Print

သွေးပေါ်ခြင်းနှင့် ဆက်စပ်သော ကိုက်ခဲနာကျင်မှု

  04-May-2019
Preview Image

          “ သွေးပေါ်ခြင်းနှင့် ဆက်စပ်သော ကိုက်ခဲနာကျင်မှု ” အမျိုးသမီးထုအတွင်းမှာ တော်တော်အဖြစ်များတာ တွေ့ရပါလိမ့်မယ်။ အထူးသဖြင့် ဆယ်ကျော်သက်ကျောင်းသူအရွယ်တွေ၊ ခုနစ်တန်း၊ ရှစ်တန်း၊ ကိုးတန်း၊ ၁၀ တန်းအရွယ်တွေ၊ တက္ကသိုလ်ကျောင်းသူအရွယ်တွေနဲ့ ခပ်ငယ်ငယ် အိမ်ရှင်မတွေ များပါတယ်။ ဒီရောဂါက တခြားရောဂါအခံကြောင့် ဖြစ်တာကျရင် တချို့လည်း သွေးမဆုံးမချင်း ကြီးသည်အထိ တစ်လျှောက်လုံး ဖြစ်တာရှိတယ်။ သွေးပေါ်ရင် ကိုက်ခဲတယ်ဆိုတဲ့ ပြဿနာက ဆယ်ကျော်သက်လူငယ်ပိုင်း လူလတ်ပိုင်းတွေမှာ အဖြစ်များပါသည်။


          အကြမ်းဖျင်းအားဖြင့် တစ်လတစ်ခါ မီးယပ်သွေးသား ဓမ္မတာပေါ်ခြင်းဟာ အမျိုးသမီးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတစ်ခုပါ။ ဆေးသောက်ရလောက်အောင် အကိုက်အခဲက မရှိဘူးဆိုုသည့်တိုင်အောင် များသောအားဖြင့် အမျိုးသမီးတိုင်းမှာ တစ်မျိုးမဟုတ်တစ်မျိုး စိတ်အနှောင်အယှက်ဖြစ်စရာလေးတွေရှိတယ်။


          တချို့က ဗိုက်ကြီးပူပြီး ဗုန်းဗုန်းဗုန်းဗုန်းနဲ့ လေတွေ တင်းတာရှိတယ်။ တချို့က စိတ်ဓာတ်ကျသွားတာရှိတယ်။ တချို့က မျက်ကွင်းတွေ ညိုလာတာရှိတယ်။ တချို့က အဲဒီအချိန်ရောက်ရင် တအားစိတ်တိုလာတယ်။ တချို့ဆို စိတ်ဓာတ်ကျလွန်းလို့ မိမိကိုယ်မိမိ အဆုံးစီရင်ချင်စိတ်တောင် ပေါ်လာတယ်လို့ ဆိုပါတယ်။ ဒါတွေကို Premenstrual syndrome ပေါ့။ သွေးမပေါ်ခင်မှာ ဖြစ်တတ်တာတွေ။ ဒါပေမဲ့ အခုဆွေးနွေးမဲ့ကိစ္စက ဒီလိုကိုက်ခဲတာသည် ပစ်ထားလို့မရဘူး။ အောင့်အီးနေလို့မရဘူး။ နားဖို့လိုတယ်။ ခွင့်ယူဖို့လိုတယ်။ စုံစမ်းစစ်ဆေးဖို့ လိုတယ်ဆိုတဲ့ အမျိုးသမီးများကို အဓိကရည်ရွယ်တယ်။


          တကယ့်အစစ်အမှန် သွေးပေါ်လို့ ကိုက်ခြင်းက များသောအားဖြင့် ချက်ရဲ့အောက် ဆီးစပ်ပတ်ဝန်းကျင်အောက်ကို လျှောက်သွားတယ်။ ပေါင်နှစ်ဖက်စလုံး လျှောက်သွားတယ်။ ဒူးဆစ်နှင့် ဒူးခေါက်ကွေးလောက်အထိတော့ သိပ်မရောက်ပါဘူး။ ဒီနေရာတွေ အကိုက်ဆုံးပါ။ ဝမ်းဗိုက်အောက်ပိုင်းရယ်၊ တင်ပါးဆုံကြွက်သားတွေရယ်။ တင်ပါးဆုံရယ် ကိုက်ခဲပြီး အောက်အထိရွေ့သွားတယ်။


