Print

သဘာဝနည်းလမ်းအတိုင်း ကလေးမွေးသည့် မိခင်များ လိုက်နာသင့်သော အချက် (၁၀) ခ...

  17-Jan-2018
Preview Image

ကိုယ်ဝန်ဆောင်ထားတဲ့ ကိုးလတာအတွင်း ခန္ဓာကိုယ်ပြောင်းလဲမှုနဲ့ စိတ်နေစိတ်ထား ပြောင်းလဲမှုတွေကြောင့် အခက်အခဲတွေ ကြုံတွေ့နေရပေမယ့် ကလေးမွေးဖွားပြီးတဲ့အခါမှာ မိမိကလေးကို ကိုယ်လက်အင်္ဂါအစုံအလင်နဲ့ မြင်ရတဲ့အခါမှာ အဲဒါတွေ အားလုံးမေ့ပျော်ကသွားပြီး ပျော်ရွှင်သွားကြပါတယ်။ သင့်အနေနဲ့ သဘာဝ နည်းလမ်းအတိုင်းပဲ မွေးမွေး၊ ဗိုက်ခွဲပြီးပဲမွေးမွေး နှစ်မျိုးစလုံးမှာ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ ရှိကြပါတယ်။


ဒါပေမဲ့ သဘာဝနည်းလမ်းအတိုင်း ကလေးမွေးခဲ့ရင်တော့ သင့်ခန္ဓာကိုယ်က အပြောင်းအလဲ ပိုဖြစ်တတ်ပါတယ်။ ကလေးမွေးဖို့အတွက် ခန္ဓာကိုယ်က ကြိုတင် ပြင်ဆင်ရသလို ကလေးမွေးပြီးတဲ့အခါမှာလည်း ပုံမှန် ပြန်ဖြစ်ဖို့အတွက် အချိန်ပေးရပါတယ်။ သဘာဝ အတိုင်း မွေးထားတဲ့ မိခင်တွေက မွေးပြီးစ တစ်ပတ်အတွင်းမှာ မိမိကိုယ်မိမိအထူးဂရုစိုက်ဖို့ လိုပါတယ်။ ဒီအချိန်ဟာ ကိုယ်ဝန်ဆောင်ချိန် ၊ မွေးဖွားချိန်နဲ့ မွေးပြီး နောက်ပိုင်း ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကို ပုံမှန်အတိုင်းပြန်ဖြစ်အောင် အားစိုက်ရတဲ့ အချိန်ပဲဖြစ်ပါတယ်။ ကလေးမွေးပြီး မွေးလမ်းကြောင်းဒဏ်ရာကျက်ဖို့ ၊ သင်နဲ့ သင့်ကလေးငယ် ကျန်းမာရေး ကောင်းမွန်ဖို့အတွက်ကိုပဲ အာရုံထားသင့်ပါတယ်။ အောက်ပါတို့ဟာ သဘာဝအတိုင်း ကလေးမွေးဖွားတဲ့ မိခင်တွေအနေနဲ့ လိုက်နာသင့်တဲ့ အချက် ၁၀ ပဲဖြစ်ပါတယ်။


ကောင်းကောင်းအနားယူပါ၊ အိပ်ပါ။

 မွေးပြီးစကလေးငယ်ကို စောင့်ရှောက်ရတာက သင်နေ့စဉ်လုပ်နေကျ ရုံးအလုပ်တွေထက် တာဝန်ပိုကြီးပါတယ်။ မိခင်အနေနဲ့ ကောင်းကောင်းအနားယူပြီး ကောင်းကောင်းအိပ်နိုင်ဖို့ အရေးကြီးပါတယ်။ အိပ်တာက ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးအတွက် အရေးကြီးသလို မိခင်ဖြစ်စသူတွေအတွက်လည်း မိမိကလေးကို ကောင်းမွန်စွာ ကြည့်ရှုနိုင်အောင် ကူညီနိုင်ပါတယ်။ အိပ်ရေးမဝတဲ့ မိခင်တွေက စိုးရိမ်စိတ်နဲ့ စိတ်ကျဝေဒနာဖြစ်နိုင်ခြေမြင့်မားပါတယ်။ ဒါကြောင့် ကလေးငယ်အိပ်တိုင်း သင်လိုက်အိပ်ပါ။ ညအိပ်ချိန်မှာ သင်ရဲ့ ခင်ပွန်းကို ကလေးအနှီးတစ်လှည့်လဲခိုင်းပါ။


