Print

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

  08-May-2019
Preview Image

          အမျိုးသမီးအားလုံးရဲ့ မရှိမဖြစ် မိတ်ဆွေစာရင်းထဲမှာ ဖောလစ်အက်ဆစ်နဲ့ သံဓာတ်တို့ဟာ ထိပ်ဆုံးကနေ ပါဝင်ပါတယ်။ သွေးအားကောင်းစေဖို့ သံဓာတ်ဟာ အရေးပါသလို ကိုယ်ဝန်ဆောင်ချိန်အတွက်လည်း ဖောလစ်အက်ဆစ်ဟာ အရေးကြီးပါတယ်။ မိခင်တစ်ယောက်ကို ကိုယ်ဝန်မရှိခင်အချိန်၊ ရှိနေတဲ့အချိန်နဲ့ ရှိပြီးတဲ့ အချိန်တိုင်းမှာ ကျန်းမာနေစေသလို ကလေးကိုလည်း ဖွံ့ဖြိုးစေတဲ့ ဗီတာမင် ဘီ (Vitamin B) ဟာ ဖောလစ်အက်ဆစ်ပါပဲ။ ကိုယ်ဝန်ဆောင်မိခင်များအနက် ၅၀ ရာခိုင်နှုန်းဟာ ကြိုတင်စီစဉ်မထားသေးဘဲ ရသွားတာဖြစ်တဲ့အတွက် သန္ဓေသားမှာ ဖောလစ်အက်ဆစ် ချို့တဲ့ကောင်း ချို့တဲ့နေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတိုင်း အထူးသဖြင့် အိမ်ထောင်ရှိတဲ့ အမျိုးသမီးတိုင်းဟာ ဖောလစ်အက်ဆစ် မချို့တဲ့အောင် နေထိုင်စားသောက်ဖို့ အရမ်းအရေးကြီးပါတယ်။


          သဘာဝအတိုင်းရတဲ့ အစားအသောက်တွေထဲမှာ တွေ့ရတာကို ဖောလိတ် Folate လို့သတ်မှတ်ပြီး ဖောလစ်အက်ဆစ် Folice Acid ဆိုတာကတော့ ဖြည့်စွက်အားဆေးအနေနဲ့သုံးဖို့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီပုံစံနှစ်ခုစလုံးဟာ ရေထဲမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်တွေဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေကြီးထွားမှု အရမ်းမြန်လာတဲ့အခါ ဖောလစ်အက်ဆစ်ကို လိုအပ်လာပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်၊ ကြီးထွားချိန်နဲ့ ကင်ဆာကို ကာကွယ်ဖို့အတွက်ဆိုရင် ပိုပြီးလိုအပ်ပါတယ်။ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေ ကောင်းမွန်ဖို့ လိုအပ်သလို စိတ်ခံစားမှု၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း ဖောလစ်အက်ဆစ်ဟာ အရေးပါတဲ့နေရာမှာ ပါဝင်ပါတယ်။ ဗီတာမင်ဘီ ၁၂ (Vitamin B12) နဲ့ ပေါင်းပြီး သွေးဆဲလ်တွေ ဖြစ်ပေါ်လာအောင် ခန္ဓာကိုယ်ထဲမှာ သံဓာတ်တွေ အလုပ်ကောင်းကောင်း လုပ်နိုင်အောင် ကူညီပေးပါတယ်။ အစားစားချင်စိတ်ကို တိုးလာစေပြီး အစာအိမ်နံရံကနေ အစာခြေတဲ့ အက်ဆစ်တွေ ထွက်တာကိုလည်း များလာစေပါတယ်။

          အသည်းကို ကျန်းမာစေဖို့၊ အရေပြားမှာ ပြဿနာ တစ်စုံတစ်ရာမရှိဘဲ ကျန်းမာစေဖို့ ထိန်းထားပေးပါတယ်။ အူထဲရှိ ကပ်ပါးကောင်များ အန္တရာယ်နှင့် အစာအဆိပ်သင့်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ နှလုံးကြွက်သားကို အန္တရာယ်ပေးနိုင်တဲ့ Homocysteine တွေကို ဖယ်ထုတ်တဲ့နေရာမှာ ကူညီပေးသလို နှလုံးကြွက်သားကို အဆီတွေ လာစုတာကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ အဆုတ်၊ အူနဲ့ သားအိမ်ခေါင်းကင်ဆာ တို့ကိုတောင် ကာကွယ်ပေးနိုင်တာတွေ့ရပါတယ်။