          သွေးပေါ်လို့ကိုက်ခြင်းကို အချိန်ကာလအားဖြင့် သုံးမျိုးခွဲပါတယ်။ နံပါတ်တစ် သွေးမပေါ်ခင် တစ်ရက်၊ နှစ်ရက်၊ သုံးရက်မှာ ကိုက်တဲ့အမျိုးအစားရှိတယ်။ နံပါတ်နှစ် - နှစ်ရက်တန်သည် သုံးရက်တန်သည် သွေးပေါ်သမျှ ကိုက်တဲ့အမျိုးအစားရှိတယ်။


          ဒီသုံးမျိုးမှာပဲ စတုတ္ထအမျိုးအစား ထပ်ထည့်လို့ရသေးတယ်။ အဲဒါက ဘာလဲဆိုရင် မပေါ်ခင်ရော ပေါ်နေတုန်းရော ပေါ်ပြီးရော တောက်လျှောက်ကိုက်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ဘယ်လိုအမျိုးအစားထဲမှာပါပါ၊ ဒီလို ကိုက်တာ သည်းခံမနေနိုင်ဘူး။ အအိပ်အစားပျက်တယ်၊ အလုပ်အကိုင်ပျက်တယ်၊ မိမိမှာရှိတဲ့ အလုပ်လုပ်နိုင်စွမ်းရည်များ အားလုံးလျှော့သွားတယ်ဆိုရင်တော့ ဆရာဝန်ပြသဖို့လိုပြီ၊ ဆေးဝါးကုသမှုလိုပြီလို့။ သွေးပေါ်လို့ကိုက်ခြင်းကို တခြားရောဂါရှိခြင်းမရှိခြင်းပေါ် မူတည်ပြီး အမျိုးအစားခွဲတာလည်း ကဏ္ဍတစ်ခုရှိသေးတယ်။ ဒီမှာတော့ Primary နဲ့ Secondary ဆိုပြီး နှစ်မျိုးနှစ်စား ခွဲခြားထားတယ်။ ပထမတစ်မျိုး Primary မှာ ဘာရောဂါမှမရှိဘဲနဲ့ သွေးပေါ်တာ ကိုက်တာချည်းဖြစ်တယ်။ ဒုတိယတစ်မျိုး Secondary ကတော့ တခြားရောဂါတစ်ခုခုနဲ့ အစွယ်အပွားအနေနဲ့ ဒုတိယအဆင့်အနေနဲ့ သွေးပေါ်ပြီး ကိုက်တာခဲတာ။


          Primary dysmenorrhea ပေါ်တိုင်းကိုက်ဆိုတဲ့ ဖြစ်ရပ်ကို လေ့လာကြည့်မယ်ဆိုရင် သားအိမ်မှာရှိတဲ့ ကြွက်သားတွေက မညှစ်သင့်ဘဲ အလွန်အမင်း ညှစ်တဲ့အတွက် သားအိမ်ကို သွေးထောက်ပံ့မှု နည်းသွားတယ်။ နည်းသွားတာကြောင့် သားအိမ်ကြွက်သား သွေးငတ်ပြီး နားတဲ့ကိုက်တဲ့ သဘောရှိတယ်။