ရေခဲကပ်ပါ။

မွေးလမ်းကြောင်းဝမှာ ရောင်ရမ်းတာ ဒါမှမဟုတ် နာကျင်တာတွေဖြစ်နေရင် အဲဒီနေရာကို ရေခဲကပ်ပေးပါ။ ရေခဲကြောင့် ထုံကျဉ်သွားတဲ့အပြင် ရောင်ရမ်းတာနဲ့ နာကျင်တဲ့ ဝေဒနာပါ သက်သာ သွားနိုင်ပါတယ်။ ရာသီခံဂွမ်း (Pad) ပေါ်မှာ ရေအနည်းငယ်လောင်းပြီး ရေခဲတဲ့နေရာမှာ ခဲအောင်ပြုလုပ်ပေးပါ။ ပြီးရင် အဝတ်ပါးနဲ့ ပတ်ပြီး အသုံးပြုနိုင်ပါတယ်။ ရေတစက်စက်ထွက်မကျအောင် ဒိုက်ပါ (Diaper) ဝတ်ထားပါ။ အဝတ်နဲ့ပတ်ထားတဲ့ ရေခဲတုံးကို အနာပေါ်တိုက်ရိုက် တစ်ကြိမ်ကို ၅-၁၀ မိနစ်နှုန်းနဲ့လည်း မကြာခဏ ကပ်ပေးနိုင်ပါတယ်။


ရေနွေးဇလုံပေါ်ထိုင်ပါ။

ကလေးမွေး ပြီးနောက်ပိုင်း သားအိမ်နေရာမှာ နာကျင်နေတာက သင်ရဲ့ သားအိမ်က ပုံမှန်အနေအထားရောက်အောင် ပြန်ကျံု့နေရတာကြောင့်ပါ။ သဘာဝအတိုင်းမွေးတဲ့ မိခင်တွေအနေနဲ့ ကလေးအထွက်လွယ်အောင် မွေးလမ်းကြောင်းအနည်းငယ်ခွဲပေးရတာ ဒါမှမဟုတ် စုတ်ပြဲသွားတာ တွေဖြစ်နိုင်ပြီး ဒီလိုဖြစ်ခဲ့ရင် အနာကျက်ဖို့ အချိန်ယူရပါတယ်။ အနာကြောင့်လည်း နာကျင်နိုင်ပါတယ်။ ဒါကြောင့် ချုပ်ရိုးကြောင်းတွေကို တတ်နိုင်သမျှ သန့်စင်အောင် ထားပေးရပါမယ်။ ချုပ်ရိုးသန့်စင်အောင်နဲ့ အနာကျက်အောင် ရေနွေးငွေ့ဇလုံပေါ်မှာ ဆောင့်ကြောင့်ထိုင်သင့်ပါတယ်။


ဝမ်းသွားပြီးတိုင်းနဲ့ တစ်နေ့သုံးကြိမ် ရေနွေးထည့်ထားတဲ့ ဇလုံပေါ်မှာဆောင့်ကြောင့်ထိုင်ပေးပါ။ ဆီးသွားပြီးတိုင်း ရေနွေးနွေးနဲ့ ဒဏ်ရာနေရာကို ပက်ဆေးပါ။


Kegel လေ့ကျင့်ခန်းလုပ်ပါ။

သဘာဝအတိုင်း ကလေးမွေးဖွားပြီး ပုံမှန်အတိုင်း အမြန်ပြန်ဖြစ်အောင် တင်ပဆုံကွင်းကြွက်သားတွေ သန်မာဖို့လိုအပ်ပါတယ်။ ဒီကြွက်သားတွေ သန်မာပါမှ ကလေးမွေးစဉ်မှာ ဆွဲဆန့်ခံထားရတဲ့ မွေးလမ်းကြောင်းက အမြန်ပြန်ကျက်နိုင်မှာပါ။ ကလေးမွေးပြီး နှစ်ပတ်အကြာမှာ တင်ပဆုံကွင်းကြွက်သား သန်မာဖို့အတွက် kegel လေ့ကျင့်ခန်းကို စတင်ပြုလုပ်ပါ။


