Print

ကိုယ်ဝန်ဆောင် မိခင်လောင်းများ သတိပြုစရာများ

  26-Sep-2018
Preview Image

မြန်မာမှုနယ်ပယ်တွင် “ယောက်ျား ဖောင်စီး၊ မိန်းမ မီးနေ”ဟူ၍ ဆိုရိုးစကား ရှိခဲ့သည်။ မျက်မှောက်ကာလတွင်မူ ခေတ်မီတိုးတက်သော ဆေးပညာရပ်များ ဖြစ်ထွန်းပေါ်ပေါက်လာသဖြင့် ကလေး မျက်နှာမြင်ခြင်းသည် သာမန်ကိစ္စရပ်တခုသဖွယ် ဖြစ်လာသည်။ ထိုကဲ့သို့ မွေးဖွားသန့်စင်ခြင်း မပြုမီ မိခင်ဝမ်းအတွင်း ကိုးလလွယ်နေသည့် ကာလအတွင်း မိခင်လောင်းတို့ ကျန်းမာရေးအသိတရားဖြင့် ဆင်ခြင်နေထိုင်တတ်ရန် လိုပေမည်။ သို့မှသာ ဆယ်လဖွားသည့် အချိန်တွင် မိခင်ရော ကလေးပါ ကျန်းကျန်းမာမာ ရှိနိုင်မည် ဖြစ်သည်။


ကိုယ်ဝန် စတင်ရှိသည့်အချိန်မှ မွေးဖွားသန့်စင်သည်အထိ ကိုးလတာ ကာလအတွင်း ကြိုတင်ခန့်မှန်းတွက်ဆမှုများ၊ နီးစပ်ရာတို့၏ ကောင်းနိုးရာရာ အကြံပေးမှုများဖြင့် ရှုပ်ထွေးနေလေ့ရှိသည်။ ကိုယ်ဝန်ဆောင် အရက်မသောက်ရ၊ ဆံပင် ဆေးမဆိုးရ၊ ဒိန်ခဲမစားရ စသည့် အမျိုးမျိုးအဖုံဖုံသော အကြံပြု ပြောဆိုမှုများကြောင့် သို့လော သို့လောဖြင့် တွေဝေမနေဘဲ၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများ မည်သည့်ကိစ္စမျိုးကို ရှောင်သင့်သည်၊ မည်သည့်ကိစ္စမျိုးကို ဆောင်သင့်သည်ဟု သဲသဲကွဲကွဲ သိရှိနိုင်စေရေး ဆေးသုတေသနပြုချက်အရ နောက်ဆုံး တွေ့ရှိချက်များကို ရှာဖွေတင်ပြအပ်ပါသည်။


ကြိုတင်ပြင်ဆင်ပါ

ကိုယ်ဝန်ဆောင်ပြီး သုံးပတ်မှ ခြောက်ပတ်အတွင်း မွေးဖွားခြင်းကို အနှောင့်အယှက်ဖြစ်စေသော ကိစ္စရပ်များ စတင်ပေါ်ပေါက်လေ့ရှိသည်။ သို့ဖြစ်၍ ကိုယ်ဝန်မဆောင်မီကပင် ကြိုတင်ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ထားရပါမည်။ ရင်သွေးရယူမည်ဟု ဆုံးဖြတ်ပြီးပါက သန္ဓေတားခြင်းကို မရပ်မီ နှစ်လခန့်မှစ၍ နေ့စဉ် ဖောလစ်အက်စစ် ၄ဝဝ မိုက္ကရိုဂရမ် ပါဝင်သော ဗီတာမင်ကို မှီဝဲရမည်။ ဆေးဖက်ဝင် အပင်တို့ဖြင့် ဖော်စပ်ထားသော ဆေး Herbal Formula ကို သောက်သုံးခြင်းမှ ရှောင်ရှားရမည်။ မိခင်လောင်းသည် ဝက်သက်၊ ရေကျောက်ရောဂါတို့မှလည်း ကင်းစင်ရန် လိုမည်။ သို့မဟုတ်ပါက ကလေးမွေးဖွားချိန်တွင် အခက်အခဲ အန္တရာယ်များ ကြုံတွေ့ရနိုင်သည်။


ကိုယ်အလေးချိန်တိုးခြင်း

မိခင်လောင်းသည် ဗိုက်ထဲရှိ ကလေးအတွက် အပိုဆောင်းစားရန် မလိုအပ်ပါ။ ဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ ပေးပို့သော ၂ဝဝ၂ ခုနှစ် အစီရင်ခံစာတွင် မိခင်လောင်းသည် ကိုယ်ဝန်ရှိပြီး ပထမ သုံးလအတွင်း အစားအသောက် ပိုစားရန် မလိုအပ်သေးကြောင်း၊ ကိုယ်ဝန်ဆောင်ခြင်းကြောင့် နဂိုကတည်းက ဝသော အမျိုးသမီးသည် ၁၅ ပေါင်မှ ၂၅ ပေါင်၊ သာမန် အမျိုးသမီးသည် ၂၅ ပေါင်မှ ၃၅ ပေါင်၊ ပိန်သော အမျိုးသမီးသည် ၂၈ ပေါင် မှ ၄ဝ ပေါင်အထိသာ ပေါင်ချိန်တိုးသင့်ပြီး ၎င်းထက် ကိုယ်အလေးချိန်မတိုးစေသင့်ကြောင်း ဖော်ပြထားသည်။