          သားအိမ်အညှစ်လွန်ရတာ ဘာကြောင့်လဲဆိုရင် သားအိမ်ကို ညှစ်စေတဲ့ သတ္တိရှိတဲ့ ဓာတ်ပစ္စည်းတစ်ခုခုနဲ့ ထိတွေ့လို့ သားအိမ်က ညှစ်တာ၊ ဥပမာ - Oxytocin လို ဓာတ်ပစ္စည်းမျိုး။ အဲဒါမျိုးနဲ့ တွေ့လို့ သားအိမ်က ညှစ်တာ။ အဲဒီလို ဖြစ်ခြင်းရဲ့ အကောင်းဆုံးသာဓကကတော့ ပရိုတာဂလင်ဒင် Prostaglandin ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးဟာ သားအိမ်ကြွက်သားကို အရမ်းညှစ်စေပါတယ်။


            Primary dysmenorrhea ဆိုပြီး ဘာရောဂါမှ ရှာမတွေ့ဘဲ ပေါ်လို့ ကိုက်တဲ့လူနာတွေမှာ ဒီ ပရိုစတာဂလင်ဒင်က ဘာအကြောင်းကြောင့် ဘယ်ကဘယ်လိုထွက်လာမှန်းမသိဘူး။ ထွက်လာပြီး သားအိမ်ကြွက်သားတွေနဲ့ ထိတွေ့တယ်။ ထိတွေ့တဲ့အတွက်ကြောင့် သားအိမ်ကြွက်သားတွေက အလွန်အမင်းညှစ်တယ်။ ညှစ်လွန်းတော့ ကြွက်တက်သလိုမျိုးပေါ့။ အရမ်းနာတယ်။ ကိုက်တယ်။ တောင့်တယ်။ ဒါက ပရိုစတာဂလင်ဒင်ဆိုတဲ့ ဓာတ်ပစ္စည်းကြောင့်ဖြစ်တာ၊ ဒါက Primary dysmenorrhea ဖြစ်တဲ့ အပိုင်းပေါ့။


          Primary dysmenorrhea မီးယပ်သွေးပေါ်တဲ့အခါမှာ အပေါ်ပိုင်းကိုယ်ထည်ပိုင်းမှာ အတွင်းလွှာကွာကျပြီး စုလာတဲ့ သွေးတွေသည် သားအိမ်လည်တံ အပေါက်ကနေ ရှောရှောရှူရှူထွက်သွားရမယ်။ သို့ရာတွင် သားအိမ်လည်တံသည် မွေးရာပါကျဉ်းနေတာ ဖြစ်ချင်မှဖြစ်မယ်၊ ဒါမှမဟုတ် မွေးပြီးဖွားပြီးတော့ သားအိမ်လည်တံက စုတ်သွားလို့ အဲဒီနေရာမှာ အနာရွတ်တက်ပြီး သားအိမ်လည်တံ ကျုံ့သွားကျဉ်းသွားတာ ဖြစ်နိုင်တယ်။ ဒီလိုမျိုး ထွက်ပေါက်ကျဉ်းတဲ့အခါ မီးယပ်သွေးတွေသည် ရှောရှောရှူရှူ မထွက်နိုင်တော့ဘူး။ ထွက်ဖို့အတွက် သားအိမ်က ပိုအားစိုက်ပြီးတော့ ညှစ်တယ်။ ညှစ်တဲ့အခါ ကိုက်တာ နာတာဖြစ်တယ်။


          သားအိမ်ထဲမှာ အပျိုကြီးအလုံးခေါ်တဲ့ Fibroid ရှိနေတယ်။ ဒီ Fibroid သည် သူ့မွေးရာပါမဟုတ်ဘူး။ နောက်မှရောက်လာတာ။ နောက်မှရောက်လာတဲ့ အလုံးဆိုပြီး လူစိမ်း foreign body ဖြစ်တယ်လို့ ခန္ဓာကိုယ်က သတ်မှတ်တယ်။ သတ်မှတ်တော့ ဒီအလုံးကို အခွင့်အရေးရတိုင်း သားအိမ်တွင်းကနေ ထွက်ထုတ်သွားအောင် အမြဲတမ်း ညှစ်ထုတ်နေတယ်။ ဒါကြောင့် Fibroid အလုံးရှိနေသူများဟာ သွေးပေါ်ခါနီး၊ ပေါ်နေတုန်း၊ ပေါ်ပြီးအချိန်တွေမှာ ကိုက်တတ်ပါတယ်။