ဆီးသွားစဉ်မှာ ဆီးရပ်သွားအောင် ကြွက်သားတွေ ကျံု့ထားရတဲ့ လေ့ကျင့်ခန်းပါ။ ၁၀ မိနစ်လောက် ကျံု့ပြီး ၁၀ စက္ကန့်အကြာ ပုံမှန်ပြန်ထားပါ။ တစ်ကြိမ်ကို ၁၀ - ၁၅ ခါနှုန်းနဲ့ တစ်နေ့ကို နှစ်ကြိမ် ၊ သုံးကြိမ်ပြုလုပ်ပေးပါ။ ထိုင်နေရင်း ၊ အိပ်နေရင်း ၊ လမ်းလျှောက်နေရင်းနဲ့လည်း ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းပါ။


လိပ်ခေါင်ဂရုစိုက်ပါ။

သဘာဝအတိုင်းပဲမွေးမွေး ၊ ဗိုက်ခွဲပြီးပဲမွေးမွေး ၊ မွေးပြီးနောက်ပိုင်းမှာ တချို့တွေက လိပ်ခေါင်းဖြစ်တတ်ကြပါတယ်။ လိပ်ခေါင်းကြောင့် ဝမ်းသွားတဲ့အခါမှာ အလွန်အမင်းနာကျင်နိုင်ပါတယ်။ တချို့အမျိုးသမီးတွေက နာနေတဲ့အတွက် ဝမ်းမသွားဘဲ အောင့်ထားတတ်ကြတာကလည်း ဒဏ်ရာကျက် နှေးစေနိုင်ပါတယ်။ ဒါကြောင့် ကလေးမွေးဖွားပြီး လိပ်ခေါင်းရောဂါ မရရှိအောင် -

- လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ များများစားပေးပါ။

- အမျှင်ဓာတ်များစွာ ပါဝင်တဲ့အစာနဲ့ ကောက်နှံတစ်ခုလုံး ပါဝင်စာစားပေးပါ။

- ရေများများသောက်ပါ။

- ကော်ဖီနဲ့ ဆော်ဒါပါဝင်တဲ့ ဖျော်ရည်တွေ ရှောင်ပါ။

- ဝမ်းချုပ်နေရင် ဝမ်းပျော့ဆေးကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်ပါ။

- လိပ်ခေါင်းထွက်စပြုပါက လိပ်ခေါင်းပျောက်ခရင်မ် လိမ်းပေးပါ။


ရာသီခံဂွမ်းထုပ်အရှည် အမျိုးအစားကိုသုံးပါ။

ဘယ်လိုပဲမွေးမွေး ကလေးမွေးပြီး နောက်ပိုင်းမှာ သွေးဆင်းတာက ပုံမှန်ပါပဲ။ မွေးပြီးသွေးဆင်းအရည်ကို Lochia လို့ခေါ်ပြီး နှစ်ပတ်မှ ခြောက်ပတ်အထိ ကြာနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ သားအိမ်တွင်းထည့် ဂွမ်းပစ္စည်းကို အသုံးမပြုသင့်ပါဘူး။ Pad အရှည်အမျိုးအစားကိုသာ သုံးသင့်ပါတယ်။


ချုပ်ရိုးရာကို ဂရုစိုက်ပါ။

သဘာဝအတိုင်းမွေးတဲ့ မိခင်တိုင်း ချုပ်ရိုးရှိချင်မှ ရှိမှာပါ။ ချုပ်ရိုးရှိခဲ့ရင် ချုပ်ရိုးမျာ ရောဂါပိုးမဝင်အောင် သန့်သန့်ရှင်းရှင်းထားဖို့ လိုအပ်ပါတယ်။ ချုပ်ရိုးတွေက သုံးပတ်အတွင်း သူ့အလိုလိုအသားထဲ ပျော်ဝင်သွားပါလိမ့်မယ်။ သန့်စင်ထားတဲ့ ပုလင်းထဲ ရေနွေးထည့်ပြီး အိမ်သာသွားတိုင်းယူသွားကာ ယင်းရေနဲ့ ဒဏ်ရာကို ဆေးကြောပါ။ ရေများများသောက်ပေးပါမှ သင့်ဆီးက အရောင်ဖျော့သွားပြီး ဆီးသွားတိုင်း နာကျင်မှု နည်းနိုင်ပါတယ်။


