Print

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ပြဿနာ

  30-Jan-2019
Preview Image

ကာကွယ်ရေးနောက်ကွယ်က ဒဿနအထွေထွေ

 ၁၄ နှစ်သမီးက သူ့အစ်မဆီမှာ မှီခိုနေရတာပေါ့။ သူတို့ညီအစ်မက မိဘမဲ့ပါ။ အစ်မက ပြည့်တန်ဆာလုပ်ပါတယ်။ အစ်မရဲ့ ဖောက်သည်က ၁၄ နှစ် သမီးကို မုဒိန်းကျင့်ရာကစပြီး ကိုယ်ဝန်ပြဿနာ ပေါ်ပေါက်ရတာပါ။ ဒီကိစ္စကို ဖြေရှင်းဖို့က နည်းနည်းရှုပ်ထွေး ခက်ခဲပါတယ်။ ပြဿနာဖြေရှင်းသူတို့ရဲ့ ရည်ရွယ်ချက်ကဘာလဲဆိုတာ ဦးစွာ ကွဲပြားသင့်ပါတယ်။ ဆယ်ကျော်သက် ကိုယ်ဝန်တားဆီးရေး ရည်ရွယ်ချက်နဲ့လား။ ဆယ်ကျော်သက်တွေကို လိင်ဆက်ဆံတာ တားဆီးတဲ့ရည်ရွယ်ချက်လား ဆိုတာကို ပြန်မေးရပါမယ်။ ရည်ရွယ်ချက်ကွဲပြားရင် လုပ်နည်းလုပ်ဟန်လည်း ကွဲပြားပါတယ်။ 

 

အမေရိကန်မှာဆိုရင်လည်း ဆယ်ကျော်သက်ကိုယ်ဝန်ကိစ္စက တော်တော်ပြဿနာတက်နေတယ်။ ဆယ်ကျော်သက် အလယ်တန်းကျောင်းသူ၊ အထက်တန်းကျောင်းသူတွေ ကလေးမွေးကြတာ ခဏခဏပဲလို့ သိရပါတယ်။ အမေရိကန် တာဝန်ရှိသူတွေလည်း တော်တော်ဦးနှောက်ခြောက်ပါတယ်။


 ဒါပေမဲ့ သူတို့ဆီက လူနေမှုဘဝဟန်က အပျိုလူပျိုဘဝမှာ လိင်ဆက်ဆံတာပြဿနာမရှိဘူး။ HIV မကူးရင်၊ ကိုယ်ဝန်မရရင် ပြဿနာမကြီးပါဘူး။ အရွယ်မရောက်သူနဲ့ လိင်ဆက်ဆံလို့ ဥပဒေနဲ့ ငြိတာကတော့ တစ်ပိုင်းပေါ့။ သို့သော် ၁၄ နှစ်သမီးနဲ့ လိင်ဆက်ဆံသူက ၁၄ နှစ်သားဖြစ်နေရင် ဥပဒေနဲ့ အရေးယူဖို့ ခက်နေပြန်ရော။ တစ်ဖန် ၁၃ နှစ်သမီး ကလေးမွေးရင် အဲဒီကလေးကို ဘယ်သူကျွေးမွေးမလဲဆိုတာ နည်းနည်းခက်တဲ့ ပြဿနာပါ။ တစ်ခါက ၁၃ နှစ်သားနဲ့ ၁၃ နှစ်သမီး လိင်ဆက်ဆံပြီး ကလေးမွေးလို့ ၁၃ နှစ်သားရဲ့ ဖေဖေ ၃၈ နှစ်က သားရော၊ ချွေးမရော၊ မြေးကိုရော တာဝန်ယူရတော့ နည်းနည်း ကသိကအောက် ဖြစ်ပါတယ်။

 

သူတို့ဆီက ကျန်းမာရေးပညာရှင်တွေရဲ့ သုတေသနရလဒ်တွေအရ ဆယ်ကျော်သက်ကို လိင်ဆက်ဆံခြင်း မပြုရလို့ တားတာနဲ့စာရင် ကွန်ဒုံးဝေပြီ ပညာပေးတာ ပိုထိရောက်တာတွေ့ရပါတယ်။ ဒီတော့ ကွန်ဒုံးဗျူဟာကို အားကိုးနေရပါတယ်။


ရည်ရွယ်ချက်က ဆယ်ကျော်သက်လိင်ဆက်ဆံခြင်းကို တားတဲ့ရည်ရွယ်ချက်မျိုးဆိုရင်ရော။ အောင်မြင်နိုင်လား။

 ရှေးခေတ်ခါအချိန်ကာလနဲ့ ရှေးရိုးစွဲ အယူအဆရှိတဲ့အချိန်များမှာ မိန်းကလေးတွေ ကျောင်းတက်လေ့မရှိဘူး။ ဥပမာ မြန်မာရှင်ဘုရင်လက်ထက်က ဘုန်းကြီးကျောင်းသားဆိုတာပဲ ကြားဖူးတယ်။ ဘုန်းကြီးကျောင်းသူရယ်လို့မှ မကြားဖူးတာ။ မိန်းကလေးက ကိုယ့်အိမ်မှာကိုယ်နေပြီး ပညာသင်လေ့မရှိတဲ့ ဓလေ့မျိုးလည်း ရှေးရိုးစွဲဓလေ့မှာရှိပါတယ်။ 

