Print

သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုကာကွယ်ကြမလဲ

  28-Jan-2019
Preview Image

သားအိမ်ခေါင်းကင်ဆာဟာ  ကြီးထွားမှုနှုန်းကွေးပြီး ရောဂါနုစဉ်မှာ လက္ခဏာမပြတတ်တဲ့အတွက် အန္တရာယ်များတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ ရောဂါထိန်းချုပ်ရေးဌာန(Centers for Disease Control)ရဲ့အဆိုအရ အမေရိကမှာ တစ်နှစ်လျှင် အမျိုးသမီးပေါင်း ၁၁၀၀၀ ယောက်ဟာ သားအိမ်ခေါင်းကင်ဆာ ခံစားနေရတယ်လို့ စစ်ဆေးတွေ့ရှိရပြီး ထိုအမျိုးသမီးတွေထဲက တစ်ချို့တစ်လေမှာ ကုသဖို့နောက်ကျသွားတဲ့ အဆင့်ထိဖြစ်သွားတတ်ပါတယ်။


ဘယ်အရာတွေက သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်သလဲ

သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်သော အဓိကအကြောင်းအရင်းမှာ Human Papillomavirus (HPV)ကြောင့်ဖြစ်ပါတယ်။ HPV ဟာ လိင်မှတစ်ဆင့်ကူးစက်တတ်ပြီး တွေ့ရများတဲ့ ပိုးတစ်မျိုးဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ အားလုံးရဲ့ ၉၃% မှာ HPVပိုးကိုတွေ့ရပါတယ်။


ပိုးတစ်မျိုးထဲနဲ့တော့ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေဖို့မလုံလောက်ပါဘူး ။ အခြားသောအကြောင်းအရာတွေလဲ ကျန်ပါသေးတယ်။

• ဆေးလိပ်သောက်ခြင်း

• အာဟာရချို့တဲ့ခြင်း

• ကိုယ်ခံစွမ်းအားမကောင်းခြင်း

• ကိုယ်ဝန်ဆောင်ရခြင်း တို့က အထက်ပါအကြောင်းအရာတွေထဲမှာပါဝင်ပါတယ်။


HPV ပိုးရှိတိုင်း သားအိမ်ခေါင်းကင်ဆာကိုမဖြစ်စေပါဘူး။ခန္ဒာကိုယ်က ကိုယ်ခံအားကောင်းတယ်ဆိုရင် ရောဂါပိုးကို တိုက်ထုတ်နိုင်ပါတယ်။ HPV ပိုးရှိတဲ့သူများထဲမှ အနည်းငယ်မှာသာ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားတာပါ။အောက်ပါအချက် များကို လိုက်နာခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကို ကာကွယ်နိုင်ပါတယ်။


၁။ သားအိမ်ခေါင်းအချွဲမြှေး ပုံမှန်စစ်ဆေးပါ။

သားအိမ်ခေါင်းအချွဲမြှေးကို ပုံမှန်စစ်ဆေးခြင်းကြောင့် မူမမှန်သော သားအိမ်ခေါင်းဆဲလ်များကို စောစော တွေ့ရှိနိုင်ပြီး ကင်ဆာအဆင့်သို့မကူးပြောင်းမီ ကုသမှုခံယူနိုင်ပါတယ်။အမျိုးသမီများအနေနဲ့ အသက် ၂၁နှစ်မှာ စတင်ပြီး သုံးနှစ်တစ်ကြိမ် သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးသင့်ပြီး အသက် ၃၀ ကျော် HPV ပိုးမရှိလျှင်တော့ ငါးနှစ်တစ်ကြိမ်စစ်ဆေးသင့်ပါတယ်။ ဒါ့အပြင် အမျိုးသားနဲ့ အတူနေပြီးနောက်သွေးထွက်တယ်ဆိုရင် သားဖွားမီးယပ်အထူးကုနဲ့ပြသသင့်ပါတယ်။


၂။ ကာကွယ်ဆေးထိုးပါ။

HPV ပိုးအတွက် ကာကွယ်ဆေးရှိပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရန်အတွက် HPVကာကွယ်ဆေးထိုးခြင်းဟာ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ အမျိုးသမီးများအနေနဲ့ အသက် ၁၁ နှစ် ၁၂ နှစ်အရွယ်မှ စတင်ပြီး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးစတင်ထိုးနိုင်ပြီး အသက်၁၃ နှစ်မှ ၂၆ နှစ်အတွင်း အမျိုးသမီးများသည်လည်း သားအိမ်ခေါင်းကင်ဆာ စစ်ဆေးပြီး မရှိပါက ကာကွယ်ဆေးထိုးနိုင်ပါတယ်။


၃။ လိင်ဆက်ဆံရာတွင် အကာအကွယ်သုံးပါ။

လေ့လာချက်များအရ လိင်ဆက်ဆံဖက်များသည့် အမျိုးသမီးများသည် HPV ပိုးကူးစက်နိုင်ခြေများသောကြောင့် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေပိုများလာတာကိုတွေ့ရပါတယ်။လိင်ဆက်ဆံတဲ့အခါမှာ အကာအကွယ် ကွန်ဒုံးအသုံးပြုခြင်းက HPVပိုးကူးစက်နိုင်ခြေကို လျော့ကျစေနိုင်တဲ့အတွက် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရာမှာ အထောက်အကူပေးပါတယ်။ သို့သော်လည်း ကွန်ဒုံးမဖုံးအုပ်ထားတဲ့ နေရာ တွေမှတစ်ဆင့် HPVပိုးကူးစက်နိုင်တဲ့အတွက် HPVပိုးကာကွယ်ဆေးကိုလည်းထိုးထားသင့်ပါတယ်။


၄။ဆေးလိပ်မသောက်ပါနှင့်

ဆေးလိပ်သောက်ခြင်းက သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေကို နှစ်ဆပိုမိုမြင့်တတ်စေနိုင်ပါတယ်။လေ့လာချက်တွေအရ ဆေးလိပ်မှာပါဝင်တဲ့ ပစ္စည်းတွေဟာ သားအိမ်ခေါင်းဆဲလ်များကို ကင်ဆာဆဲလ်အဖြစ်ပြောင်းလဲစေနိုင်တဲ့အတွက် သားအိမ်ခေါင်းကင်ဆာ မဖြစ်ပွားစေရန်အတွက် ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။


Credit : Dr.Aung



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18