သားမြတ်နာကျင်နေလျှင်

ကလေးမွေးပြီးနောက်ပိုင်း သင့်သားမြတ်က နို့ရည်တွေ စတင်ထုတ်လုပ်ပေးပါပြီ။ မိခင်နို့တိုက်တာက မွေးကင်းစကလေးငယ်အတွက် အကျိုးရှိရုံမက သင့်ကို ပုံမှန်ပြန်ဖြစ်အောင်လည်း ကူညီပေးနိုင်ပါတယ်။ မွေးပြီးပြီးချင်းမှာ သင့်နို့အုံတွေ တင်းလာပြီး နာကျင်နေတဲ့ အတွက် ကလေးကို နို့တိုက်ဖို့ အခက်အခဲဖြစ်နိုင်ပါတယ်။ နို့အုံနာမဖြစ်အောင် ကလေးငယ်ကို ကြိုးစားပြီး နို့တိုက်ပါ။ ဒါမှမဟုတ်ရင် နို့စုပ်ခွက်နဲ့ ညှစ်ပေးပါ။ နို့အုံတင်းတာပျောက်ပြီး နို့စီးသန်အား ကောင်းအောင် နို့အုံပေါ်မှာ ရေနွေးကပ်ပေးနိုင်ပါတယ်။ သင့်နို့ခေါင်းနာကျင် နေရင်တော့ ကလေးနို့စို့တာ မမှန်ကန်တာကြောင့်ပါ။ နားလည်တတ်ကျွမ်းတဲ့သူနဲ့ သင်ယူပါ။


ရောဂါပိုးဝင်ရောက်မှုရှိ ၊ မရှိစစ်ဆေးပါ

ကလေးမွေးပြီးတဲ့အခါမှာ ရောဂါပိုးဝင်ရောက်ခဲ့ရင် အနာကျက်နှုန်း နှေးကွေးနိုင်ပါတယ်။ သဘာဝအတိုင်း ကလေးမွေးဖွားသူတွေအနေနဲ့ အနာချုပ်ရိုး၊ သားအိမ်နဲ့ ဆီးအိတ်တွေမှာ ရောဂါပိုးအလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ ချုပ်ရိုးမှာ ရောဂါပိုးဝင်နေရင် အနာက ပိုနာနေတတ်ပြီး ချုပ်ရိုးတစ်ဝိုက် ပြည် အဝါရည် ဒါမှမဟုတ် အစိမ်းရောင် ပြည်တွေရှိနေတတ်ပါတယ်။ သားအိမ်မှာ ရောဂါပိုးယင်နေရင်တော့ ထင်ရှားတဲ့ လက္ခဏာက သွေးဆင်းတဲ့အနံ့က ပုပ် စော်နံ နေတတ်ပါတယ်။ ဆီးအိတ်မှာ ရောဂါပိုးဝင်နေရင် ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်တာ၊ မကြာခဏဆီးသွားတာ၊ ဆီးမအောင့်နိုင်တာလိုမျိုး လက္ခဏာ ပြတတ်ပါတယ်။


အထက်ပါလက္ခဏာတွေ ရှိနေရင် ဆရာဝန်နဲ့ ချက်ချင်းပြသပါ။


သင့်စိတ်ခံစားမှု တည်ငြိမ်ပါစေ

ကလေးမွေးပြီးနောက်ပိုင်း အမျိုးသမီးတွေအနေနဲ့ စိတ်ခံစားမှု များလွန်းတတ်ပါတယ်။တစ်ခါတလေမှာ ဒီစိတ်ခံစားမှုတွေက အဆိုးမြင်ဘက်ကို ရောက်နေနိုင်ပါတယ်။ ဒါ့အပြင် ကလေးငယ်အတွက် တာဝန်ယူရတာကြောင့် သင့်အနေနဲ့ စိတ်ကျတာတွေ။ စိုးရိမ်စိတ်များတာတွေ ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ဒီလက္ခဏာတွေက ခဏတာဖြစ်တတ်တဲ့အတွက် စိုးရိမ်စရာတော့မလိုပါဘူး။ ကလေးမွေးပြီး နှစ်ပတ်ကျော်ကြာတဲ့အထိ စိတ်ဓာတ်ကျနေခဲ့ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါပြီ။


Credit : ဒေါက်တာခင်မိုးမိုး




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18