အစားအစာ

ပြဒါးဓာတ် ပါဝင်မှုမြင့်မားသော ငါးများဖြစ်သည့် ငါးမန်း၊ ဓားရှည် နှုတ်သီးငါး Sword Fish  ၊ မက်ကရယ်ငါး King  mackerel  နှင့် ငါးမဲလုံး စသည့်ငါးများကို စားသုံးခြင်းကြောင့် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေသဖြင့် ကိုယ်ဝန်ဆောင် မိခင်များမှ ရှောင်ရှားသင့်ကြောင်း၊ အမေရိကန်နိုင်ငံ အစားအသောက်နှင့်ဆေးဝါးဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့ကြီးမှ သတိပေး ထားသည်။ ၎င်းအပြင် ပိုးမသတ်ထားသော ဒိန်ချဉ်နှင့် အသင့်စားဖွယ်များကို စားသောက်ခြင်းဖြင့် အစာအဆိပ်ဖြစ်စေသော ရောဂါပိုးသည် ကိုယ်ဝန်ဆောင် မိခင်လောင်း၏ အချင်းသို့ ရောက်ရှိပြီး ဒုက္ခဖြစ်စေနိုင်သည်။ ပင်လယ်အစားအစာများကို အစိမ်း စားသုံးခြင်းဖြင့်လည်း အသည်းရောင်၊ အသားဝါရောဂါပိုးများ ကူးစက်ဝင်ရောက်နိုင်သည်။ မြေပဲသည် ပရိုတိန်းဓာတ် ကြွယ်ဝသဖြင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများ စားသုံးသင့်သော်လည်း အချို့ ဓာတ်မတည့်သူများအတွက်မူ ရှောင်ရှားသင့်သည်။


သောက်သုံးခြင်း

ကိုယ်ဝန်ဆောင် မိခင်လောင်းများ အန္တရာယ်မဖြစ်စေရန် အများဆုံး သောက်သုံးနိုင်သည့် အရက်ပမာဏကို သုတေသနပြု ဖော်ပြထားသော်လည်း မိခင်လောင်းများ အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါက အကောင်းဆုံး ဖြစ်သည်။ မိခင်လောင်းများသည် ကဖီး(န်)ဓာတ် ပါဝင်မှုနည်းသော ကော်ဖီကိုသာ သောက်သုံးသင့်ပြီး ကဖီး(န်)ဓာတ် ပါဝင်သော ကော်ဖီကို သောက်သုံးပါကလည်း တနေ့လျှင် တခွက် နှစ်ခွက်ခန့်သာ သောက်သုံးသင့်သည်။


ဆေးဝါး အသုံးပြုမှု

သားဖွားနှင့် မီးယပ်ဆိုင်ရာ ကျွမ်းကျင်သူများက ကိုယ်ဝန်ဆောင်နေသည့် ကာလအတွင်း ဆေးဝါးသောက်သုံးမှုကို ရှောင်ရှားနိုင်ပါက ရှောင်ရှားကြရန် အကြံပြုပြီး အက်(စ)ပရင်၊ အိုင်ဗျူပရိုဖင်ကဲ့သို့သော ဆေးဝါးတွေကို အသုံးမပြုမီ ဆရာဝန်နှင့် အရင်ဆွေးနွေးသင့်ကြောင်း သတိပေးပြောဆိုသည်။


ဘဝနေမှုပုံစံ

မကြာသေးမီက ထုတ်ဝေသော သားဖွားနှင့်မီးယပ်ဆိုင်ရာ အစီရင်ခံစာအရ လေကြောင်းဖြင့် ခရီးသွားခြင်းသည် ဓာတ်ရောင်ခြည်သင့်မှုကို ဖြစ်စေနိုင်ကြောင်း၊ ဆံပင်ဆေးဆိုးခြင်း၊ လက်သည်း အရောင်တင်ခြင်းတို့ကို ပြုလုပ်နိုင်ကြောင်း၊ သို့သော် ဆေးလိပ်မသောက်ရန်နှင့် ဆောင်နာ Saunas ဟုခေါ်သော အပူပေးထားသည့် အခန်းတွင်း ချွေးအောင်းခြင်းတို့ကို မဆောင်ရွက်သင့်ကြောင်း၊ ထိုကဲ့သို့ ပြုလုပ်ပါက သန္ဓေသား ပျက်ကျစေနိုင်ကြောင်း သိရှိရသည်။


စိုးရိမ်ရန်မလိုပါ

ကမ္ဘာတဝန်းလုံးတွင် ကလေးငယ်အများစုမှာ ကျန်းမာစွာဖြင့် မွေးဖွားသန့်စင်လျက် ရှိနေပြီး ခေတ်မီဆေးပညာနှင့် လက်လှမ်းမမီသော ကျေးလက်တောရွာများတွင်လည်း သူ့အရပ်နှင့် သူ့ဇာတ် ဆိုသလို မိခင်နှင့်ကလေးပါ ကျန်းမာစွာဖြင့် မွေးဖွားလျက်ရှိကြသည်။ သို့သော် သတိမမူမိသော အချက်များကို သိရှိဆင်ခြင် နေထိုင်ခြင်းဖြင့် မိခင်ရော ကလေးပါ အဖိတ်အစင်မရှိဘဲ ရာနှုန်းပြည့် ကျန်းကျန်းမာမာဖြင့် မွေးဖွားသန့်စင်နိုင်မည် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပေသည်။


Credit : အောင်ဇင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18