          တစ်ခါတစ်ရံမှာ သားဆက်ခြားအောင်၊ သားသမီးဝေးအောင်ဆိုပြီး သားအိမ်အတွင်းကို IUCD ဆိုတဲ့ ပစ္စည်းထည့်ကြပါတယ်။ ဒီလိုထည့်တဲ့အခါ IUCD ကို ကော့ပါးနဲ့လုပ်တာပဲထည့်ထည့်၊ ပလတ်စတစ်နဲ့လုပ်ပဲ ထည့်ထည့်၊ ဒါဟာ သူ့ကိုယ်ပိုင်ပစ္စည်းမဟုတ်ဘူး။ သူ့အသွေးအသား မဟုတ်ဘူး။ foreign body ပဲဖြစ်တယ်လို့ သားအိမ်က သတ်မှတ်ပြီးတော့ ဒီသားအိမ်က IUCD ထွက်သွားအောင်လို့ အခွင့်အရေးရသမျှ ညှစ်ထုတ်နေတယ်။ ညှစ်ထုတ်နေတော့ သွေးပေါ်ခါနီး၊ ပေါ်တုန်းနဲ့ ပေါ်ပြီးအချိန်တွေမှာ ကိုက်ပါတယ်။


          နောက်တစ်ခုက သားအိမ်ထဲမှာ မဟုတ်ဘူး။ သားအိမ်နဲ့မဆိုင်ဘူး။ ပြင်ပကဖြစ်တာကြောင့် ကိုက်တာ၊ အဆိုးဆုံးက သားဥမှာ Endometriosis ခေါ်တဲ့ ရောဂါဖြစ်တာ၊ သားဥထဲမှာ ပုန်းရည်ကြီးလို အရည်စုပြီး အလုံးဖြစ်တယ်။ တစ်ခါတစ်ရံ လိမ္မော်သီးလောက်၊ ကျွဲကောသီးလောက် အလုံးတွေ ဖြစ်လာတဲ့အခါ သူ့ရဲ့တည်ရှိမှုကြောင့် သွေးပေါ်တဲ့အခါမှာ အလွန်ကိုက်တယ်။


          ထူးထူးခြားခြားဖြစ်တဲ့ လက္ခဏာတွေက သူ့ကြောင့် ဒီလိုကိုက်လို့ရှိရင် သွေးမပေါ်ခင်နဲ့ ပေါ်ပြီးအချိန်တွေမှာ မကိုက်ဘဲနဲ့ သွေးမြင်နေတုန်း၊ ပေါ်နေတုန်းမှာ တော်တော့်ကို သိသိသာသာကြီး ကိုက်တယ်။ ဒါကြောင့် လူနာဆီက ရောဂါရာဇဝင်ယူတဲ့အခါမှာ မပေါ်ခင်ကိုက်တာ မဟုတ်ဘူး။ ပေါ်ပြီး ကိုက်တာမဟုတ်ဘူး။ တကယ့် သွေးပေါ်နေတဲ့အချိန်မှာ ကိုက်တယ်ဆိုရင် သားဥကနေဖြစ်တဲ့ Endometriosis ကို မုန်းလို့ရတယ်။


           Endometriosis ကတော့ သားဥမှာတင် မကပါဘူး။ သားဥအပြင်ဘက်မှာလည်း တချို့နေရာတွေမှာ ဖြစ်နေတာပဲ။ ကိုယ်ထဲမှာ Endometriosis ဆိုတဲ့ ရောဂါရှိရင် ဘယ်နေရာမှာပဲရှိရှိ ကိုက်တာပါပဲ။ ဒါလေးကို အမျိုးသမီးများ သိထားဖို့လိုတယ်။

 

Credit: ပါမောက္ခမြင့်မောင်မောင်

(သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီး)

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18