          များသောအားဖြင့်တော့ အစိမ်းရင့်ရောင်အရွက်တွေ၊ ပဲအမျိုးမျိုး၊ လိမ္မော်သီး၊ လိမ္မော်ရည်၊ ကညွှတ်၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ အသည်း၊ သင်္ဘောသီး၊ ငှက်ပျောသီး၊ ခရမ်းချဉ်သီးတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ အရည်ရွှမ်းတဲ့ အသီးတွေ၊ ကောက်ပဲသီးနှံ၊ အသားအမျိုးမျိုးမှာလည်း ဖောလစ်အက်ဆစ် ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဟာ အစားကနေရတဲ့ ဖောလိတ်အားလုံးကို အသုံးပြုလို့ရတဲ့ ဖောလစ်အက်ဆစ်အဖြစ် ပြန်မပြောင်းနိုင်ပါဘူး။ ဒါ့ကြောင့် အမျိုးသမီးတစ်ယောက်ဟာ ဖောလိတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ပြည့်စုံစွာစားနေရင်တောင်မှ ဖောလစ်အက်ဆစ်ကို ဖြည့်စွက်သောက်ပေးသင့်ပါတယ်။

 

         Folic Acid ချို့တဲ့ရင် အာခေါင်ကွဲခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ မွေးရာပါ ကျောရိုးဆစ်ဖုခြင်း စတဲ့ Neural Tube Defect (NTD) နဲ့ မွေးဖွားလာတာကို တွေ့ရပါတယ်။ ဒီလိုမျိုး ချို့ယွင်းမှုဟာ သန္ဓေအောင်ပြီး ၁၈-၃၀ ရက်အတွင်းတည်းက ဖြစ်သွားတာကြောင့် မိခင်ဖြစ်သူဟာ သူ့ကိုယ်သူ ကိုယ်ဝန်ရှိမှန်း သေသေချာချာ မသိသေးခင်ကတည်းက ကလေးလေးဟာ (NTD) ကို လက်ခံရရှိပြီး ဖြစ်နေပါတယ်။ အမျိုးသမီးရဲ့ ကိုယ်ထဲမှာ ဖောလိတ် လုံလုံလောက်လောက်ရှိမနေတဲ့အတွက် ပြဿနာဖြစ်ရတာပါ။ ဒါ့ကြောင့် အမျိုးသမီး တစ်ယောက်ဟာ ကိုယ်ဝန်မဆောင်ခင်ကတည်းက ဖောလိတ်ကြွယ်ဝတဲ့ အစားအသောက်တွေ စားသောက်ဖို့ လိုတဲ့အပြင် ဗီတာမင် များစွာပါတဲ့ ကိုယ်ဝန်ဆောင် အားဆေးတွေကိုလည်း ကြိုသောက်ဖို့လိုပါတယ်။

     

     ဖောလစ်အက်ဆစ်ဟာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါပြီး အထူးသဖြင့် ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေ ကွဲပြီးပွားများဖို့အတွက် မရှိမဖြစ်ကို လိုအပ်ပါတယ်။ ဆဲလ်ကွဲပြားတဲ့ ဖြစ်စဉ်ဟာ ခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာ ဖြစ်နေတဲ့အတွက် ဖောလစ်အက်ဆစ် အလုပ်လုပ်နေတဲ့နေရာဟာ တစ်ကိုယ်လုံးမှာလို့ ပြောလို့ရပါတယ်။ ဖောလစ်အက်ဆစ်ဟာ ဗီတာမင်ဘီ ၁၂ (Vitamin B12) ၊ ဗီတာမင်စီ (Vitamin C) တို့နဲ့ ပူးပေါင်းပြီး ခန္ဓာကိုယ်ကနေ အသုံးပြုမယ့် ပရိုတင်းတွေကို ချေဖျက်ဖို့၊ အသုံးပြုဖို့ လိုအပ်လာတဲ့အချိန်မှာ ပရိုတင်းတွေ အသစ်ပြန်ဖွဲ့ဖို့အတွက် အတူတကွ အလုပ်လုပ်ပါတယ်။ ဖောလစ်အက်ဆစ်ဟာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်း၊ အခြေအနေတိုင်းအတွက် အရေးကြီးနေပါတယ်။

  

