ရေချိုးတဲ့အချိန်မှာ အမှားအယွင်းရှိသွားတာကြောင့်ပဲ ဖြစ်မှာပါ။


ကိုယ်ဝန်ဆောင်တွေ ညဘက်ရေချိုးလို့ရလား

          ကိုယ်ဝန်ဆောင်မိခင်တွေဆိုရင် ညနေစောင်းမှာ ရေမချိုးရဘူး။ ရေချိုးရင် ရေပေါင်တာ ဖြစ်တတ်တယ်ဆိုပြီး ပြောကြတာတွေရှိပါတယ်။ ညနေပိုင်း ရေချိုးရင်ဖြစ်နိုင်တာက နှစ်ခုရှိပါတယ်။ နေပူထဲက ပြန်လာပြီး အအေးမခံဘဲ ရေချိုးလို့ သေသွားတာဖြစ်နိုင်တယ်။ အေးတဲ့အချိန်မှာ ရေချိုးလို့ အအေးမိပြီး သေသွားတာ ဖြစ်နိုင်တယ်။ မြန်မာတွေက ရေမချိုးလို့ သေတာမရှိဘူး။ ရေချိုးလို့သေတာပဲရှိတယ်ဆိုပြီး ရေမချိုးလေကောင်းလေလို့ ပြောကြတာရှိပါတယ်။ ရိုးရိုးပြောရင် နားမထောင်မှာစိုးလို့ ညနေခင်းရေချိုးရင် ရေပေါင်တယ်ဆိုတော့ လူတွေကကြောက်သွားပြီး ရေမချိုးတော့ဘူး။ အဓိက ရေမချိုးစေချင်တာ။ ရေရှားတာကြောင့်လားမသိပါဘူး။ ဒီအတွေးအခေါ်အယူအဆအမှားတွေကို အတွေးအခေါ်အသစ်တွေ၊ အမှန်တွေနဲ့ ပြုပြင်ပြောင်းလဲရပါမယ်။


ရာသီမလာခင်ဖြစ်တတ်တဲ့ ဝေဒနာတွေက ဘယ်အရွယ်မှာ အဆိုးဆုံးခံစားရလဲ

          မိန်းကလေးတွေ ရာသီစလာတဲ့ အချိန်ကို မီနာခီလို့ ခေါ်ပါတယ်။ အပျိုဖော်ဝင်တဲ့အရွယ်ပေါ့။ အများစုက ၁၀ နှစ်နဲ့ ၁၅ နှစ် ကြားထဲမှာ ဖြစ်လေ့ရှိတယ်။ ပျမ်းမျှအသက်ကတော့ ၁၃ နှစ်၊ ၁၄ နှစ်လောက်ပေါ့။ သွေးဆုံးချိန်ကိုတော့ Menopause လို့ ခေါ်ပါတယ်။ ရာသီလုံးဝမပေါ်တော့ပါဘူး။ မြန်မာနိုင်ငံမှာဆိုရင်တော့ အသက် ၄၅ နှစ်နဲ့ ၅၀ နှစ်ကြားပေါ့။ ရာသီမလာခင်တစ်ပတ်၊ နှစ်ပတ်အလိုမှာ ခံစားရတာတွေကို Premenstrual Syndrome လို့ ခေါ်ပါတယ်။ အဲဒီအချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေအများကြီးဖြစ်ပါတယ်။ အဲဒါကို ခန္ဓာကိုယ်က တုံ့ပြန်တာမတူလို့ ဖြစ်ရတာပါ။ ဘာကြောင့် ဖြစ်တယ်ဆိုတာကိုတော့ ဘယ်သူမှ သေချာမသိပါဘူး။ သီအိုရီတွေပါပဲ။ ဒါပေမယ့် သေချာတစ်ခုကတော့ ဟော်မုန်းတွေကြောင့်ပါဘဲ။ ဒီဟော်မုန်းတွေ လုံးဝမထွက်တော့ဘူး သွေးဆုံးပြီဆိုရင် ဒီဝေဒနာတွေလည်း လုံးဝပျောက်သွားပါတယ်။ သဘာဝအတိုင်း သွေးဆုံးတာ ရှိသလို၊ တချို့လည်း ရောဂါကြောင့် သားဥအိမ်တွေ ခွဲစိတ်ဖယ်ရှားလိုက်တာကြောင့်လည်း သွေးဆုံးပါတယ်။ Surgical Menapause လို့ခေါ်ပါတယ်။ တချို့လည်း ဆေးတွေနဲ့ ရာသီမလာအောင် Menopause လုပ်လိုက်ရင်လည်း ဒီဝေဒနာတွေ ပျောက်သွားပါတယ်။ တရားခံက သားဥအိမ်ကထွက်တဲ့ ဟော်မုန်းတွေကြောင့်လို့ စွပ်စွဲထားပါတယ်။ ဘယ်အချိန်မှာ ဒါတွေ အများဆုံးဖြစ်သလဲဆိုတာကို သုတေသနတွေ လုပ်ကြည့်တဲ့အခါ ဟော်မုန်းတွေ စပေါ်လာတဲ့အချိန်ကနေ ပျောက်သွားတဲ့အချိန်အထိ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဖြစ်အများဆုံးအရွယ်ကတော့ အသက် ၃၀ ကနေ ၄၀ ကြားအရွယ်တွေပါ။


