Print

ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့

  06-May-2019
Preview Image


သမီးလေး “ပန်းဖြူဖွေး” . . .

ဦးဦး အရင်တစ်ပတ်တုန်းက မေးခဲ့တဲ့ သတို့သားထွက်ပြေးရတဲ့ အကြောင်းရင်းကို သိသွားပြီလား။ သတို့သားကတော့ မနက်မိုးလင်း အိပ်ရာကနိုးနိုးချင်း အိပ်ရာခင်းမှာ ဘာတွေများ ပေကျံနေမလဲဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ ကြည့်တာပေါ့။ အနီရောင်သွေးစက်ကလေးတွေကို တွေ့မြင်လိုက်ရရင် “ငါကွ” လို့ လက်ခမောင်းခတ် . . . အပျိုစင်စစ်စစ်လေးရဲ့ အပျိုမြှေးကို မင်္ဂလာဦးညမှာ အောင်မြင်စွာ ဖောက်ခွဲနိုင်တဲ့ ကံထူးရှင် “ယောကျ်ားဘသား . . . ကျားဆိုမှကျား” ဆိုတဲ့ စကားကို ကျားစိတ်ကျားမာန် အပြည့်နဲ့ ကြွေးကြော်ဟစ်ကြွေးနိုင်ပြီ။


အခုလည်း သူတွေ့တော့တွေ့သွာပဲ ဒါပေမယ့် . . .

“ဟာ . . . ဒုက္ခပါပဲ။ ငါတော့ လက်လွန်ပါပြီ။ သတို့သမီးတော့ သည်းခြေအိတ်တောင်ပေါက်ထွက်သွားပြီကော။ ငါတော့ လူသတ်တရားခံ ဖြစ်ပါပြီ။ ပြေးမှ” . . . ရယ်လို့ အလန့်တကြားနဲ့ ရေရွတ်ပြီးပြေးလိုက်တာ တစ်ချိုးတည်းပဲတဲ့ကွယ်။

 သူလန့်မယ်ဆိုလဲလန့်ချင်စရာ . . . အိပ်ရာခင်း ဖြူဖြူပေါ်မှာ သူတွေ့လိုက်ရတာဟာ အနီရောင်သွေးမဟုတ်ဘဲ အစိမ်းရောင်တွေ ဖြစ်နေတာကိုး။ ဟုတ်တယ်လေ သမီးပဲစဉ်းစားကြည့်စမ်း . . . အပျိုမြှေးလောက်ပဲပေါက်ရင် အနီရောင်ပဲတွေ့ရမယ့်ကိစ္စ။ အခု အစိမ်းရောင်အရည်တွေကို တွေ့လိုက်ရတာဆိုတော့ သူ လက်လွန်ခြေလွန်တွေ ဖြစ်ပြီး သည်းခြေအိတ် ပေါက်ထွက်တဲ့ထိဖြစ်ပြီး . . . သည်းခြေရည် အစိမ်းရောင်တွေ ပေါက်ထွက်လာတယ်လို့ပဲ သူထင်မိသွားတာပေါ့ကွယ်။


တစ်ခုလေးပဲနည်းနည်းလွဲသွားတာပါ . . . ။ သတို့သမီးရဲ့အမေက သူ့သမီးကိုပေးလိုက်တာ မင်အနီဘူးအစား မင်အစိမ်းရောင်ဘူးကို ဘူးချင်းမှားပြီး ပေးမိသွားတာကြောင့်ပဲ ဖြစ်တယ်။

 

ကိုင်း . . .  သမီးရေ . . .

 အခု “ဗညား” နဲ့ “ချိုသဲ” တို့ရဲ့ ဖြစ်ရပ်ကလေးကို ကြည့်စမ်း . . .  အစွဲအလမ်းဆိုတာတွေဟာ ဘယ်လောက်တောင်ကြောက်စရာကောင်းပြီးတော့ အန္တရာယ်များလိုက်သလဲဆိုတာ။ ရှေးရိုးအစဉ်အလာနဲ့ ဓလေ့ထုံးတမ်းတွေကို စွဲလမ်းလွန်းခြင်းဟာ တကယ်တမ်းရော အစဉ်အမြဲအကျိုးရှိရဲ့လားဆိုတာ စဉ်းစားကြည့်ဖို့ ကောင်းတယ်နော်။

 

ရှေးလူကြီးတွေက ဒီလိုပဲ ပြောထားခဲ့ကြတာ။ ဒီတော့ ဒါဟာ အမှန်တရားပဲ . . .

“ဟုတ်မှ ဟုတ်ရဲ့လား” ဒီအယူအဆတွေက မှားများ မှားနေမလားဆိုပြီး တော့များ စောဒက တက်မယ် မကြံနဲ့ . . .

အမလေး . . .  ဒီလိုမျိုး မယုံကြည်တဲ့၊ သံသယဝင်တဲ့ ၊ မယုံသင်္ကာဖြစ်တဲ့ စကားတွေ မပြောတော့ဘူး။ လူကြီးတွေက ဒါဆိုရင် ဒါပဲပေါ့ . . .  ဘာလို့ မပြောကောင်း မလုပ်ကောင်း မတွေးကောင်းတာတွေ တွေးရသလဲဆိုပြီး ဖြစ်ကြရော။ နာမည်ကျော် စကားပုံလေးတစ်ခုတောင် ရှိသေးတယ်လေ . . . ။ “ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့” တဲ့။


