Print

ကိုယ်ဝန်ဆောင်စဉ် သွေးဆင်းခြင်း

  17-Sep-2018
Preview Image

ကိုယ်ဝန်ဆောင် ကာလ မိန်းမကိုယ်မှ သွေးနည်းနည်းစီ တစ်စက်စက်ချင်း ဆင်းတတ်ပါတယ်။ အများအားဖြင့် ကိုယ်ဝန် အစောပိုင်းကာလမှာ ဖြစ်တတ်ပြီး ဆင်းတဲ့ သွေးပမာဏ မများရင် စိုးရိမ်စရာ မရှိပါဘူး။ ဒါက ကိုယ်ဝန် အစောပိုင်းမှာ အဖြစ်များတတ်တဲ့ လက္ခဏာ တစ်ရပ်ဖြစ်ပြီး အနားယူလိုက်ရင် ပျောက်သွားတတ်ပါတယ်။


ဘယ်အချိန် ဘယ်လို အခြေအနေတွေမှာ ဆရာဝန်ဆီ အမြန် သွားပြသင့်ပါသလဲ။

ကိုယ်ဝန်ဆောင် ကာလ မိန်းမကိုယ်မှ သွေးဆင်းတာက အန္တရာယ်ရှိတဲ့ အကြောင်းရင်းကြောင့် ဖြစ်လာရင်၊ ဒါမှမဟုတ် သွေး ဆင်းတဲ့အထဲမှာ သွေးခဲတွေနှင့် အသားစ တစ်သျှူးတွေ ပါလာရင် ဆရာဝန်၊ ဆရာမ အစရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေဆီ အခြေအနေကို အမြန် သွားပြသပြီး စောစီးစွာ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုကို ခံယူသင့်ပါတယ်။

ကိုယ်ဝန် အစောပိုင်း ကာလ (ကိုယ်ဝန် ပထမ သုံးလအတွင်း) တစ်နေ့တာ အတွင်း မှာ မိန်းမကိုယ်မှ သွေးတစ်စက်စက်ချင်း ဆင်းနေတာ ဆင်းလိုက်၊ ပျောက်လိုက် ဖြစ်နေ တာမျိုး ကြုံလာရင် သင့်ကို ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ပေးနေတဲ့ ဆေးရုံ၊ ဆေးခန်း ကျန်းမာရေး ဌာနမှ ဆရာဝန်၊ ဆရာမ (သို့) ကျန်းမာရေး ဝန်ထမ်းဆီ သွားရောက် ပြသ ပြောကြားပါ။

အထိုင် အထများတဲ့ လှုပ်ရှားမှု ခန္ဓာကိုယ် အောက်ပိုင်း အသုံးများရတဲ့ လှုပ်ရှားမှုတွေ ကို လျှော့ချပြီး သက်သောင့် သက်သာ အနေအထားနှင့် တတ်နိုင်ရင် အိပ်ရာထဲ လဲလျောင်းပြီး နားနားနေနေ နေပါ။ တကယ်လို့ နည်းနည်းစီ သွေးဆင်း နေရာကနေ တဖြည်းဖြည်း သွေးဆင်း များလာတာ၊ တစ်သျှူးစ၊ အသားစတွေ ပါလာတာမျိုး ကြုံတွေ့လာရရင်၊ ဆီးစပ် အောက်ပိုင်းနှင့် ဝမ်းဗိုက် ကြွက်သား နာကျင် တောင့်တင်း လာတာတွေ ဖြစ်လာရင်၊ အဖျားဝင်ပြီး ချမ်းတုန်တာမျိုး ဖြစ်လာရင် မနှေး ချက်ချင်း ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မယ့် ဆေးရုံ ၊ ဆေးခန်း၊ ကျန်းမာရေး ဌာန တစ်ခုခုစီကို အမြန် သွားရောက်ပြီး လိုအပ်တဲ့ ကုသမှုကို စောစောစီးစီး ခံယူပါ။

ဒုတိယ ကိုယ်ဝန်ဆောင်ကာ (ကိုယ်ဝန် သုံးလမှ ခြောက်လ အတွင်း) ဒီကာလ မှာ အများအားဖြင့် အချင်း ကွာကျတာ၊ ကလေး အနေအထား မမှန်တာ၊ အချင်း အနေအထား မမှန် အောက်မှာ ရှိနေတာတွေကြောင့် သွေးဆင်းတတ်ပြီး နာရီ အနည်းငယ် ကြာသည် အထိ သွေးဆင်းတာ မရပ်ခဲရင် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ပေးသူထံ ဆက်သွယ် ထားပါ။

တကယ်လို့ တစ်ရက်ထက် ပိုကြာသည်အထိ သွေးဆင်းနေပြီး ဆီးခုံ တစ်ဝိုက်နှင့် ဝမ်းဗိုက် ကြွက်သား နာကျင် ကိုက်ခဲတာ၊ တောင့်တင်းတာ၊ အဖျားဝင်ပြီး ချမ်းတုံနေတာမျိုး အပြင် သားအိမ် ကြွက်သား ဆန့်၊ ကျုံ့ လှုပ်ရှားမှုတွေ ပါလာရင် နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်း၊ ကျန်းမာရေး ဌာန ဆီသွားပြီး လိုအပ်တဲ့ ကုသမှုကို စောစောစီးစီး ခံယူပါ။


Credit: Sheri (U.N.O.Ygn)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18