 ဒီတော့ ရှေးရိုးစွဲအယူအဆ ကျင့်သုံးတဲ့ နိုင်ငံမှာ ဆယ်ကျော်သက် လိင်ဆက်ဆံမှု တားမြစ်မှု ရည်ရွယ်ချက်ဟာ အောင်မြင်မှုရာနှုန်းများပါတယ်။ အမေရိကန်လို ခေတ်ရှေ့ပြေးနိုင်ငံမှာ ဒီရည်ရွယ်ချက် အောင်မြင်ဖို့ မလွယ်ဘူး။ မိန်းကလေးအားလုံး ကျောင်းတက်ပြီး လွတ်လပ်နေကြတဲ့အခါ လိင်ဆက်ဆံမှုကို တားရန်မလွယ်ပါဘူး။


ဒါဆိုရင် ရှေးရိုးစွဲဓလေ့က ကောင်းတယ်လို့ ဆိုလိုတာလား။

 ရှုထောင့်အမျိုးမျိုးရှိလို့ ကျယ်ပြန့်လွန်းပါတယ်။ စိတ်ပညာရှင် MASLOW ရဲ့ သီအိုရီအရ လူရယ်လို့ဖြစ်လာရင် အခြေခံလိုအပ်ချက်က 

• အသက်ရှူရန် လေ

• သောက်ရန် ရေ

• အစားအစာ 

• လိင်မှုကိစ္စရယ်လို့ ရှိပါတယ်။

MASLOW ရဲ့ သီအိုရီအရ အပျိုဖော်၊ လူပျိုဖော်ဝင်ပြီးရင် လိင်ဆက်ဆံလိုပါတယ်။ ဒါပေမဲ့ ရှေးရိုးစွဲဓလေ့မှာပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ချပေးတာရှိတယ်။ ဥပမာ - မဟတ္တမဂန္ဒီဆိုရင် ၁၂ နှစ်သားမှာ အိမ်ထောင်ချပေးခြင်း ခံရပါတယ်။ ဒီတော့ ဆယ်ကျော်သက် လိင်ပြဿနာကို ဓလေ့ထုံးတမ်း အလိုလိုဖြေရှင်းပြီးသား ဖြစ်သွားတာမျိုးလည်း ရှိပါတယ်။

 

ခက်တာတစ်ခုက ရှေးရိုးစွဲလည်းမဟုတ် ခေတ်ရှေ့ပြေးလည်းမဟုတ်၊ ဟိုမရောက် ဒီမရောက်တဲ့ ကာလ၊ ဒေသမှာဆိုရင်တော့ နည်းနည်းခက်တယ်။ ဥပမာ ယခင်တုန်းကတော့ ရှေးရိုးစွဲ ဓလေ့ပဲ။ ဒါပေမဲ့ အင်တာနက်တွေ ပေါ်လာတော့ လိင်မှုကိစ္စသတင်း၊ ဗွီဒီယိုဓာတ်ပုံတွေ ပေါ်လာတော့ ခေတ်ရှေ့ကို နည်းနည်းရောက်လာပါတယ်။ ဒါပေမဲ့ လုံးလုံးကြီး ခေတ်ရှေးရောက်တာလည်း မဟုတ်တော့ အမေရိကန်မှာလို ကွန်ဒုံးဝေလို့လည်းမဖြစ်၊ မဟတ္တမဂန္ဒီတို့လို ၁၃ နှစ်နဲ့ အိမ်ထောင်ချပေးလို့လည်း မဖြစ်ဘဲ ဆယ်ကျော်သက် ကိုယ်ဝန်ဖျက်နှုန်းတွေ အရေအတွက်များနိုင်ပါတယ်။


ရှေ့မရောက် နောက်မရောက်တဲ့ ကာလ၊ ဒေသတွေမှာ ဘယ်လိုဗျူဟာ ကျင့်သုံးသင့်လဲ။

ဒီကိစ္စကို ဆယ်ကျော်သက်မိန်းကလေးမိဘတွေ ဆုံးဖြတ်ရပါမယ်။ မိဘတွေကို မေးခွန်းမေးရမှာက သမီးမိန်းကလေးတွေရဲ့ (၁) အပျိုစင်ဘဝကို ကာကွယ်ချင်တာလား။ (၂) HIV နဲ့ ဆယ်ကျော်သက် ကိုယ်ဝန်ကို ကာကွယ်ချင်တာလား။ ဆိုတာပါပဲ။ အပျိုစင်ဘဝ ကာကွယ်ချင်တာဆိုရင်တော့ သမီးကို မိဘမျက်စိအောက်မှာ ထားသင့်တယ်။ တစ်ရပ်တစ်ကျေးမှာ ဘော်ဒါသွားထားရင် မသင့်ဘူး။ ကျောင်းကြိုကျောင်းပို့ မိဘတွေ ကြပ်မတ်ရမယ် ရည်းစားမထားနိုင်အောင် သတိပြုရမယ်ပေါ့ဗျာ။ တစ်ရပ်တစ်ကျေးကို ပညာသင်လွှတ်မယ်ဆိုရင်တော့ ဖိုမဆေးပညာ၊ လိင်ပညာ သုတစာအုပ်တွေ ဖတ်စေသင့်တယ်လို့ ပြောချင်ပါတယ်။ 


Credit: Dr. Winnie

Ref: Dr. ထွန်းဝင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18