ဦးဦးဆရာဝန်ဆီ ရောက်လာတဲ့ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေကိုပဲ ကြည့်ဦးလေ . . .  ။ ရှေးရိုးအစဉ်အလာ လူကြီးသူမတွေ အစဉ်အဆက်ပြောကြားခဲ့တဲ့  လူကြီးစကားတွေကို သူတို့တွေက လိုက်နာ နားထောင်ကြတယ်။ ကိုယ်ဝန်ဆောင်မိခင်ဆိုတာ အစားရှောင်ရမယ်။ နို့တိုက်မိခင်ဆိုတာ ပိုတောင်ဆိုးသေးတယ်။ မိခင်စားသမျှက သွေးထဲကတစ်ဆင့် ကလေးဆီ ရောက်သွားမှာ။ ဒါကြောင့် အသားတွေမစားနဲ့ ကလေးထွားလိမ့်မယ်။ ပဲတွေ ဟင်းသီးဟင်းရွက်တွေ ဥတွေ မစားနဲ့ ။ ကလေးလေပွတတ်တယ် . . .  မတည့်ဘူး။


ပြီးတော့ ကိုယ်ဝန်ရှိလာရင် ဗိုက်ထဲက ကလေးလေး အနေအထားမှန်ရမယ်။ အဲဒါကြောင့် ကိုယ်ဝန်ရှိရင် အနေအထားမှန်အောင် လက်သည်နဲ့ ဗိုက်ကို ပြင်ပြင်ပေးရတယ်။ ကလေး ကန့်လန့်ဖြစ်ရင် ကလေးဆုံပိုင်းနဲ့ ဦးတိုက်ရင် အန္တရာယ်များတာမို့ စောစောစီးစီး လှည့်ပေးရမယ်။ ကိုယ်ဝန်ဆောင်တွေဟာ ညနေခင်းကျ ရေမချိုးရဘူး ။ ညနေခင်းရေချိုးရင် ရေဆင်းတတ် ရေပေါင်တက်တတ်တယ်။


မီးတွင်း ကလေးမွေးပြီးသွားရင်လည်း ဆပ်ပြာမကိုင် ရေမကိုင်ရဘူး။ ထုံတတ် ကျဉ်တတ်တယ်။ အညစ်အကြေးတွေ သွေးပုတ်တွေထွက်သွားအောင် သွေးသန့်သွားအောင် ဗိုက်ကို အုတ်ပူထိုးရတယ်။ သွေးခွဲရတယ် . . .  စသည်စသည်ဖြင့် ရှေးရိုးအစဉ်အလာ လူကြီးစကားဆိုတာတွေကို ကိုယ်ဝန်ဆောင်မိခင်အများစုက နားထောင်လိုက်နာကြတာကို တွေ့ရတယ် သမီးရေ ။


 အဲသလို နားထောင်ကြရတဲ့ အထဲမှာ ဆရာဝန် ကိုယ်ဝန်ဆောင်မိခင်တွေတောင်ပါတယ်လို့ ဦးဦးပြောရင် သမီး ယုံမှယုံပါ့မလား။ အယူအဆ တစ်ခု အတွေးအခေါ်တစ်ခုဟာ ဟုတ်ရောဟုတ်ရဲကလား ။ မှန်ရောမှန်ရဲ့လား ၊ ဒါ မှားများမှားနေလား ။ ဘာကြောင့် ဒီလိုတွေ ပြောရသလဲ စသဖြင့် တွေးကြည့်တာ ။ စောဒက တက်ကြည့်တာ။ ဘာကြောင့်လဲဆိုတဲ့ အကျိုးနဲ့အကြောင်း အမှားနဲ့အမှန်ကို ဝေဖန်သုံးသပ်ကြည့်တာဟာ လုပ်သင့်သလား . . . မလုပ်သင့်ဘူးလား။

 

ဒီလိုများလုပ်တာဟာ လူကြီးသူမတွေကို မယုံကြည်ရာ စော်ကားရာ မလေးစားစရာများ ရောက်နေသလား . . . သမီး ဘယ်လိုထင်သလဲ။

 

ကိုင်း . . .  သမီးရေ အဲသလို ရှေးရိုးအစဉ်အလာ စကားတွေနဲ့ ပတ်သက်လို့ ဘယ်ပုံဘယ်နည်း စိတ်ထားရမလဲ ။ ရှေးလူကြီးတွေ ပြောခဲ့ကြတာပဲ ဆိုတဲ့စကားတွေ အတွေးအခေါ်ယုံကြည်ချက်တွေ နဲ့ ပတ်သက်လာရင် မဝေဖန် မစိစစ်နဲ့ မယုံမကြည်မလုပ်နဲ့။ မလုပ်ကောင်းဘူး ဆိုတဲ့ ဦးဦးတို့အားလုံး အရိုးစွဲအသားကျနေတဲ့ ထုံးတမ်းအစဉ်အလာတွေနဲ့ ပတ်သက်လို့ရော . . .

 

ဒီလိုမျိုး အယူအဆနဲ့ ပတ်သက်ပြီးတော့ ဦးဦးတို့အားလုံးရဲ့ ယုံကြည်ကိုးကွယ်အားထားရတဲ့ ဗုဒ္ဓရှင်တော်ဘုရားက ဘယ်ပုံဘယ်နည်း ဆိုဆုံးမခဲ့သလဲ ။ ဘာသာရေးသမိုင်းတစ်လျှောက်လုံးမှာ ထူးထူးခြားခြား ပြိုင်ဘက်ကင်းတဲ့ ကြားလိုက်ခါစမှာ မယုံကြည်နိုင်လောက်အောင် ဆန်းကြယ်တဲ့ နာမည်ကျော် သြဝါဒ စကားတစ်ခုရှိတယ် ။ သိသလား . . . သိရင်ပြောပြစမ်း။


Credit : ပါမောက္ခ ဒေါက်တာစိုးလွင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18