        အထူးသဖြင့် ဆဲလ်တွေကွဲပြီး ပွားချိန်ဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်၊ ကြီးထွားချိန်တွေမှာ ပိုပြီး လိုအပ်နေပါတယ်။ ဖောလစ်အက်ဆစ်ဟာ ခန္ဓာကိုယ်မှ တည်ဆောက်မယ့် ပရိုတင်းတွေဖြစ်ပေါ်တဲ့နေရာမှာ အရမ်းအရေးကြီးတဲ့နေရာကနေ ပါဝင်ပါတယ်။ ဖောလစ်အက်ဆစ်ဟာ မွေးရာပါ ရောဂါတချို့ကို ကာကွယ်နိုင်သလို နှလုံးရောဂါ၊ ကင်ဆာရောဂါတို့ကိုလည်း ကာကွယ်နိုင်ပါတယ်။ ဖြည့်စွက်အားဆေးကို ဖောလစ်အက်ဆစ် ချို့တဲ့နေတဲ့ ရောဂါတွေကို ကုသတဲ့နေရာမှာ သုံးကြသလို မီးယပ်နှင့်ပတ်သက်တဲ့ ရောဂါတွေ၊ ခြေထောက်မှာဖြစ်တဲ့ အနာတွေအတွက်လည်း အသုံးပြုကြပါတယ်။ တစ်သျှူးတွေ ကြီးထွားအောင်၊ ဆဲလ်တွေရဲ့ လုပ်ဆောင်မှုကောင်းမွန်အောင် ကူညီပေးပါတယ်။ လိုအပ်လာတဲ့အချိန်မှာ အစာစားချင်စိတ်ကို တိုးလာစေသလို အစာချေတဲ့ အက်ဆစ်တွေ ဖြစ်ပေါ်လာဖို့လည်း လှုံ့ဆော်ပေးပါတယ်။

   

       ကိုယ်ဝန်ဆောင်သည် မိခင်တစ်ယောက်အနေနဲ့ သူကိုယ်တိုင်အတွက်ရော ကလေးငယ်လေးအတွက်ပါ ဖောလစ်အက်ဆစ်ကို မရှိမဖြစ် လိုအပ်ပါတယ်။ မမွေးသေးတဲ့ ကလေးငယ်လေးနဲ့ အချင်း (Placenta) လျင်လျင်မြန်မြန်ကြီး ထွားဖို့အတွက် အခြေခံကျကျ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲရှိနေတဲ့ အမျိုးသမီးတွေအတွက် ဗီတာမင်ဘီ အုပ်စုဝင်ဖြစ်တဲ့ Biotin ၊ B12 တို့နဲ့ တွဲပြီးပေးရင် မျိုးပွားအင်္ဂါတွေ အလုပ်လုပ်နိုင်လာပါတယ်။ ဖောလစ်အက်ဆစ်သာမလုံလောက်ရင် ဆဲလ်တွေကွဲပြားတဲ့နေရာမှာ ယိုယွင်းလာပြီး သန္ဓေသားနဲ့ အချင်းဖွံ့ဖြိုးမှု နှေးကွဲလာပါတယ်။ ဖောလစ်အက်ဆစ်ကို လုံလုံလောက်လောက်သုံးစွဲတာဟာ မွေးရာပါရောဂါတော်တော်များများကို ကာကွယ်နိုင်တာ တွေ့ရပါတယ်။ အထူးသဖြင့် Neural Tube Defect ဖြစ်တဲ့ အာခေါင်ကွဲခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ မွေးရာပါကျောရိုးဆစ်ဖုခြင်း စတဲ့ ရောဂါတွေ ကာကွယ်နိုင်ပါတယ်။ ဒါ့ကြောင့် မိဘနှစ်ဦးအနက် တစ်ယောက်ယောက်မှာ မွေးထားတဲ့ သားချင်းတစ်ယောက်ယောက်မှာ Neural Tube Defect ရှိဖူးရင် သတိထားရပါတယ်။ ပုံမှန်အမျိုးသမီးတစ်ယောက်အတွက် ဖောလစ်အက်ဆစ် ဝ.၅ မီလီဂရမ်လောက်သာ လိုအပ်ပေမယ့် ဒီလိုမိခင်မျိုးကတော့ တစ်နေ့ကို ငါးမီလီဂရမ်လောက်အထိ သောက်ပေးရပါတယ်။

         

Credit: နှင်းနုလွင် (ဆေးဝါး)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18