သားအိမ်ထဲက အသားလုံး

          သားအိမ်ထဲမှာ အသားလုံးအဖြစ်အများဆုံး ဆိုတဲ့ခေါင်းစဉ်နဲ့ ကျွန်တော်စာရေးဖူးပါတယ်။ မိန်းကလေးတွေတော်တော်များများမှာ ဖြစ်ပါတယ်။ ဘယ်လောက်တောင်ဖြစ်လဲဆိုရင် မိန်းကလေးတွေကို အာထရာဆောင်းရိုက်မယ်ဆိုရင် နှစ်ယောက်သုံးယောက်မှာ တစ်ယောက်တွေ့နိုင်လောက်အောင်ကို အဖြစ်များပါတယ်။ သားအိမ်ရဲ့နံရံမှာဖြစ်တဲ့ အလုံးလေးတွေပါ။ ဘာကြောင့်ဖြစ်လဲဆိုတာ ဘယ်သူမှမသိဘူး။ ဖြစ်ချင်တဲ့သူဖြစ်တာပဲ။ အရမ်းစိတ်မပူရဘူး။ ကင်ဆာမဟုတ်ဘူး။ ကင်ဆာအဖြစ်ကို မပြောင်းတတ်ဘူး။ ဒါပေမယ့် ပြဿနာလေးတွေဖြစ်တတ်ပါတယ်။ ရာသီလာရင်ကိုက်ခဲတာတွေဖြစ်တယ်။ ရာသီသွေးတွေအများကြီးဆင်းတယ်။ တစ်ခါတစ်လေ အဲဒီအလုံးတွေက ကြီးလာပြီး ဗိုက်မှာအလုံးပေါ်လာတယ်။ အဲဒီအလုံးတွေက ဟိုဖိဒီဖိ ဖိလို့ ဆီးအိမ်သွားဖိလို့ ဆီးခဏခဏသွားချင်တာ၊ ဆီးပေါက်တဲ့အပေါက်ကို ဖိလိုက်လို့ ဆီးသွားမရလို့ အော်ဟစ်ပြီး ဆေးရုံရောက်လာတာတွေ ရှိပါတယ်။


          အများစုကတော့ ဘာမှ ဒုက္ခမပေးရင် ဘာမှလုပ်စရာမလိုပါဘူး။ ဒါပေမယ့် ဒုက္ခပေးလာပြီဆိုရင်တော့ ဆေးကုဖို့လိုပါတယ်။ ဒုက္ခပေးတယ်ဆိုတာ ကိုက်ခဲတယ်၊ သွေးတွေအများကြီးဆင်းတယ်ဆိုရင် ဆေးတွေပေးပြီး ကုလို့ရပါတယ်။ ဒါပေမယ့် ဒုက္ခပေးလာပြီဆိုရင် အဲဒီအလုံးကို ခွဲပြီး ကုရပါတယ်။ ခွဲကုတာမှာ နှစ်မျိုးရှိတယ်။ လုံးဝအရှင်းပျောက်ချင်တယ်ဆိုရင် သားအိမ်ပါ ခွဲထုတ်လိုက်တာ၊ ပြန်မဖြစ်တော့ဘူး၊ ဒါပေမယ့် ရာသီမလာတော့ဘူး။ ကလေးလည်း မရတော့ဘူးပေါ့။ အဲဒါတွေက အသက်လည်းကြီးပြီ၊ ကလေးလည်း မရဘူးဆိုရင် ဒီနည်းလုပ်ပေါ့။ အသက်လည်းငယ်တယ်၊ ကလေးလည်း မရဘူးဆိုရင် အလုံးလေးပဲ ခွဲထုတ်လိုက်တယ်ဆိုရင် သားအိမ်ကကျန်ခဲ့တယ်။ ရောဂါအလုံးကြီးပျောက်သွားတယ်။ ရာသီလာမယ်၊ ကလေးရနိုင်တယ်။ ချက်ချင်းတော့ယူလို့မရဘူး။ ခြောက်လလောက်စောင့်ရတယ်။ ဒါပေမယ့် ပြန်ဖြစ်တတ်တယ်။


          သားအိမ်အလုံးပြန်မဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဘယ်သူမှ မသိဘူး။ ဖြစ်ချင်ရင်ဖြစ်မှာပဲ။ မဖြစ်ချင်ရင် မဖြစ်ဘူး။ ဒါကြောင့် အဲဒီအလုံးတွေ ခွဲထုတ်မယ်ဆိုရင် ကျွန်တော်တို့က အမြဲရှင်းပြရပါတယ်။ ဒီအလုံးတွေ ထုတ်မယ်ဆိုရင် သားအိမ်ကျန်ခဲ့တဲ့အတွက် ကလေးရနိုင်တယ်။ ဒါပေမယ့် ပြန်ဖြစ်နိုင်တယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူပါဘူး။ ပြန်မဖြစ်အောင် ဘယ်လိုမှ မကာကွယ်နိုင်ဘူး။ ဘယ်ဟာစားရမယ်၊ ဘယ်ဟာမစားရဘူးဆိုတာလည်းမရှိဘူး။ ကံပဲ။ ဘုရားရှိခိုး၊ ဆုတောင်းပဲ ပြောရမှာပဲ။

 

         အလုံးကပြန်ဖြစ်လာတယ်။ ထပ်မခွဲချင်ဘူးဆိုရင် အခုခေတ်မှာ ဆေးတွေအမျိုးမျိုးပေါ်လာပါတယ်။ ရာသီလာတာနည်းအောင်၊ ကိုက်တာသက်သာအောင်ပေးတဲ့ဆေးတွေရှိသလို အလုံးကြီးကိုသေးအောင် ပေးတဲ့ဆေးတွေလည်း ရှိပါတယ်။ ဒီအလုံးရှိရဲ့သားနဲ့ ကလေးလည်း ရနိုင်တဲ့ ဆေးအသစ်တွေလည်းပေါ်နေပါပြီ။ ဒါမျိုးကိုတော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေသေချာချာတိုင်ပင်ဖို့ လိုပါတယ်။

Credit : ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18