Print

ပျိုမေတို့ လစဉ်ဓမ္မတာမှန်စေမယ့် သဘာဝနည်းလမ်း (၅) သွယ်

  29-Apr-2019
Preview Image

          ပျိုမေတို့အတွက် လစဉ်ဓမ္မတာမှန်ဖို့ဆိုတာ အရေးကြီးပါတယ်။ လစဉ်ဓမ္မတာပုံမှန်လာတာဟာ ခန္ဓာကိုယ်ထဲက ဟော်မုန်းအတက်အကျစည်းချက် ညီမျှနေတာကို ရည်ညွှန်းတဲ့အပြင် အမျိုးသမီးဆိုင်ရာ မီးယပ်ရောဂါအမျိုးမျိုးကနေ ကင်းဝေးနေတယ်လို့လည်း ယူဆရနိုင်ပါတယ်။ ဒါပေမယ့် တချို့သော ပျိုမေတွေ ဓမ္မတာ ပုံမှန်မလာပါဘူး။ ဒါဟာ ဟော်မုန်းအပြောင်းအလဲတွေ၊ စိတ်ဖိစီးမှုပြဿနာတွေ၊ ရောဂါအမျိုးမျိုးတွေကြောင့် ဖြစ်တတ်ပါတယ်။

          ပျိုမေတို့အတွက် လစဉ်ဓမ္မတာပုံမှန်လာစေမယ့် သဘာဝနည်းလမ်းလေးတွေ ရှိပါတယ်။ လိုက်နာလုပ်ဆောင်ရတာလည်း အပန်းမကြီးတဲ့အပြင် ဒီနည်းလမ်းတွေက ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။


(၁) ယောဂ လေ့ကျင့်ခန်း လုပ်ပါ။

          ယောဂလေ့ကျင့်ခန်းလုပ်ဆောင်ခြင်းက ဓမ္မတာဆိုင်ရာပြဿနာအတွက် ထိရောက်တဲ့နည်းလမ်းတစ်ခုလို့ တွေ့ရှိရပါတယ်။ လေ့လာချက်တွေအရ တစ်ပတ်ကို ၅ ရက်၊ တစ်ရက်ကို ၃၅ မိနစ်ကနေ ၄၀ မိနစ်အထိ ယောဂလေ့ကျင့်ခန်းလုပ်ဆောင်သူတွေဟာ ဓမ္မတာမမှန်စေတဲ့ပြဿနာတွေ လျော့နည်းလာတယ်လို့တွေ့ရပါတယ်။ ဒါ့အပြင် ယောဂလေ့ကျင့်ခန်းလုပ်ဆောင်သူတွေဟာ ဓမ္မတာလာနေတဲ့အချိန် နာကျင်ကိုက်ခဲတဲ့ဝေဒနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ အခုမှ ယောဂစလုပ်မယ့်သူတွေအတွက် ယောဂသင်တန်းတွေအပြင် ယောဂလေ့ကျင့်ခန်းဗီဒီယိုတွေနဲ့ လေ့ကျင့်ပေးနိုင်ပါတယ်။


(၂) ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

          ကိုယ်အလေးချိန်များနေတာက ကျန်းမာရေးရှုထောင့်ကကြည့်ရင် ကောင်းကျိုးမရှိပါဘူး။ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ချေများတဲ့အပြင် အမျိုးသမီးတွေမှာဆိုရင် ဓမ္မတာပုံမမှန်ခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။ အဲဒီလိုပဲ ကိုယ်အလေးချိန်ပမာဏအများကြီးကို အချိန်တိုတိုလေးနဲ့ချလိုက်တာဆိုရင်လည်း ဓမ္မတာစက်ဝန်းက ကမောက်ကမဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားဖို့က အရေးကြီးပါတယ်။ ကိုယ့်ရဲ့အရပ်နဲ့အလိုက် သင့်တော်တဲ့ကိုယ်အလေးချိန်ကို သတ်မှတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေ စားပါ။ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး ကိုယ်အလေးချိန်ကို သင့်တော်တဲ့ပမာဏအထိ ဖြည်းဖြည်းချင်းစီ ထိန်းသိမ်းလျှော့ချပေးသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေက ကိုယ်အလေးချိန်ကို ချပေးမယ့်အပြင် ဓမ္မတာစက်ဝန်းကိုလည်း မှန်စေမှာ ဖြစ်ပါတယ်။

 

