Print

မီးယပ်သွေးဆုံးခြင်း

  09-Jul-2019
Preview Image

          သွေးဆုံးခြင်း (Menopause) သည် ရောဂါတစ်ခုမဟုတ်ပေ။ မျိုးပွားနိုင်မှု သို့မဟုတ် သားသမီးရနိုင်မှု ရပ်ဆိုင်းသွားသည့် အဓိပ္ပာယ်သာ ဖြစ်သည်။ မီးယပ်သွေးဆုံးခြင်းသည် ရုပ်ပိုင်းဆိုင်ရာလက္ခဏာများနှင့် တွဲဖက်ကြုံတွေ့ရတတ်သည်။ ပူလောင်သည့်ဝေဒနာ၊ ညအချိန် ချွေးအလွန်အကျွံထွက်ခြင်း စသည့် လက္ခဏာများ မြင်တွေ့ရတတ်သည်။ ဘဝအစိတ်အပိုင်းတစ်ခု၏ နိဒါန်းသစ်ဟု ဆိုနိုင်သည်။

 

         မီးယပ်သွေးဆုံးခြင်းသည် အဓိကအားဖြင့် အသက်အရွယ်ကြောင့်ဖြစ်သည်။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ မမျိုးဥအိမ်၏ လုပ်ငန်းများ တဖြည်းဖြည်းယုတ်လျော့လာရာမှ နောက်ဆုံးတွင် ရပ်တန့်သွားခြင်း ဖြစ်သည်။ ဆေးဝါးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုကြောင့် မီးယပ်သွေးဆုံးခြင်း ဖြစ်နိုင်သည်။ မမျိုးဥအိမ်အား ခွဲစိတ်ဖြတ်တောက်ခြင်း၊ ကင်ဆာဆေးဝါးများ မှီဝဲသုံးစွဲရခြင်း၊ ဆီးခုံပိုင်းအား ဓာတ်ရောင်ခြည် ကုသခြင်း စသည်တို့သည် မီးယပ်သွေးဆုံးခြင်းကို ဖြစ်စေသည်။ သားအိမ်ခွဲစိတ်ဖြတ်ထုတ်သဖြင့် မီးယပ်သွေးဖြစ်စဉ် မရှိတော့သော်လည်း ဟော်မုန်းများ၏ သဘောသဘာဝအရ ပြောင်းလဲသွားခြင်း မရှိပေ။


          မီးယပ်သွေးဆုံးခြင်းကို ပျှမ်းမျှအားဖြင့် ၅၁ နှစ်အရွယ်တွင် တွေ့ရသည်။ အများအားဖြင့် ၄၅ နှစ်နှင့် ၅၅ နှစ်ကြား ဖြစ်သည်။ အစောဆုံး အသက် ၄၀ နှင့် နောက်အကျဆုံး အသက် ၆၀ ထိ ဖြစ်နိုင်သည်။ စီးကရက်သောက်သူ အမျိုးသမီးများအဖို့ အချိန်စော၍ မီးယပ်သွေးဆုံးလေ့ရှိသည်။ သွေးမပေါ်ခြင်း ၁၂ လ ဆက်တိုက်ရှိခဲ့ပြီဆိုလျှင် မီးယပ်သွေးဆုံးပြီဟု မှတ်ယူနိုင်ပါသည်။


          သွေးဆုံးသည့် အတွေ့အကြုံနှင့် ခံစားရမှုသည် အမျိုးသမီးများကြား ကွဲပြားမှုများစွာရှိသည်။ တချို့သည် မီးယပ်သွေးဆုံးကာလကို မသိမသာ (အေးဆေးစွာ) ကျော်ဖြတ်သွားနိုင်ကြသည်။ သို့သော် တချို့အမျိုးသမီးများသည် အခက်အခဲများစွာကို ရင်ဆိုင်ကြရတတ်သည်။ မီးယပ်သွေးဆုံးခါနီးတွင် သွေးပေါ်ခြင်းမှာ မှန်ကန်မှုမရှိတော့ပေ။ အချိန်စောခြင်း သို့မဟုတ် နောက်ကျခြင်း ဖြစ်နိုင်သည်။ သွေးဆင်းသည့် ပမာဏနည်းခြင်း သို့မဟုတ် လွန်ကဲခြင်းသည် ဖြစ်နိုင်သည်။


          မီးယပ်သွေးဆုံးချိန်ကာလတွင် ပူလောင်သည့် ဝေဒနာခံစားကြရလေ့ရှိသည်။ အထူးသဖြင့် မျက်နှာနှင့် လည်ပင်းတို့တွင် အဖြစ်များသည်။ ရင်ဘတ်၊ လက်နှင့် နောက်ကျောတို့တွင် အရေပြားနီရဲမှုဖြစ်တတ်သည်။ ချမ်းလိုက်၊ ပူလိုက် ဝေဒနာမျိုး ခံစားရတတ်သည်။ ချွေးအလွန်အကျွံ ထွက်တတ်သေးသည်။ ပါးလွှာသော အဝတ်အစားများ ဝတ်ဆင်ခြင်း၊ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း၊ ပန်ကာလေခံခြင်း၊ ဖီစီးမှုနည်းစေခြင်း၊ အပူအစပ်များ စားသုံးမှုမှ ရှောင်ခြင်း စသည်တို့ဖြင့် ဝေဒနာကို လျော့နည်းသက်သာစေနိုင်သည်။


          ပူလောင်မှုဝေဒနာသည် ညပိုင်း၌ ဖြစ်လေ့ရှိသဖြင့် ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်စေရန် အောက်ပါအချက်အလက်များကို လိုက်နာသင့်သည်။

·         အိပ်ခန်းတွင် ပန်ကာထားပေးပါ။

·         အိပ်ရာဝင်ရာတွင် ပေါ့ပါးသော အဝတ်အစားများသာ ဝတ်ဆင်ပါ။ ချည်ထည်များ ဖြစ်ပါစေ။

·         မျက်နှာအား ရေအေးအဝတ်ဖြင့် သန့်ရှင်းပေးပါ။ ပူလောင်မှု ခံစားရလျှင် အသုံးပြုရန် အသင့်ရှိပါစေ။

·         သက်သောင့်သက်သာရှိသော အိပ်ရာဖြစ်ပါစေ။

·         အိမ်မွေးတိရစ္ဆာန်များကို အိပ်ရာ သို့မဟုတ် အိပ်ခန်းတွင် မထားရပါ။

 

Credit: ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18