(၃) ဂျင်းကို အမယ်စုံ အသုံးပြုပါ။

          ဂျင်းကို ဓမ္မတာမှန်စေဖို့ ရိုးရာနည်းလမ်းအနေနဲ့ အသုံးပြုကြတယ်ဆိုတာ တော်တော်များများသိကြပါတယ်။ ဂျင်းဟာ ဓမ္မတာကို ပုံမှန်ဖြစ်စေသလားဆိုတာ သိပ္ပံနည်းကျအထောက်အထားတွေကို လေ့လာနေဆဲပါ။ ဒါပေမယ့် ဂျင်းက ဓမ္မတာသွေးဆင်းများတာကို ထိန်းညှိလျော့နည်းစေပြီး ဓမ္မတာလာနေတဲ့အချိန်မှာ ကိုက်ခဲတာကိုလည်း သက်သာစေတယ်လို့ တွေ့ရပါတယ်။ ဒါ့အပြင် ရိုးရာနည်းလမ်းအနေနဲ့ ဟင်းအမယ်တွေမှာ ဂျင်းကို ထည့်သုံးကြပြီး သူချည်းသပ်သပ်ကိုလည်း စားသုံးကြာတာက ဓမ္မတာစက်ဝန်းကို ပုံမှန်ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဓမ္မတာမမှန်တဲ့ပျိုမေတွေအဖို့ ဂျင်းပါဝင်တဲ့ ဟင်းလျာတွေကို စားသုံးပေးနိုင်ပါတယ်။


(၄) ဗီတာမင်အားဆေးတွေ သောက်ပါ။

          ဗီတာမင် ဒီ အားနည်းခြင်းက ဓမ္မတာစက်ဝန်းကို ပုံမမှန်ဖြစ်စေတယ်လို့ လေ့လာချက်တစ်ခုအရ တွေ့ရပါတယ်။ ဗီတာမင် ဘီအုပ်စုဟာလည်း ဓမ္မတာစက်ဝန်းကို ပုံမှန်ဖြစ်စေပြီး ကလေးရဖို့ အထောက်အကူပြုတယ်လို့လည်း တွေ့ရပါတယ်။ ဒါ့အပြင် ဓမ္မတာမလာခင် နာကျင်ကိုက်ခဲဝေဒနာတွေကို ဗီတာမင် ဘီအုပ်စုက လျော့နည်းစေတယ်လို့ တွေ့ရပါသေးတယ်။ ဒါကြောင့် ဗီတာမင် ဒီ ပါဝင်တဲ့ အစားအစာတွေ၊ နေ့စဉ်သောက်အားဆေးတွေကို သောက်သုံးပေးသင့်တဲ့အပြင် ဗီတာမင် ဘီအုပ်စုတွေ ပါဝင်တဲ့ အားဆေးတွေကိုလည်း နေ့စဉ်မှီဝဲပေးသင့်ပါတယ်။


(၅) စိတ်ဖိစီးမှုကို လျော့နည်းအောင်နေပါ။

          နောက်ဆုံးမှာထားပေးမယ့် အရေးအကြီးဆုံးတစ်ခုလည်းဖြစ်တဲ့ အကြောင်းအရာက စိတ်ဖိစီးမှုပါ။ စိတ်ဖိစီးမှုများလေ ဓမ္မတာပုံမမှန်ဖြစ်ပြီး လာရမယ့်ရက်ကို ကျော်သွားလေလေပါပဲ။ စိတ်ဖိစီးမှုကို သဘာဝနည်းလမ်းတွေနဲ့ လျှော့ချရတာပါ။ အလုပ်ကြောင့် စိတ်ဖိစီးမှုများတာ၊ ဆက်ဆံရေးတွေကြောင့် စိတ်ဖိစီးမှုများတာတွေကို လျှော့ချပေးသင့်ပါတယ်။ သီချင်းနားထောင်တာ၊ တရားထိုင်တာ၊ ဘာသာစကားလေ့လာတာ၊ ပန်းခြံမှာလမ်းလျှောက်တာ၊ အိမ်မွေးတိရစ္ဆာန်လေးနဲ့ အချိန်တူတူကုန်ဆုံးတာတွေက စိတ်ဖိစီးမှုတွေကို လျော့နည်းစေနိုင်ပါတယ်။ စိတ်ဖိစီးမှုနည်းပြီး စိတ်လက်ပေါ့ပါးလေလေ ဓမ္မတာရက်တွေဟာ ပုံမှန်ဖြစ်လာလေလေဆိုတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

ဒေါက်တာကောင်း

Ref: Healthline.com

          



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18